ညောင်းပင်ပေါ်က လင်ဗန်း။
သရဲ အကြောင်းတွေ မရေးတော့ဘူးလား”
“သရဲ အကြောင်းတွေ အသစ်တင်ပါအုံး… ကိုဇူး” ဆိုတာတွေ ခဏခဏ ပြောကြလွှန်းလို့  ကျွန်တော် အခု ဒါလေးကို ရေးလိုက်တာပါ။ အမှန်တော့ ဟုတ်ပါတယ်။ ကိုယ်ဆိုဒ်မှာ အမြဲတမ်း Post တွေ
အသစ်တတ်နေဖို့ဆိုတာ ဆိုဒ်ပိုင်ရှင်ရဲ့ တာဝန်ပါ။ ကျွန်တော် တာဝန်မကျေပါ ဟီး။ ရေးမယ် ရေးမယ်နဲ့ အီလေးဆွဲနေတာလည်း ပါသပေါ့ဗျာ။ အခုတော့  ပျက်ကွက်ခဲ့ သမျှ အောက်ပါ Post နဲ့ ပြန်ဖြည့် ပါရစေ။
မှတ်မှတ်ရရ လွန်ခဲ့ တဲ့ ၂ နှစ်လောက်ကပါ။ ကျွန်တော် သူငယ်ချင်း (အလင်း)ရဲ့ အဖေက မေမြို့ အလွန်၊ မဟာအံ့ထူးကံသာ ဘုရားနားမှာရှိတဲ့ သူ့ရဲ့ခြံဟောင်းတစ်ခုကို ပြန်ဖေါ်တယ်။ ဥယျာဉ်ခြံစိုက်ဖို့လေ။ အဲဒီခြံက ၀ယ်ထားတာတော့ ကြာပါပြီ။ ဒါပေ့မယ် လူမနေ သူမနေဆိုတော့ဗျာ တော်တော်ကို ခြံက ရှုပ်နေတာ။ အဲဒါနဲ့ သူခြံကို ရှင်းဖို့ အရေး ကျွန်တော် ရန်ကုန်မှာ ရှိနေတဲ့ ကျွန်တော်ကို လှမ်းခေါ်တယ်။ ကျွန်တော်ကလည်း အားနေတဲ့ အချိန်ဖြစ်တော့ သွားကူတယ် ဆိုပါတော့ ။ မကူလို့လည်း မဖြစ်ပြန်ဘူးခင်ဗျ။ သူက ကျွန်တော် ငယ်ငယ်ကတည်းက အမွေစား၊ အမွေခံ အဖြစ် မွေးစားထားတာ။ တော်ကြာ သူခေါ်တာ မလာရ ကောင်းလားဆိုပြီး ကျွန်တော်ကို အမွေဖြတ်လိုက်မှ ဟီး ။ ကျွန်တော်က သူ့ကို “ပါးပါး” ပဲခေါ်တယ်။ သူ့မိန်းမကို “မားမား” ခေါ်တယ်။ မွေးစားတယ်ဆိုပေ့မယ့်လည်း အဖေအရင်းလို၊ အမေအရင်းလိုဖြစ်နေပါပြီ။ ပြီးတော့  “ပါးပါး” ရော၊ “မားမား”ေ၇ာက အသက်ကြီးနေပြီ။ သူတို့ အနေနဲ့ ခြံအလုပ်တွေ၊ အကြမ်းပတမ်းတွေ မလုပ်သင့်တော့ဘူး ထင်လို့ သွားတာလည်းပါတယ်။
သူ ကျွန်တော်ကို ခေါ်ရတဲ့ အကြောင်းရင်းက ဒီလိုဗျ။
သူ့တစ်ယောက်တည်း ခြံရှင်း၊ အပင်စိုက်၊ အလုပ်သမား ဦးစီးဆိုရင် မေမြို့ မှာ ရှိနေတဲ့ သူ့ရဲ့ အလုပ်တွေလည်း လစ်ဟင်းတယ်။ ပြီးတော့ ခြံထဲမှာ အပင်စိုက်ရင် ညအိပ်၊ ညနေ နေဖို့ကြတော့လည်း သူက မိန်းမနဲ့ သမီးနဲ့ဆိုတော့
အဆင်မပြေပြန်ဘူး။ အနော် ငဇူးကို ခေါ်လိုက်ရင် အဲဒါတွေ အားလုံးအဆင်ပြေတယ်။ သူက ခြံအတွတ် ကုန်ကျတဲ့ငွေ
ထုတ်ပေးယုံပဲလေ။ ကျန်တာက ကိုယ့်ဘာသာ ကိုယ်ဦးစီးသွားလို့ရတယ်။ ပြီးတော့  ကျွန်တော်ရောက်နေတယ်။ ခြံလုပ်နေတယ်ဆိုရင်လည်း သူငယ်ချင်းတွေက ၀ိုင်းကူကြမှာ။ အလုပ်သမားခ သိပ်ကုန်စရာမလိုဘူး။ ကျွန်တော်ပန်းခြံထဲက လူတွေကိုခေါ်ခိုင်းလို့တောင်ရတယ်။ အများဆုံးရှင်းရ တပတ်ပေါ့ဗျာ။ ။ လူများရင်ပြောပါတယ်။
လူနည်းနည်းနဲ့ ရှင်းရင် သေရချည်ရဲ့ ။
အဲဒီခြံရဲ့ တည်နေရာက မိုက်တယ်ဗျ။ ဥယျာဉ်ခြံလုပ်ချင်တဲ့ သူတွေအတွတ် တော်တော်ကို အဆင်ပြေတဲ့နေရာပါ။ မန်းလေး-လားရှိုး ကားလမ်းမကြီးဘေးမှာရှိတယ်ဗျာ။ ပြီးတော့ တောင်ကုန်းလေးအတိုင်း ခပ်ပြေပြေလေး အောက်ဘက်ကို ဆင်းသွားတယ်။ အရမ်းမိုက်တယ်။ ခြံထဲမှာလည်း အရိပ်ရအပင်တွေ အများကြီး၊ မနက်ခင်းတွေဆို စိမ့်နေအောင်ချမ်းတာ။
တော်တော်ကို နေချင်စရာနေရာလေးပါ။ တစ်ခုပဲ ဆိုးတယ်။ ခြံရဲ့ ဟိုဘက်က သင်္ချိုင်းကုန်းပါ ။ ဟီး။ အခုတော့ အဲဒီ သင်္ချိုင်းကုန်း ပျောက်ပြီး ခြံအသစ်တွေ၊ ဘာတွေ ဖြစ်နေပါပြီ။
ဒီလိုနဲ့ ခြံကို စရှင်းတဲ့ နေမှာ လူကတော်တော်ပင်ပန်းတယ်ခင်ဗျ။ ခြံပတ်ပတ်လည် ၀ါးတိုင်တွေ ကာထားတယ်။ နှစ်တွေကြာတော့ ဆွေးကုန်ပြီ။ အဲဒါတွေ အကုန် အစကနေ အဆုံးအရင်ပြန်လုပ်။ ပြီးတော့ ခြံထဲမှာ ရှိနေတဲ့ အောက်ခြေရှုပ်သော ပေါင်းမြက်တွေ အကုန်လိုက်ရှင်းနဲ့ တစ်ပတ်ကျော်ကျော်မှ ခြံက ပြီးတယ်။ သူငယ်ချင်းတွေလည်း ၀ိုင်းကူလို့ပါ။ မဟုတ်ရင် မလွယ်ဝူး။ ဘယ်က ဘယ်က နွယ်ပင်တွေမှန်းလည်း မသိ။ အဲဒါတွေလိုက်ရှင်းရတာပဲ တော်တော်ကြာတယ်။ အမြစ်ရှိတဲ့နေရာတွေထိ သွားပြီး မြေလှန်ပစ်ရတယ်။ တော်ကြာ ကိုယ်သီးပင်၊စားပင် စိုက်ပြီးမှ ပြန်ပေါက်လာလို့  ကိုယ့်ရှိတဲ့ဟာ ကုန်ရချည်ရဲ့ :D ။
ခြံကို ရှင်းနေတဲ့ ရက်သတ္တပတ်ကာလလုံးဟာ ကျွန်တော် ခြံထဲမှာပဲ အိပ်၊ ခြံထဲမှာပဲ စားတာ။ ထမင်းဟင်းကိုတော့ အလင်းက လာပို့ပေးတယ်။ အဲဒီမှာ ကျွန်တော် သတိထားမိတာက စစခြံရှင်းတဲ့ ရက်ကတည်းက ကျွေးလိုက်တဲ့ဟင်းဗျာ။ သက်သက်လွတ်ချည်းပဲ။ ပဲဟင်း၊ ပဲငပိ၊ မုန်လာဥဟင်းချို။ အကြော်တွေကျပြန်တော့လည်း ပဲပင်ပေါက်ကြော်၊ ပန်းပွင့်ကြော်၊ စသဖြင့်ပေါ့ဗျာ။ အသီးအရွက်တွေချည်း လိမ့် ကျွေးတာ။ စစခြင်းနေ့တွေကတော့ သိပ်မသိသာဘူးပေါ့ဗျာ။
ရန်ကုန်မှာက ဒီလို အသီးအရွှက် ခုခူး၊ ခုကြော် ဆိုတာက ရှားမှရှားဟာကို။ ရေခဲသေတ္တာထဲ သိမ်းထား ကိုယ်စားချင်မှ ထုတ်ကြော်ဆိုတော့ ဘယ်လတ်ဆတ်လိမ့် မတုန်းနော့။ အဲဒီတော့ စစခြင်းနေ့တွေမှာ သိပ်မသိသာဘူးဗျ။ နောက်ပိုင်းမှာတော့ ရိုးလာတာပေါ့ဗျာ။ အီလည်း အီလာတယ်။အဲဒါနဲ့ အလင်းလာတော့ ကျွန်တော်ပြောတယ်။
“ဟဲ့၊ မားမားက ငါ့ကို ရန်ငြိုးများ ထားနေလားတိဝူးယော။
နေ့တိုင်း အသီးအရွှက် ရေလုံပြုတ်တွေချည်း လာနေတော့တာပဲ” လို့လေ။ အဲဒီတော့ သူက ဒီလိုပြောတယ်ခင်ဗျ။
“ပါးပါးက ဒီခြံထဲမှာ နေတဲ့သူမှန်သမျှ သက်သက်လွတ်စားရမယ်။ အညှိ(အသားစိမ်း၊ ငါးစိမ်း) မသွင်းရဘူးလို့ ပြောတယ်ဟ” တဲ့။ သေယော။ မွေးစားအဖေအမိန့်ဆိုတော့ ကျွန်တော်လည်း မလွန်ဆန်ဝံ့ဖူး။ သူက စိတ်တိုရင် ကိုယ်ထက်ကြမ်းတယ် ။
ဒီတော့ နောက်နေ့တွေမှာ ကျွန်တော် အလင်းကို ထမင်း၊ဟင်း လာမပို့ခိုင်းတော့ဘူး။ စားစရာရှိရင် အိမ်ပြန်စားတယ်။ ဘယ်လောက်မှ ဝေးတာမှ မဟုတ်တာ။ အများဆုံးသွားရ မြို့ထဲနဲ့ဆို လေးမိုင်ကျော်ကျော်ဟာ။ ဆိုင်ကယ်စီး ခဏပေါ့။
ဘယ် ဒုက္ခခံမလဲ။ ။ ကျွန်တော် သူငယ်ချင်းတွေလည်း ဒီလိုပဲ။ အိမ်ပြန်စားကြတယ်။ ပြီးရင် နာရီစင်နားက လက်ဖက်ရည်ဆိုင်မှာ ပြန်ချိန်း။ လက်ဖက်ရည်သောက်၊ ဈေးလာတဲ့ ဆော်တွေငမ်း ။ ပြီးရင် ခြံထဲသွားကြတယ်။
ခြံထဲမှာက အကုန်လုံးတော့ ရှင်းပြီးပြီ။ ပြီးတော့  တဲဆောက်ဖို့ ကျန်သေးတယ်။ အဲဒီဟာအတွတ် သူငယ်ချင်းတွေ စုပြီးဆောက်ကြတယ်ပေါ့။ ပါးပါးက သူ စိတ်ပြေ၊ လက်ပျောက်နေချင် နေလို့ ရအောင် ခိုင်ခိုင်၊ ခန့်ခန့် ထိုးဆိုတာနဲ့ 
ကျွန်တော်တို့လည်း ခြေတိုင်ရှည် တဲတစ်လုံးထိုးရတယ်။ ခြံလည်မှာထိုးတာပါ။ တဲထိုးပြီးတော့လည်း တာဝန်က ပြီးသေးတာမဟုတ်ဝူးနော်။ ခြံထိပ်ကနေပြီးတော့  တဲအထိ လမ်းဖေါက်ရတေးတယ်။ လမ်းဖေါက်တယ်ဆိုတာကလည်း မြေကမညီလို့၊ ညီသွားအောင် ငြှိတာပါ။ လမ်းကလည်းဗျာ။ ဖေါက်နေတာ အတည့်၊ အယ်…တော်တော်လေးလည်း ဖေါက်ပြီးရော ညောင်ပင်ကြီး ခံနေတော့တာပဲ။ ညောင်ပင်ကလည်း သာမန်ဆို မပြောလိုပါဘူး။ တော်တော်ကိုကြီးတာ။ လူကြီး လေးဖက်စာလောက်ရှိတယ်။ သာမန်အချိန်ဆိုရင်တော့ မပြောလိုပေမယ့် လူတွေက ပင်ပန်းနေပြီလေဗျာ။ ဟုတ်တယ်မလား။ အဲဒီတော့  ညောင်ပင်ကို ကွေ့ပတ်ပြီး ဖေါက်ဖို့ကို တော်တော်ကို စဉ်းစားနေရတယ်။ မလုပ်ချင်တော့ ဘူးလေ။ အနော်လည်း မလုပ်ချင်တော့ဘူး။ ဒါပေ့မယ် ပါးပါးက ဒီနေ့ အပြီးနော် ဆိုပြီး အမိန့်ပေးထားတော့လည်း မလုပ်လို့က မရ။ အဲဒါနဲ့ ကျွန်တော် လူတွေကို ဒီလိုမြူဆွယ်ရတယ်။
“ဆင်ကောင်လုံးဝင် အမြှီးကျမှ တစ်ကွာ၊ အားလုံးပြီးတော့မှာ ဒါက ကပ်ခံနေသေးတယ်။ ကဲပါဗျာ။ ဒီနေ့ပြီးအောင် လုပ်လိုက်ကြတာပေါ့။ နောက်နေ့ည ပွဲခံမယ်ဗျာ။ အောင်ပွဲ အနေနဲ့ နော်” ဆိုပြီး မြူဆွယ်သံလေးလည်းထည့်၊ တောင်းပန်သံလေးနဲ့လည်း ပြော၊ မျက်နှာကိုလည်း သူတောင်းစားလို သနားစဖွယ်လုပ်ပြမှ အဲဒီလမ်းက ညောင်ပင်ကို ကွေ့ပတ်ဖောက်လို့ ပြီးတော်မူတယ်။ လေဒယ်။ အဟုတ်။
အဲဒါနဲ့ နောက်တစ်နေ့ မနက်မှာ ကျွန်တော်တို့ ခြံထဲကို “ပါးပါး” က လာကြည့်တယ်။ ကျွန်တော်တို့ အားလုံး ကြိုးကြိုးစားစား လုပ်ထားတာဆိုတော့ သူက မပင်ပန်းရပဲ သဘောကျတော်မူတယ်လေ။ ပြီးတော့ ကျွန်တော်ကို သူက အိမ်မှာ လိုက် အိပ်ဖို့ခေါ်တယ်။ ကျွန်တော်က ဘယ်လိုက်လိမ့်မတုန်း။ ဒီညက ပါတီပွဲလုပ်မှာလေ။ မူးကြမှာ ။ လိုက်ပါဝူး။ အဲဒါနဲ့ “ခြံအောက်ပိုင်း ရှင်းဖို့ နည်းနည်းကျန်သေးလို့” ဆိုပြီးနေခဲ့ရတယ်။ သူလည်း ပြန်ရော အသားဝယ်တဲ့သူက၀ယ်၊ အရက်ဝယ်တဲ့လူက၀ယ်။ အကင်လုပ်စားမယ်ဆိုတဲ့ လုတွေကလည်း အကင်စက်တွေ ဘာတွေပြန်ယူပေါ့ဗျာ။ သူငယ်ချင်းတွေက မီးစက်တွေဘာတွေတောင် မလာတယ်။ ရုပ်ရှင်ကြည့်မယ်။ သီချင်းဖွင့်မယ်။ မီးပုံပွဲ လုပ်မယ်ဆိုပြီး ။ ပြီးတော့ ညပွဲ အတွတ် ပြင်ကြ၊ ဆင်ကြပေါ့ဗျာ။ ကျွန်တော်က နည်းနည်း အားနေတာနဲ့ နေ့လည်ပိုင်းလောက်မှာ လမ်းဖေါက်တုန်းက ခံနေတဲ့ ညောင်ပင်အောက်မှာ ကွပ်ပြစ်လေး သွားရိုက်ဖြစ်တယ်။ ဘာရယ်၊ ညာရယ် ဟုတ်ပါဝူး။ ဒီလိုပဲ အားနေတာနဲ့ ရိုက်ထားလိုက်တာ။ ပြီးတော့ ရေအိုးစင်တင်ဖို့လည်း တွေးမိတယ်။ ဒါက ကျွန်တော်လုပ်ခဲ့တဲ့ ခြံတိုင်းမှာ ဒီလို အပင်ကြီးကြီးတွေ့ရင် ကွပ်ပျစ်လုပ်ပြီး၊ ရေအိုးစင်တင်တာက အကျင့်ဖြစ်နေပြီ။
ကွပ်ပျစ်က ထိုင်ချင်ထိုင်၊ အိပ်ချင်အိပ်။ အိပ်ပြီးထရင် ရေအိုးစင်က ရေသောက် ပြီးရင် ပြန်အိပ် ။ ရာသီဥတု ပူရင်ပြောပါတယ် ဟီး။
ဒီလိုနဲ့ ညနေစောင်းတော့  ကျွန်တော်တို့ ပါတီပွဲလေး အသက်ဝင်လာတယ်။ အကင်လုပ်တဲ့သူကလည်း ညနေကတည်းက ကင်နေတာလေ။ အချည်ရည် လုပ်တဲ့ အဖွဲ့လည်းက ရှယ်လုပ်ထားတာ။ ဘီယာကလည်း စည်နဲ့ ။ အရက်ကလည်း ဖာလိုက်။ ကုန်ကျစရိတ်က အနော်စိုက် ။ အဟုတ်။ အဖိုးကြီး(ပါးပါး) ကဗျာ။ သူ့ခြံလှရင် ငဇူးပြန်တော့ ဆိုတာချည်းပဲ။ မဟုတ်ရင် သူ့သမီးကို ဟိုခေါ်၊ ဒီခေါ်နဲ့ လျှောက်လစ်နေမှာဆိုးလို့။ ပြီးတော့ အနော်သူ့ဆီမှာ နေတယ်ဆို သူတာဝန်ကြီးတယ်ဆိုပဲ ။ အဲဒီလို ချစ်တာ ကျွန်တော်ကို။ အခုလည်း ခြံနဲ့ ပတ်သတ်တဲ့ ကုန်ကျစရိတ်သာ သူထုတ်တာ။ ဒီလို အလုပ်သမားတွေနဲ့ ပွဲခံတာကြတော့ လုပ်တာမဟုတ်ဝူးရယ်။ သူကလည်း လူဂွစာ။ သူကို စကားပြောရင် ပြန်ပြောချင်မှ ပြောတာ။ အကောင်းသွားပြောရင်လည်း ဆဲလွှတ်ရင်လွှတ်တာ။ ပေါင်းရခက်၊ မပေါင်းရခက်။ အဟုတ်လေ။ တော်တော် ညစ်ဖို့ကောင်းတယ်။ အနော်နဲ့တော့ အဆင်ပြေပါတယ်။ သူ ဆုံးမရင် “ဟုတ်။ မလုပ်တော့ဘူး” ။
ကွယ်ရာဆို ရှိတယ်လို့တောင် မထင်ဝူး ။ လုပ်ချင်ရာ လုပ်တာ။ အခုတော့ ဒီပါတီပွဲကို အနော်ပဲ အစအဆုံး အကုန်ကျခံရတယ်။ ကိုယ်မှာရှိလို့လုပ်တာတော့ မဟုတ်ပါဘူး။ အလင်းဆီက ပြန်ချေးထားတာ ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ ပါတီပွဲပေါ့ဗျာ ဟီး ။ ဒီလိုနဲ့ ပါတီပွဲမှာ စားကြ၊ သောက်ကြ၊ ခုန်ကြ၊ မြူးကြနဲ့ တော်တော် ညဉ့်နက်သွားတယ်။ လူတွေကလည်း များတယ်။ သူငယ်ချင်းတွေရော။ သူငယ်ချင်းတွေရဲ့  သူငယ်ချင်းတွေယော။ အလုပ်သမားတွေရဲ့ သူငယ်ချင်းတွေရော။ ဘာတွေမှန်းမသိပါဘူးဗျာ။ အများကြီးပဲ။ ကိုယ်သိတဲ့လူလည်း ရှိတယ်။ ကိုယ်မသိတဲ့လူလည်း ရှိတယ်။ ကျွန်တော်ကိုတော့ လာလာပြီးတော့ မိတ်ဆက်ကြပါတယ်။ ကိုယ်က မူးနေတာက ရေချိန်လွန်နေတော့ ဘယ်သူပါလို့ ၊ ဘယ်သူတွေလာမှန်းကို မသိတော့တာ။ လူတွေကလည်း နောက်ပိုင်းမူးလာတော့
မိတ်ကို မဆက်တော့ ဘူး။ ဇွတ်စား၊ ဇွတ်သောက်နေကြတာကိုး။ ကိုယ် ဒီလိုပဲ။ အရက်ပဲ မဲပြီးသောက်နေတော့ တာနောက်ပိုင်းမှာ ။
ဒီလိုနဲ့ ကျွန်တော် ဘယ်လိုအိပ်ပျော်သွားလဲ၊ မသိပါဘူး။ တဲဝမှာက တာလပတ်တွေခင်းထားတာလေ။ အဲဒီမှာပဲ ထိုင်သောက်နေရင်း အိပ်ပျော်သွားတာ။ ကိုယ် နိုးလာတော့ ၁၁ ခွဲလောက် ရှိနေပြီ။ အားလုံးက သေနေတာ။ ကျွန်တော် ဆီးသွားချင်လို့နိုးလာတာပါ။ အဲဒါ ဒယိမ်းဒယိုင်နဲ့ အပေါ့ထသွားတုန်း။ လူတစ်ယောက်တွေ့တယ်ဗျ။ ဒီလူက တော်တော် သောက်စားပုပ်တဲ့လူဗျာ။ အကင်တွေက အများကြီးကျန်သေးတာကိုး။ အဲဒါကို သူတစ်ယောက်တည်း
ဗန်းကြီးတစ်ချပ်ထဲမှာ ထည့်ပြီး တုတ်နေတာ။ ပက်စက်တယ်နော်။ စားချက်ကလည်း။ မြင်မကောင်းဘူး။ အီသီယိုးပီးယားကလာတာ ကြနေတာပဲ။ ပလုပ်ပလောင်းကို ထည့်နေတာ။ အနော်ကလည်း ဆီးတအားသွားချင်နေတော့ သူ့ကို တစ်ချက်ကြည့် ပြီး ဆက်မကြည့် ဖြစ်တော့ ဘူး။ အဲဒါ အမှောင်ထဲကို တော်တော်လေး သွားပြီး ရှူးရှူးဖလားဝါးလိုက်ရတယ်။ လူက တော်တော်လေးတော့ နေသာထိုင်သာ ရှိသွားတယ်။ ဒါပေ့မယ့် အမူးက မပြေသေးဘူး။ ပါတီပွဲ ပေးနေတုန်းမှာ ၀ယ်ထားတဲ့ ၀ီစကီတွေ ကုန်သွားလို့ သူငယ်ချင်းတစ်ယောက်က တောအရက်တွေ ပုံးလိုက်ယူလာတယ်လေ။ ။ အဲဒီဟာတွေလည်း ကစ်ထားတော့ လူက တော်တော်နဲ့ကို အမူးက မပြေဘူး။ ဒီလိုပဲ ဒယိမ်းဒယိုင်နဲ့ ကိုယ်အိပ်တဲ့နေရာနားကို ပြန်လာပြီးတော့ လှဲနေလိုက်တယ်။ ကောင်းကင်ကိုကြည့်တော့ ကြယ်တွေက လည်နေတယ် ။ ဟ…ငါ အမူးမပြေသေးပါလား ဆိုပြီး ခေါင်းကို ဟိုလှည့်ဒီလှည့် လုပ်နေတုန်း။ ခုန သောက်စားပုပ်တဲ့ လူဆီကို မျက်စိက ရောက်သွားတယ်။ ဒီဘဲက စားနေတုန်းနော် လုံးဝကို မပြီးသေးဘူး။ သူ့ ကို ကျွန်တော် ဂရုတစိုက်ကြည့်နေတာ၊ သေသေချာချာကြည့်နေတာပေါ့နော်။ ဒီဘဲက အသွင်းပဲ ရှိတယ်နော်။ ပါးစပ်ထဲက အထုတ်ကိုမရှိဘူး။ အဟုတ်။ ဒီလိုဗျာ။ ငါးကင်စားတယ်ဆိုပါစို့၊ အရိုးလေးဘာလေးတော့ ထွေးပေါ့ဗျာ။ ဘယ်နှယ့် မထွေးဘူးဗျို့။ “ဂလု” ဆိုတာချည်းပဲ။ ။ ကျွန်တော်လည်း တော်တော်လေးသောက်မြင်ကပ်လာတာနဲ့။
“ဟေ့ လူ။ ခင်ဗျားက ဘာလဲ၊ နည်းနည်းပါးပါးတော့ ထွေးထုတ်ဗျနော်။ စားတာကို မပြောလိုဘူးနော်။ အရိုးနင်ပြီး ခင်ဗျားသေရင် ခြံနာတယ်။ စားတော့ စား၊ ကြည့်စား” ဆိုပြီး ငေါက်လိုက်တယ်။ ကျွန်တော်ပြောတဲ့ အသံကလည်း မူးနေတော့  အာလေး၊ လျှာလေးပေါ့ဗျာ။ ဒီဘဲကလည်း ကျွန်တော် အသံကြားတော့ လှည့် ကြည့်တယ်။ အဲဒီမှာ သူ့မျက်လုံးက နီတွတ်နေတာဗြဲ။ မျက်နှာကလည်း ဘယ်လို သောက်ခွက်မှန်းမသိဘူးဗျာ။ သိလား။ မမြင်ဖူးဘူး။ အဲဒီလိုလူမျိုး။ နည်းနည်းတောင် လန့် သွားတယ်။ ဘယ်လိုခေါ်မလဲဗျာ။ လူတစ်ယောက်မျက်နှာပုံစံကို ပန်းပုထုတယ်ဆိုပါစို့။ အဲဒီပန်းပုရုပ်ကို အချောမသတ်ရသေးတဲ့ ပုံစံမျိုးနဲ့။ လူမျက်နှာတော့ လူမျက်နှာပဲ။ ဒါပေ့ မယ့် ကြည့်မကောင်းဘူးရယ်။ အဲဒါကို မြက်ဦးထုပ်ကလည်း ဆောင်းထားသေးတယ်။ ဒီဘဲကလည်း ကျွန်တော်ကို သေသေချာချာကြည့်တယ်။ ပြီးတော့ “အဟဲ” တဲ့  ရီပြတယ်ဗျ။ အနော်လည်း တော်တော် သနားသွားတယ်။
အား…ဒီလူ တော်တော် ဘ၀အကျိုးပေး နည်းတဲ့လူပါလားလို့လေ။ မျက်နှာကို ဦးထုပ်နဲ့တောင် ဖုံးထားရတယ်။ လူမြင်မှာဆိုးလို့ ဆိုပြီးလေ။ ကိုယ်လည်း သနားလာတာနဲ့။ သူကို
“ကဲ…ကိုယ်တော် စားချင်သလောက်သာ စား…အနော်တော့ ခလော ပီ..ဘိုင်” ဆိုပြီး မျက်စိနှစ်လုံးကို ပိတ်ချလိုက်တယ်။
လူလည်း အိပ်ပျော်သွားတယ်။
လူက ဘယ်လောက် အိပ်ပျော်သွားလဲ မသိပါဘူး။ မနက်မိုးလင်းတော့ ဆူဆူညံညံ အသံတွေကြားတာနဲ့ အနော်လည်း နှိုးလာတယ်။ သူငယ်ချင်းတစ်ယောက်ပါ။ နာမည် စံလင်း။ ဒီကောင်ဗျာ။ မနက်စောစော စီးစီး သောင်းကျန်းနေတယ်။
လူတိုင်းကို လိုက်နှိုးပြီး ပြသနာလုပ်နေတာ။ အနော်လည်း ညက သောက်တာများတော့ ခေါင်းထဲမှာ ကိုက်တာလေ။ ပြောမနေပါနဲ့။ အသေပဲ။ အဲဒါ ခေါင်းကိုက်ရက်နဲ့ ပဲ သူဆီကို သွားပြီး ဘာဖစ်တာလဲ သွားမေးရတယ်။ ဒီကောင်က ညက အသားကင်တွေ အများကြီးပါတဲ့။ ဘယ်သူ စားပလိုက်တာလဲတဲ့။ တင်းနေတယ် သူက။ အသားကင်တွေ ပျောက်ကုန်လို့လေ။ အဲဒါနဲ့ ကျွန်တော်က ညက လူတစ်ယောက် အကုန်တီးနေတာတော့ တွေ့ တာပဲလို့ ပြောလိုက်တယ်။
အဲဒီမှာ ဒီကောင်က ပြသနာရှာတော့တာပဲ။ ဒီလောက် အများကြီးကွာ။ တစ်ယောက်တည်းစားရင် မကုန်ပါဘူး။ ဘာညာနဲ့ တောအရက်တွေလည်း မရှိတော့ဘူးပေါ့နော်။ ဘာဆို ဘာမှ မရှိတော့တာတဲ့။ အဲဒီမှာ အိပ်နေတဲ့သူတွေလည်း အားလုံးနိုးလာပြီ။ ပြီးတော့ ဘာဖြစ်တာလဲ၊ ဘာညာနဲ့ ၀ိုင်းမေးတာနဲ့။ ကျွန်တော် မနေ့ညက စားနေတဲ့သူရဲ့ ပုံစံကို ပြောပြရတယ်။
အဲဒီတော့ တစ်ယောက်က ထပြောတယ်။
“အာ…အဲဒီလို ပုံစံမျိုး ငါတို့ ထဲမှာ မရှိပါဘူးဟ၊ ငဇူးကလည်း သေသေချာချာ မကြည့်ပဲနဲ့၊ နင်တော်တော်မူးပြီး လျှောက်တွေ့တာ ဖြစ်မယ်” တဲ့။
နောက်တစ်ယောက်က….
“အာ… အဲဒီလူလား။ ငါညက ဆီးထသွားတော့တွေ့တယ်။ ခြံစောင့်ထင်လို့ ဘာမှ မပြောတာ။ ဟုတ်တယ်။ သူစားတာဖြစ်မယ်။ သူလာတာတော့ ခြံဝ ဘက်က ထွက်လာတာပဲ” တဲ့ ။
အဲဒီမှာ ကျွန်တော်လည်း တော်တော် ခေါင်းမူးသွားတယ်။ ဘယ်နှယ့် တစ်ယောက်၊ တစ်ပေါက်နဲ့။ ဟိုလူက တွေ့တယ်။ ဒီလူက မတွေ့ဘူး။ ဘာတွေမှန်းလဲမသိဘူး။ အသားပဲဗျာ။ စားရင် ကုန်မှာပေါ့။ မကုန်လည်း မနက်ကျရင် လွှတ်ပစ်ရမှာချည်းပဲ။ အကင်တော့ မပြောတတ်ဘူး။ ဟိုစံလင်း ဆိုတဲ့ မသာကလည်း သူ့ မနက် တီးမို့ လိုက်ရှာတာ။ အကုန်ပျောက်နေလို့ ပြသနာရှာတာ။ ကျွန်တော်လည်း လူတွေ အများကြီး တစ်ယောက်တစ်ပေါက် ငြင်းနေတော့…တော်တော် အာရုံနောက်လာတာနဲ့….
“ဘာလဲကွာ။ ဘာငြင်းနေတာလဲ။ အသားပဲ စားရင်ကုန်မှာပေါ့။ ဘယ်သူစားစား။ ထားလိုက်တော့။ ဒါပြသနာမဟုတ်တာ။ မဟုတ်လည်း လွှင့်ပစ်ရမှာကို။ စံလင်း မသာ။ နင်က တစ်မျိုး” ဆိုပြီး အော်ပလိုက်တယ်။ ဟုတ်တယ်လူက တော်တော်ကို ခေါင်းကိုက်နေပြီ။ အဲဒီတော့မှပဲ လူစုကွဲတော်မူတယ်။ မဟုတ်ရင် ဘယ်လောက်ထိ ငြင်းနေကြအုံးမလဲမသိဘူး။
လူက သောက်လို့၊ စားလို့ ပြီးတိုင်း ပြီးတာမဟုတ်တော့ ခက်တယ်ဗျာ။ အခုလည်း မနေ့ည လုပ်ခဲ့တဲ့ ပါတီပွဲက အမှိုက်၊ သရိုက်တွေက တဲရှေ့မှာ မြင်မကောင်းဘူး။ အဖိုးကြီးလာလို့ ဒါတွေမြင်ရင် ဆဲမှာ။ အဲဒါနဲ့ အမှိုက်တွေ ရှင်း၊ ပြီးတော့ အသားကင်တဲ့ဟာတွေ၊ မီးစက်တွေ၊ တီဗွီတွေ၊ အကုန် ပြန်ပို့။ စားသောက်ထားတဲ့ ပန်းကန်တွေလည်း မနက်မှ ဆေး။ ဒီလိုတွေ လုပ်ကြရတယ်။ အဲဒီအချိန်မှာ လူတွေက ပြန်ကုန်ပြီ။ ခြံထဲမှာ ရှင်းလင်းတဲ့ အလုပ်သမားတွေရယ်။ ကျွန်တော်ရယ်။ စံလင်းနဲ့ သူငယ်ချင်း နည်းနည်းပဲ ကျန်ခဲ့တယ်။ ကိုယ်လည်း ခေါင်းကိုက်ကိုက်နဲ့ပဲ၊
အုန်းတံမြက်စည်းတစ်ချောင်းယူပြီး တဲရှေ့ကို လှည်းကျင်းနေလိုက်တယ်။ ကျန်တဲ့သူတွေက ပန်းကန်တွေသိမ်း။ ခွက်တွေသိမ်းပေါ့ဗျာ။ အမှန်ဆို ကျွန်တော်က ဒီနေ့ မြို့ထဲပြန်ရမှာ အဖိုးကြီးက အတင်းခေါ်နေပြီလေ။ ပြီးတော့ ကိုယ့်ခြံကိစ္စကလည်း ရှိသေးတော့ မပြန်လို့က မဖြစ်ပြန်ဘူး။ အဲဒီမှာ ပြသနာက စပါလေယော။ ကြီးကြီးကျယ်ကျယ်တော့
မဟုတ်ပါဘူး။ ပန်ကန်တွေ သိမ်း၊ ခွက်တွေ သိမ်းလုပ်နေတဲ့ သူက သူတို့ ဟာတွေကို စစ်နေကြတယ်လေ။ ပန်ကန်က ဘယ်နှစ်ချပ်၊ ခွက်က ဘယ်နှစ်လုံ။ လင်ဗန်းက ဘယ်နှစ်ချပ်။ ဒီလိုပေါ့ဗျာ။ အဲဒီမှာ “လင်ဗန်းတစ်ချပ်” က ပျောက်နေတယ်။
အသားကင်ထည့်တဲ့ လင်ဗန်းပါ။ ကျွန်တော်တို့က ကင်ပြီးတော့ ဗန်းလိုက်သွားချပေးတာကိုး။ အဲဒီလင်ဗန်းတွေက အနော်သူငယ်ချင်း နန်းကြိုင် ဆိုတဲ့ ကောင်မလေးက ငှားထားတာ။ သူက မနက်ကျတော့ သူဟာတွေ လာသိမ်းတယ်။
သူက လင်ဗန်းပျောက်တာကို အော်ကြီး၊ ဟစ်ကျယ်နဲ့။
“ဟဲ့။ ငဇူး။ လင်ဗန်းတစ်ချပ် ရှာမတွေ့ဖူး။ ပျောက်ပြီထင်တယ်။ နင်ငါ့ဆီက ငှားတုန်းက မကွဲ၊ မရှ၊ မပျောက်စေရပါဘူးဆို၊
ခု ဘယ်လိုဖြစ်တုန်း” ဘာညာနဲ့ဗျာ။ လူကို လာအော်နေတာ။ သူနဲ့ကလည်း ဘော်ဒါအရင်းကြီးတွေ။ သူ့ အကြောင်းကိုယ်သိ၊ ကိုယ်အကြောင်း သူသိ ဆိုတော့။ သူ ဒီလိုပဲ အာပြဲ တာ သိနေတော့။ ကျွန်တော်လည်း
“အာ..လာအော်မနေနဲ့။ “က” သား ငါးရာ လာတဲ့ဟာကို။ နင့်ဟာမပျောက်ပါဘူး။ ရှိမှာပါ။ ပျောက်ရင်လည်း ဈေးထဲက ပြန်ဝယ်လိုက်၊ ငါခေါင်းကိုက်နေတယ်။ ဒါဗြဲ” ဆိုပြီးပြောလိုက်တယ်။ ရိုးရိုးပြောတာတော့ မဟုတ်ပါဘူး။ ပြန်အော်ထည့်လိုက်တာ။ လူက ဒီမှာ ခေါင်းကိုက်နေတာတစ်မျိုး၊ သူတို့က တစ်မျိုးဆိုပြီးလေ။ နန်းကြိုင်ကတော့ သူပစ္စည်းပျောက်လို့ ဆိုပြီး အနော်ကို အမျိုးမျိုးတုတ် တော့ တာပါပဲ။
ငဇူး။ ငမူး။ သောက်ကောင်။ ပြောတော့ တစ်မျိုး၊ လုပ်တော့ တစ်မျိုးပေါ့ဗျာ။ စသဖြင့်ပေါ့။ တုတ်တာ။ သူက ငယ်ငယ်ကတည်းက ဒီလိုပဲ တုတ်နေကြဆိုတော့ အနော်လည်း ဒီလိုပဲ ထားလိုက်တယ်။ ပြီးရင်တော့ ပြီးသွားတာပါပဲ သူက။ နှုတ်ကြမ်းတာလေးတစ်ခုပဲ။ ကျန်တာ အကုန်ကောင်းတယ်။ ဟီး စိတ်ရင်းပြောပါတယ်။
သူက အနော်ကိုလည်း တုတ်ရင်း၊ သူ့ပစ္စည်းတွေလည်း သိမ်းရင်းပေါ့ဗျာ။ အားလုံးလည်း သိမ်းပြီးရော။ သူ့ဆိုင်ကယ်မှာ သေသေချာချာ ကြိုးနဲ့သိုင်းပြီး။ ကျွန်တော်ကိုတောင် နှုတ်မဆက်ပဲ။ “၀ူး” ခနဲ ဆောင့်ကြီးအောင့်ကြီးနဲ့ ဆိုင်ကယ်မောင်းပြီး ထွက်သွားပါယောလား။ ကျွန်တော်လည်း မြင်ပါတယ်။ သူစိတ်ဆိုးသွားမှန်းလည်း သိပါတယ်။ နောက်မှပဲ ချော့တော့ မယ်ဆိုပြီး တဲထဲဝင်ပြီး အိပ်နေလိုက်တယ်။
တဲ ထဲဝင်ပြီး လဲယုံပဲ ရှိသေးတယ်ဗျာ။ ခြံရှေ့ နားက “၀ုန်း” ခနဲ။ အသံနဲ့အတူ။ “အောင်မြတ်လေး” ဆိုပြီး နန်းကြိုင်ရဲ့ စူးစူးဝါးဝါး အော်သံပါကြားလိုက်တယ်။ အနော်လည်း ဘာဖြစ်တာလဲဆိုပြီး တဲဝထွက်ကြည့်တော့…လားလား…နန်းကြိုက်ဗျို့။ ခြံဝကို ထွက်တဲ့လမ်းက ညောင်ပင်ကြီးရှေ့ မှာ ဆိုင်ကယ်ကြီးလှဲလို့။
သူတင်သွားတဲ့ ပန်းကန်တွေခွက်တွေလည်း ပြန့်ကျဲနေတာပဲ။ ချက်ခြင်းပဲ ကျွန်တော် အဲဒီနားကို ပြေးသွားရတယ်။ နည်းနည်းတော့လှမ်းတယ်။ ဟိုရောက်တော့ နန်းကြိုင်က ဆိုင်ကယ်ပိနေတယ်။ အဲဒါနဲ့ ဆိုင်ကယ်ကို အရင်မ၊ သူ့ကို ဆွဲထုတ်။ အိတ်ဇောက သူ့ခြေသလုံးကို ပိသွားတယ်။ ရစရာမရှိဘူး။ စုတ်ပြတ်သွားတာ။ ခြေသလုံးအသားကလေ။ သူက ဆိုင်ကယ်မှောက်တော့ တော်တော်လန့်နေတဲ့ပုံစံနဲ့။ ကျွန်တော်က သူ့ကို ဆွဲထူတော့ ငိုတော့တာပါပဲ။
ဘာဖြစ်တာလဲဆိုတော့။ သူက ပြောတယ်။ သူဆိုင်ကယ်စီးလာတုန်း ပုံးပြာကြီးနဲ့ လှမ်းထုတယ်တဲ့။ ဟုတ်လည်း ဟုတ်တယ်။ သူ့ဆိုင်ကယ်နားမှာ ကျွန်တော်တို့ညက သောက်တုန်းက တောအရက်တွေ သယ်လာတဲ့ ပုံးအပြာရောင်တစ်ခုတွေ့တယ်။ ဘယ်သူထုတာလဲဆိုတော့။ သူက ညောင်ပင်ပေါ်ကို လက်ညိုးထိုးပြသဗျှ။ အနော်လည်း ယောင်ယမ်းပြီး ညောင်ပင်ပေါ်တောင် မော့ကြည့်လိုက်သေးတယ်။ ဘယ်နှယ့် ညောင်ပင်ပေါ်က ပုံးနဲ့ထုရတယ်လို့ မကြားဖူးပေါင်ဗျာ။ အဲဒါနဲ့ …
“နင်ဟယ်…မဟုတ်က၊ ဟုတ်က။ ကိုယ်ဘာသာကိုယ် မထိမ်းနိုင် မသိမ်းနိုင် ဆိုင်ကယ်မှောက်တာကို ညောင်ပင်က ပုံးနဲ့ထုရအုံးမလား” လို့ မေးမိပါတယ်။ အဲဒီမှာသူက တုတ်တော့တာပါပဲ။ ဒုတိယံမိ အတုတ်ခံရခြင်းလေ။ တစ်နေ့တည်း နှစ်ခါ။ သူကို အဲဒီလိုပြောရမလားဆိုပြီးတော့ပေါ့နော်။ ညောင်ပင်ပေါ်က အဲဒီပုံးလိမ့်ဆင်းလာတာပေါ့။ သူ့ဆိုင်ကယ်ရှေ့ကို
အဲဒါသူက ရှောင်လိုက်တော့ ညောင်ပင်ဘက်ကို ဆိုင်ကယ် ဟန်တယ်က ၀င်သွားပြီး မှောက်တာတဲ့။ အနော်ကတော့ သူပြောတာ ဟုတ်၊ မဟုတ် မသေချာတော့။ ညောင်ပင်ပေါ်ကိုပဲ သေသေချာချာလိုက်ကြည့်နေလိုက်တယ်။ အမှန်က အမှုပတ်မှာ ကြောက်တာလည်းပါတယ်။ သူ့ ဘာသာသူ ဆိုင်ကယ်မှောက်တာ၊ ပြီးတော့ သူ့ပစ္စည်းတွေ ကွဲတဲ့ဟာ ကွဲကုန်ပြီလေ။ အဲဒါအနော်ကို လှည့် လျော်ခိုင်း ဘယ်နှယ့်လုပ်မတုန်း။ သူကပြောလို့ရတာမဟုတ်ဘူး။ “နင့်ကြောင့်ဆို…နင့်ကြောင့်ပဲ ။ ဘယ်သူကြောင့်မှ မဟုတ်ဘူး” ဆိုတဲ့ လူစားရယ်။ အဲဒီလိုနဲ့ ညောင်ပင်ပေါ်ကြည့်နေတုန်း ဘာသွားတွေ့တယ် ထင်တုန်း။ အစကတော့ အဖြူလေးနဲ့ ပြားပြားလေးက ဘာလဲမသိဘူး ဆိုပြီးကြည့်နေတာပါ။ သေသေချာချာကြည့်တော့မှ… လင်ဗန်းဗျ။ လင်ဗန်း။ အနော်လည်း တော်တော်ကို အံ့သြသွားတယ်။
ဘယ်နှယ်! ညက လင်ဗန်းက ညောင်ပင်ပေါ်ရောက်နေရတာတုန်း ဆိုပြီးလေ။ အဲဒါနဲ့ တင်းပြီး အားလုံးကို လှည့်အော်တော့ တာ…နန်းကြိုင်တော့ ပါဝူး ။
“ဟ…ဘယ်ကောင် လက်ကမြင်းထားတာလဲကွ။ လင်ဗန်းက ညောင်ပင်ပေါ်တင်ထားတယ်။ ငါ..ခွီးထဲမှ” ဘာညာနဲ့ အနော် ညောင်ပင်ပေါ်ကို တတ်သွားလိုက်တယ်။ ပြီးတော့ အဲဒီလင်ဗန်းကို ယူလာလိုက်တယ်။ ဟုတ်တယ်ဗျ။ လင်ဗန်းက အညှီနံတောင် ထွက်နေသေး။ ညက အသားကင်တော့ အသားစိမ်းတွေ အဲဒီပေါ်တင်ထားတာလေ။ အဲဒါကြောင့် ညှီနံထွက်နေတာ။ ဒါကတော့ မနေ့ကလာတဲ့ အထဲက တစ်ယောက်ယောက် လုပ်တာဖြစ်မှာပါ။ စချင်တာလည်းပါမယ်။ နောက်ချင်တာလည်း ပါမယ်ထင်တာပဲ။ ကျွန်တော်ကတော့ အဲဒီလိုလုပ်တဲ့ကောင် တွေ့ရင်တော့ ဆွဲသာထိုးချင်တော့တာ။
ကျွန်တော် လင်ဗန်းယူချလာတော့ စံလင်းတို့ယော၊ အလုပ်သမားတွေရော မျက်စိပြူး၊ မျက်ဆန်ပြူးဖြစ်ကုန်တယ်။ ဒီလင်ဗန်းကို ဘယ်သူယူတင်ထားလဲဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေ့မယ် ညက တွေ့ခဲ့တဲ့ လင်ဗန်းနဲ့ အသားကင် အုပ်နေတဲ့ ဘဲက ဒီလင်ဗန်းနဲ့ အုပ်နေတာလည်း ဖြစ်နိုင်တယ်။ ဒီဘဲရုပ်ကိုက သူခိုးရုပ်လေ။ ခမောက်လည်းဆောင်းထားသေး။ မျက်နှာကလည်း ပန်းပုရုပ်နဲ့။ သူတင်တာလည်း ဖြစ်နိုင်တယ်။ ဒါကျွန်တော်တွေးတာပါ။
ဒါပေ့မယ် ဒီဘဲက ကျွန်တော် သူငယ်ချင်း မဟုတ်တာသေချာတယ်။ ပြီးတော့ ဒီမြို့ ပတ်ဝန်းကျင်မှာလည်း ဒီလိုမျက်နှာမျိုး ကျွန်တော် မတွေ့ ဖူးဘူးလေ။ အတွေးတွေကတော့ အစုံပါပဲ။ လင်ဗန်းကို ကိုင်ပြီးတော့လေ။ အားလုံးကလည်း အဲဒါကိုပဲကြည့်နေကြတာ။ နန်းကြီုင်ကတော့ ပေါက်ကွဲနေတယ်။ ဘယ်မသာ လက်ကမြင်းပြီး လုပ်လဲမသိဘူးဆိုပြီးလေ။ ကြည့်ရတာ ဒါဆိုရင်တော့ နန်းကြိုင်ပြောတာ မှန်နိုင်တယ်။ ပုံးကိုလည်း အဲဒီအပေါ်ကို တင်ခဲ့တယ်ထင်တယ်။ တိုက်ဆိုင်ချင်တော့ နန်းကြိုင်ဆိုင်ကယ်နဲ့ အသွားမှာ ပြုတ်ကျတာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီမှာက အကုန်လုံးက သိနေတာပဲ။ ဒီလိုမျိုးကြီးတော့ မစကြပါဘူး။ မနောက်ကြပါဘူး။ ဟုတ်တယ်မလား။ ဆိုင်ကယ်က အနောက်မှာ ပန်းကန်တွေတင်လာတော့ ၀ိတ်ပါတယ်ဆိုတာ လူတိုင်းသိတာကို။ ၀ူး….မောပါတယ်ဗျာ။
အဲဒါနဲ့ နန်းကြီုင်ကို တဲထဲခေါ်ပြီး ဆေးလူးပေးပေါ့။ ပြီးတော့ သူ့ကိုလည်း တောင်းပန်ရသေးတယ်။ ပန်းကန်တွေ ကွဲရှကုန်တာ အကုန် ပြန်လျော်ပေးပါ့မယ်။ ပါးပါးနဲ့ အလင်းကို သွားမပြောပါနဲ့ ဆိုပြီးလေ။ သူသွားပြောလိုက်ရင် အကုန်ပေါ်ကုန်မှာ။ ပေါ်ရင် ဆဲမှာဗျ။ ကိုယ်လုပ်ပေးတာလေး မျက်နှာကောင်းရတော့မှာ မဟုတ်ဘူးရယ်။ နာမည်ဆိုးကထွက်လာမှာ။ ငဇူးတို့ သောင်းကျန်းတာလေ ဆိုပြီး။ အဲဒါကြောင့် နန်းကြိုင်ကို ချော့ပြီးတော့ တောင်းပန်နေရတာ။ တော်တော် မျက်နှာငယ်ပါတယ်ဗျာ။ ဘ၀က ဟင့် ။ သူက ဘာမှ ပြန်မပြောဘူးရယ်။
ဆေးလိမ်းပြီး ပတ်တီးစီးပေးတာတော့ ငြိမ်ခံနေတာပဲ။ အသံတော့ ဘာမှ မထွက်လာဘူးရယ်။ မျက်နှာကြီးက တင်းပြီး
တော်တော်ကို ပေါက်ကွဲတဲ့ပုံစံနဲ့ ကြည့်နေတာ။ ဒီလိုနဲ့ သူကို ကျွန်တော် ဆိုင်ကယ်နဲ့ပဲ ခေါ်လာရတယ်။ ပြီးတော့ သူ့ အိမ်လိုက်ပို့ရတယ်ပေါ့ဗျာ။ မတာမလေးကဗျာ။ သူ့ အိမ်လည်း ရောက်ရော…သူ့အမေကို ဖက်ပြီး ငိုတော့တာပဲ။ ပြီးတော့
သူ့ ခြေသလုံးက ဒဏ်ရာကြီးကို ပြပြီး “ဒါပေါ့၊ ငဇူး ခြံထဲမှာ ဖြစ်ခဲ့တာ” ဆိုတော့ဗျာ။ သမီးထိတော့ အမေဘယ်နေလိမ့်မတုန်း။ တုတ်တော့တာပေါ့ဗျာ။ သူ့အမေကလည်း ငယ်ငယ်ကတည်းက အနော်နဲ့သိတယ်။ နယ်မှာဆိုတော့ ဒီလိုပဲ။ အကုန်လုံးက ပတ်သိနေတာ။ သူ့အမေဆဲတော့ ခံရတာပေါ့ဗျာ။ ရှင်းပြလို့မှ မရတာကိုးနော့။
အဲဒီမှာသူ့ အမေက ဘာပြောလဲဆိုတော့….
“သူ့သမီးခြေသလုံး လှလှလေး ဒီလိုဖြစ်တာ နင့်ကြောင့်၊ သူတို့အိမ်က အိုးခွက်၊ ပန်းကန်တွေ ကွဲတာ နင့်ကြောင့်” ဘာညာနဲ့ဗျာ။ နင့်ကြောင့်တွေ ထပ်နေတာဗြဲ။ အနော်ကြာတော့ ပေါက်လာတယ်ဗျ။ ဘယ်နှယ့် ဘယ်လိုမှတောင်းပန်လို့ကိုမရတဲ့ဟာတွေဆိုပြီးလေ။ အဲဒါနဲ့ ပြန်တော့မယ်ဆိုပြီးတော့….ခြံဝကနေ ဆိုင်ကယ်ခွပြီး ဒီလိုအော်ခဲ့တယ်။
“ဘယ်နှယ့် ၊ သောက်ကျိုးနည်း နန်းကြိုင်ခြေသလုံးများလှတယ်တဲ့၊ ငါနှယ့်…သတ်သာသေလိုက်ချင်တာ့တယ်။ ပလောင်တောင်တတ် ခြေသလုံးကိုများ” ဆိုပြီးလေ။ အော်ပြီးတာနဲ့ ဆိုင်ကယ်ကို “၀ှီ” ခနဲ နေအောင် သုတ်တာ။
သိတယ်။ အနောက်ကနေ ၀ါးလုံးပျံတို့၊ တုတ်ပျံတို့ လိုက်လာမယ်ဆိုတာ။ နန်းကြိုင်အမေများဗျာ။ ဘယ်လောက်တောင် တင်းသွားလဲဆိုရင်… ထမိန်မပြီး လိုက်လာတာ။ ဈေးလေးနားထိရောက်တယ်ဆိုဗြဲ။ မနာလို့လည်း မရဘူးလေ။ သူက သူ့သမီးခြေသလုံးကလှလှလေးဆိုတာကို အနော်က တောင်တတ်လို့ တုတ်ပြီး၊ တောင့်တင်းနေတဲ့ ပလောင်မခြေသလုံးနဲ့ နှိုင်းယှဉ်ပေးလိုက်တာကိုး အရိုက်ထိသွားတာပေါ့ ဟေးဟေး ။ ဟုတ်တယ်လေဗျာ။
ပြသနာတစ်ခုကို သေးအောင် ဖုံးတယ်။ ဖိတယ်။ မရဘူးလား။ ဘယ်လိုမှ မရရင်၊ ငဇူးတို့က ဓါတ်ဆီလောင်းပြီး မီးရှို့ ပလိုက်တယ် ပြီးယော ဟေးဟေး။
ဆိုင်ကယ်မောင်းပြီး ပြေးရင်းနဲ့ ဟိုမနေ့ညက လင်ဗန်းနဲ့အသားကင်စားနေတဲ့ ငနဲကိုလည်း မြင်ယောင်မိတယ်။ ဒီကောင်ကိုလည်း ဆုံးမရမယ်ဆိုပြီးလေ။ အဲဒါနဲ့ ဒီလိုကောင်တွေရှိတတ်တဲ့ အရက်ဆိုင်တွေဘက်ကို ဆိုင်ကယ်ခြေဦးလှည့်လိုက်တယ်။ သူတို့ရှိတတ်တဲ့နေရာတွေကို အရင်လိုက်ရှာရမယ်။ ပြသနာက တတ်နေပြီလေ ကိုယ်လည်း မငြိမ်းနိုင်တော့ နည်းနည်းတော့ ထပ်ရှာပြီးမှ အပြစ်ခံတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း တစ်ခါတည်းချလိုက်တယ်။

ညောင်ပင်ပေါ်က လင်ဗန်း။အပိုင်း(၂)
stextbox id="info"]ပြသနာက တတ်နေပြီလေ ကိုယ်လည်း မငြိမ်းနိုင်တော့ နည်းနည်းတော့ ထပ်ရှာပြီးမှ အပြစ်ခံတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း တစ်ခါတည်းချလိုက်တယ်။ [/stextbox] ဒီလိုနဲ့ အဲဒီမနက် တစ်မနက်ခင်းလုံးက ခမောက်နဲ့လူကို ရှာတာနဲ့တင် အချိန်ကုန်သွားတာပါပဲ။ အရက်ဆိုင်တွေလည်းကုန်ပြီ။ နောက်ပြီး သူငယ်ချင်းတွေနေတဲ့ဘက်လည်းလိုက်ရှာတယ်။ မေးတယ်။ အဲဒီလိုပုံစံနဲ့လူ ညကလာလားပေါ့နော်။ သူငယ်ချင်းတွေက တစ်ယောက်မှ မသိဘူးဆိုတာချည်းပဲ။ မရှိပါဘူး။ မမြင်ဖူးပါဘူး။ ဒါတွေပဲ ကြားခဲ့ရတာ။ အဲဒါနဲ့ နောက်ဆုံးတော့ အနော်လည်း လက်လျှော့လိုက်ရတယ်။ ပြီးတော့ အိမ်မပြန်ချင်သေးတာနဲ့။ ဈေးကြီးနားက အမတစ်ယောက် အိမ်မှာဝင်ပြီး အိပ်နေလိုက်တယ်။ အိမ်မပြန်တာ အကြောင်းရင်းချိတယ်ဗျ။ နန်းကြိုင်တို့ အမေက ပါးပါးကို သွားတိုင်မှာ သေချာတယ်။ အခုချိန်လောက်ဆို အဖိုးကြီးက ရေလည် ဒေါခွီးနေလောက်ပြီ။ သတင်းတွေအားလုံး သူ့နားထဲေ၇ာက်နှင့်နေလောက်ပြီလေ။ သူ့ ခြံကို အသားစိမ်း၊ ငါးစိမ်း မသွင်းပါနဲ့ဆိုတာကို ကျွန်တော်တို့က ပါတီပေးလိုက်တာကိုး ။ နောက်ပြီးတော့ နန်းကြိုင်ရဲ့ ပန်းကန်တွေ၊ ဘာတွေကလည်း လျော်ပေးရအုံးမှာ။ အဲဒါက သေချာတယ်။ အဖိုးကြီးပေးရမှာ ။ သူက အနော်ကို ခေါ်ထားတာဆိုတော့ ဖြစ်သမျှပြသနာ သူ့ခေါင်းကြီးပဲလေ။ အဲဒါကြောင့် အနော် သူ့ဆီမှာနေရင် သူတာဝန်ကြီးတယ်လို့ ပြောတာပေါ့ ။
အနော်လည်း ဟိုတွေး၊ ဒီတွေးနဲ့ တော်တော်လေးကြာမှ အိပ်ပျော်တာရယ်။ ဘယ်လောက်တောင် အိပ်ပျော်သွားလဲမသိဘူး။ နိုးလာတော့ ညနေစောင်းနေပြီ။ ခေါင်းကိုက်တာတော့ တော်တော်လေးသက်သာသွားပြီ။ အဲဒါနဲ မျက်နှာသစ်ဖို့ အပြင်ဘက်ထွက်လာတုန်း အငယ်ဆုံးတူမလေးက ကျွန်တော်ကို လာပြောတယ်။
“ဦးဇူးကို မမ အလင်းလာရှာသွားတယ်။ အဲဒါ သမီး ဦးအိပ်နေတယ်လို့ ပြောလိုက်တယ်” တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း သူဘာပြောတုန်း ဆိုတော့။ “ည အိမ်မလာနဲ့ တဲ့။ အဖေ ဒေါခွီးနေတယ်” လို့ ပြောသွားတယ်တဲ့။ သေယော။ ထင်ထားတဲ့ အတိုင်းပဲ အဖိုးကြီးက တော်တော်ကို ပေါက်နေလောက်ပြီ ။ ကျွန်တော်လည်း အမအိမ်မှာ မျက်နှာတွေ၊ ဘာတွေသစ်ပြီး ကိုယ်အိမ်ကိုယ်ပြန်သွားလိုက်တယ်။ ပါးပါးခြံထဲက သွားစရာမလိုတော့ဘူးလေ။ အားလုံး လုပ်ပေးပြီးပြီဆိုတော့။ ဘယ်လောက်လုပ်ပေးလုပ်ပေးပါ။ ဖြစ်ထားတဲ့ ပြသနာက ကျွန်တော်ကို နာမည်ကောင်းထွက်စေမှာမဟုတ်ဘူး။ ကိုယ်အိမ်ပြန်ရောက်တော့လည်း အိမ်က ခြံစောင့်အဖိုးကြီးက ဆူပြန်ရော။ ပါတီကိစ္စ၊ ပန်းကန်ကွဲတဲ့ ကိစ္စ၊ နန်းကြိုင်တို့ အမေနဲ့ ရန်ဖြစ်တဲ့ ကိစ္စ စုံနေတာပါပဲဗျာ။ အဲဒီသတင်းကလည်း မြို့ထဲမှာလည်းအကုန်လုံး သိပြီးနေပြီ။ ကိုယ်အိမ်ပြန်လာတဲ့ လမ်းမှာ တွေ့တဲ့ သူငယ်ချင်းတိုင်းကလည်း အဲဒါကိုပဲ ပြောနေတာ။ သိတာပေါ့။ အနော်လည်း ပြောမနေတော့ ပါဘူး။ စိတ်ညစ်လာတာနဲ့။ အိမ်ထဲဝင်ပြီး ကိုယ့်အခန်းကိုယ်ရှင်းနေလိုက်တယ်။
ကျွန်တော် အခန်းရှင်းနေတုန်း ကျွန်တော် ညီမတစ်ယောက်တတ်လာတယ်။ နာမည်က အားလျန်ပါ။ အမျိုးတော့ မတော်ဘူးရယ်။ ခြံစောင့်အဘိုးရဲ့ သမီး။ ငယ်ငယ်ကတည်းက တူတူနေလာတော့ မောင်နှမလိုဖြစ်နေတာ။ သူက ကျွန်တော်အခန်းရှင်းတာကို သေသေချာချာလာကြည့်နေတယ်။ အနော် စိတ်တိုနေတော့ဗျာ။ မျက်နှာက မကြည်ဘူးရယ်။ မာထန်နေတယ်။ သူက ၀ိုင်းလုပ်ပေးဖို့လာတယ်ထင်ပါတယ်။ အနော် မျက်နှာမာနေတော့ အော်မှာလည်း ကြောက်တယ်ထင်တယ်။ အဲဒါနဲ့ ရပ်ပြီးတော့ ကြည့်နေတော့တာပါပဲ။ တော်တော်လေးကြာမှ သူက စပြီးစကားပြောတယ်။
“ကိုဇူး… မနက်က ခမောက်နဲလူကို လိုက်ရှာတယ်ဆို တွေ့လား” တဲ့။ အဲဒါနဲ့ အနော်က
“နင်က အဲဒါကို ဘယ်က သိလာပြန်ပြီလဲ” လို့ မေးလိုက်တယ်။
“အကိုအကြောင်း မြို့ထဲမှာ ပြောနေတာပဲ သိတာပေါ့။ ညက မမအလင်းခြံထဲမှာ သောင်းကျန်းကြတယ်ဆို။ ဒါနဲ့ မေးတာဖြေပါဦး။ တွေ့လား။ အဲဒီခမောက်နဲ့လူကို” တဲ့။ သူက ခမောက်နဲ့ လူအကြောင်းချည်း ဇွတ်မေးတော့တာ။
“မတွေ့ဘူး။ ပြီးတော့ အဲဒီလူကို အကို တစ်ခါမှ မမြင်ဖူးဘူးရယ်” လို့ ပြောလိုက်တယ်။
အဲဒီမှာသူက ကျွန်တော် မသိသေးတဲ့ အကြောင်းကို ပြောတော့တာပါပဲ။
“အာ…ကိုဇူးက ယုံမလားတော့ မသိဘူး။ အဲဒါလူမဟုတ်ဝူးယော။ အဲဒီခြံသရဲခြောက်တယ်လေ။ အကိုက ရန်ကုန်မှာသွားနေနေလို့ ဘာမှ မသိတာ။ ပြီးတော့ အကိုသူငယ်ချင်းတွေကလည်း မြို့ထဲမှာချည်း အချိန်ကုန်နေတာ သူတို့ သွားမေးလို့ ဘယ်သိမတုန်း၊ အဲဒီခြံအကြောင်း သိချင်ရင် အဲဒီခြံနားနေတဲ့ လူမေးရတယ်။ အကိုကလည်း ပိန်းပ” ဆိုပဲ။
ညီမက အနော်ကို ဆရာပြန်လာလုပ်နေတော့ ကျွန်တော်လည်း သူ့ကို ပြန်ငေါက်လိုက်တယ်။
“သေလိုက်ပါလား။ နင့်ဟာက သရဲဆို ငါညကတည်းက မီးဖုတ်ပြီး စားပလိုက်တယ်။ သောက်ကျိုးနဲ့ သရဲဆိုတာ ဘယ်တော့မှာ မျက်နှာမပြဘူးဟ။ နင်က ငါ့များ ဆရာလာလုပ်နေသေးတယ်။ သေချင်လို့။ အဲဒီလူက သူအကင်ဝှိုက်နေတာကို ငါသေသေချာချာမြင်တာ။ လူပါဟ။ နင်ကလည်း။ ဘယ်နှယ့် သရဲ ဖြစ်ရမတုန်း” ဆိုပြီးလေ။
အဲဒီမှာသူက အချက်အလက်နဲ့ ရှင်းပြတော့တာပါပဲ။
“တွေ့လားအကိုက ပြောရခက်ကြီး၊ မမအလင်းတို့ အဖေက အကိုကို ဘာလို့ သက်သက်လွတ်ချည်း ကျွေးလွှတ်တယ်ထင်လဲ။
ဘာမှမဟုတ်ဘူး။ အဲဒီခြံက သားစိမ်း၊ ငါးစိမ်းကို သွင်းလို့ကို မရတာ။ သွင်းတာနဲ့ အဲဒီလို ပြသနာတွေတတ်တယ်။ အရင်တုန်းက အဲဒီခြံမှာ ခြံစောင့် ထားတယ်။ နောက်ပိုင်း မထားတော့တာ အဲဒါကြောင့် သိလား။ အသားဟင်းတွေ၊ ဘာတွေများ ချက်မိလို့ကတော့ ညနေစောင်း နေရောင်ကွယ်တာနဲ့ ၀င်နှိုက်တာတဲ့။ အဲဒါကြောင့် ခြံစောင့်မထားတော့ပဲ
ဒီအတိုင်း ပစ်ထားတာ။ ပြီးတော့ အဲဒီ အကြောင်းကို မမအလင်းတို့တောင် သိတာမဟုတ်ဘူး။ သူ့ အဖေက ဘယ်သူမှ မပြောဘူး။ ညီမတောင် အဲဒီခြံစောင့်ကြီးက သူ အဲဒီခြံက အလုပ်ပြုတ်လာတော့ ဒီမှာ လာလုပ်လို့ သိတာ။ အကိုက ဘာမှ မသိပဲနဲ့ ။ ပြီးတော့ ဒီကစေတနာနဲ့လည်း ပြောပြရသေးတယ်။ဟွန့် တွေ့ရင် ဟောက်မယ်၊ ငန်းမယ်ဆိုတာချည်းပဲ။” ။
သူကသူပြောချင်တာတွေကို ပြောလို့ပြီးတာနဲ့ အိမ်အောက်ကို ပြေးဆင်းသွားတာ။ အနော်လည်း သူပြောစကားတွေကြားတော့ နည်းနည်းလေးတော့ အံ့သြသွားတယ်။ ရှင်းရှင်း ပြောရရင် အဲဒီခြံအကြောင်း ကျွန်တော် ဘာမှ မသိပါဘူး။ ဒီလိုပဲ လုပ်ဆိုလို့ လုပ်ပေးလိုက်တာ။ သိတာဆိုလို့ ခြံရဲ့ ဟိုဘက်မှာ သင်္ချိုင်းကုန်းရှိတယ်ဆိုတာပဲ သိတာ။ ညီမလေး ပြောသွားတာက မှန်၊ မမှန်တော့ မသိဘူး။ အဲဒီအတိုင်းဆိုရင်တော့ ညက ဖြစ်ပျက်သွားတဲ့ ပုံစံက တော်တော်ကြောက်လန့်ဖို့ကောင်းတယ်။ ကျွန်တော်လည်း တွေးရင်းနဲ့ ကြက်သီးဖြန်းဖြန်းထလာတယ်။ ဟုတ်တယ်လေဗျာ။ တော်သေးတာပေါ့၊ အသားကင်တွေပဲ ကြိတ်သွားလို့။ လူတွေပါ ဆွဲတီးသွားရင် သေမှာ ။
ဒါပေ့မယ့် ကျွန်တော် မယုံသေးပါဘူး။ အဲဒီအကြောင်းကို ခြံပိုင်ရှင်ဖြစ်တဲ့ အနော် မွေးစားအဖေက
“အဲဒီဟာ သရဲဟုတ်ပါတယ်”လို့ သူ့ပါးစပ်က မပြောမခြင်း ကျွန်တော် မယုံပါ။ စိတ်ထဲမှာလည်း ဒွိဟလေးတွေဖြစ်နေတယ်။
ပါးပါးက သူခြံထဲ သရဲရှိတယ်ဆိုလည်း ကျွန်တော်ကို အစကတည်းက ပြောရမှာ။ အခုမှရှိလာတယ်ဆိုတော့။ ကျွန်တော်တို့ အိပ်ခဲ့တဲ့ တောက်လျှောက် ဘာပြသနာမှ မရှိပါဗျာ။ ပါတီပွဲပေးပြီးမှပဲ ပြသနာက တတ်တာ။ ပေးတယ်ဆိုတာကလည်း အလုပ်သမားတွေ ပျော်အောင်၊ ရွှင်အောင်လို့ပါ။ အခုဟာက အပျော်အရွှင်ပြီးတာနဲ့ ပြသနာက ကပ်ပါလာတာ။ လူတိုင်းဖြစ်လားဆိုတော့ မဖြစ်ဘူးရယ်။ အနော်တစ်ယောက်တည်း ဖြစ်တာ။ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ အဲဒီလိုတွေးနေတုန်းမှာ…ခြံဝကနေ အော်ခေါ်သံတစ်ခုကို ကြားရတယ်။
“ငဇူး ရောက်ပြီလားဝေ့” ဆိုပြီး အထဲကို လှမ်းမေးနေတာ။ အားလျန်တို့အဘိုးက ခြံတံခါး သွားဖွင့်ပေးလိုက်တယ်။
ဘယ်သူထင်လို့တုန်း။ အနော့် မွေးစားအဖေလေ အဲဒါ။ ကျွန်တော်လည်း သူ့ခြံထဲဝင်လာတယ်ဆိုတာ သိတော့ ဘယ်ပြေးပုန်းရမလဲ မသိဘူးရယ်။ အဲဒါနဲ့ နောက်ဆုံး အိမ်နောက်ဖေးပေါက်က ဆင်းပြီး….ခြံထဲ ဆင်းပုန်းနေရတာ။ သူကလည်း တစ်အိမ်လုံး အပြင်၊ တစ်ခြံလုံးကိုပါ ဒေါင်းတောက်အောင် ရှာတာ ။ တင်းတာတော့ တော်တော်ကို တင်းနေတာ။ နောက်ဆုံး သူရှာမတွေ့တော့ သူ့ အိမ်သူပြန်သွားတယ် ။ အမှန်က ကျွန်တော်က အိမ်သာထဲဝင်ပုန်းနေတာပါ။ နယ်က အိမ်တွေရဲ့ အိမ်သာက အိမ်ရဲနောက်ဖေးကို တော်တော်လေးလျှောက်မှ ရောက်တာကိုး။ အဲဒါကို အဖိုးကြီးက ခြံထဲကို ပတ်ရှာနေတယ်လေ။ ဘယ်တွေ့မတုန်း ခြံထဲသွားပုန်းနေတာမှ မဟုတ်တာ။ သူပြန်သွားတော့ မိုးတောင်တော်တော် ချုပ်နေပြီ။ ကျွန်တော်လည်း အိမ်ထဲ ပြန်ဝင် ထမင်းတွေ၊ ဘာတွေ တုတ်ပြီး။ ဆိုင်ကယ်ဆွဲပြီး အပြင်ထွက်ဖို့ ပြင်တယ်။ လက်ဖက်၇ည်ဆိုင်သွားမို့ပါ။
အဲဒီမှာ ပြသနာစတာဗျာ။ ခြံထဲက ခြံပြင်ကို ဆိုင်ကယ်တွန်းပြီး အထွက်။ ဘေးကနေ လူတစ်ယောက်က ကျွန်တော် ဂုတ်ကို လာကိုင်တယ်။ ပါးစပ်ကလည်း “မိပြီ၊ ခွေးမသား” ဆိုပြီး၊ လက်ထဲမှာပါလာတဲ့ နှစ်တလက်မနဲ့ တီးတာများ မြင်တောင်မကောင်းဘူး။ ကျွန်တော်ခေါင်းလည်း တော်တော်ဖုသွားတယ်။ အမှန်တော့ ဂုတ်ကိုလာကိုင်ကတည်းက ရုန်းပြီး ပြန်ထိုးမလို့၊ ကိုယ်ကိုလုပ်နေတဲ့ သူမျက်နှာကို မြင်လိုက်တော့ လန့် သွားတယ်။ မွေးစားအဖေလေဗျာ။ ဘယ်ကတည်းက ခြံစည်းရိုးဘေးမှာကပ်နေလဲ မသိဘူး။ ကျွန်တော်ကလည်း သူ့ကို မမြင်လိုက်ဘူး။ ပြန်သွားပြီပဲ ထင်တာကိုး။ အဖိုးကြီးက ဇွဲကောင်းတယ်နော်။ ထိုင်ကို စောင့်နေတာ။ အဲဒါနဲ့ အဖိုးကြီးက အနော်ကို အိမ်ထဲ ပြန်သွင်းပြီး သမ တယ်ဆိုပါတော့ဗျာ။
ဆူတာ၊ ဆဲတာကလည်း စုံစိနေတာပါပဲ။ ပြီးတော့ ခြံထဲမှာ မနေ့ညတုန်းက အရက်သောက်တဲ့ ကိစ္စတွေရော၊ မနက်က သူများသားသမီးကို သွားစော်ကားတဲ့ ပြသနာတွေရော ပေါင်းပြီး ကျုံးတာ။ ဘယ်လောက်တောင် ကျွန်တော်ကို အဖိုးကြီးက အော်နေလဲဆိုတော့၊ လမ်းသွား၊ လမ်းလာနဲ့ ဘေးအိမ်တွေကပါ ထွက်ကြည့်ကြတယ်။ အနော်ကလည်း သူရိုက်တော့လည်း ခံပေါ့ဗျာ။ ဘာပြန်လုပ်လို့ရမတုန်း။ အဖေဟာကို L ။ ခဏနေတော့ အလင်းနဲ့ မားမား ရောက်ချလာပြီးတော့ သူကို ဆွဲတယ်။ ကျွန်တော်ကိုလည်း ၀င်ကာတယ်။ အဖိုးကြီးက ဆွဲတဲ့လူရော၊ ၀င်ကာတဲ့ သူ့သမီးပါတီးတာ ဟေးဟေး ။ လူတွေက သိတယ်မလား။ မျောက်ပွဲကျနေတာပဲ။ ဟိုဘက်၊ ခုန်လိုက်။ ဒီဘက်ခုန်လိုက်နဲ့ ။ ကျွန်တော်ကလည်း သူရိုက်ရင် သူ့ သမီးချည်း ဆွဲဆွဲပြီးကာတာ ။ အနော်ကို ထိတော့ဘူး။ အလင်းချည်းလိမ့်ခံရတာ ။ တော်တော်ကြာတော့မှ ဘိုးတော်က အရိုက်ရပ်ပြီး ကျွန်တော်ကို ဆုံးမတဲ့ စကားပြောတော်မူတယ်။
“အသက်ကလည်း မငယ်တော့ဘူး။ အဲဒါကို မင်းက ဒီလိုတွေချည်းလုပ်နေတော့မှာလား၊ ဒီလိုပဲ နေသွားတော့မှာလား” ဘာညာပေါ့ဗျာ။ သိတယ်မလား။ လူကြီးစကားတွေပဲပေါ့။ ကျွန်တော်ကလည်း သူဆူနေတုန်းတော့ ဘာမှ မပြောဘူးရယ်။
သူဆူလို့ ပြီးမှ ဒါကို ထမေးလိုက်တာ။
“ပါးပါးခြံထဲမှာ သရဲရှိတယ်ဆို၊ အဲဒါကို ဘာလို့မပြောတာလဲ။ အမှန်အတိုင်းပြောပါ” လို့ လေ။ အဲဒီလိုမေးတော့ အဖိုးကြီးက အံ့သြသွားတယ်ထင်တယ်၊ မျက်စိတွေဘာတွေ ပြူးပြီး…
“ဟမ်… မင့်ကို ဘယ်သူပြောသတုန်း၊ အဲဒီစကား” လို့ ပြန်မေးတယ်။ ကျွန်တော်က
“ဘယ်သူပြောပြောပါ။ ဘာလို့အစကတည်းက မပြောတာလဲ။ ပြောလို့ ကျွန်တော် သိထားရင် ဒီလိုကိစ္စဖြစ်လာမလား။ ပါးပါးမပြောလို့ ဒီလိုကိစ္စတွေ ဖြစ်လာတာ။ မသိတော့လုပ်တာပေါ့။ သိရင် ဆင်ခြင်လို့ ရတဲ့ဟာကို” ဆိုပြီး ပြန်ကွန့်လိုက်တယ်။
အဲဒီမှာ အဖိုးကြီးက ဒေါသထပ်ထွက်လာတယ်ထင်ပါတယ်။ ကျွန်တော်က သူကိုပြန်လှန်တိုက်စစ်စင်သလိုဖြစ်သွားတာကိုး စကားပြောပုံကလေ။ သူမပြောလို့ ဖြစ်ရသလိုလို၊ ဘာလိုလိုနဲ့။ အမှန်တော့ ကိုယ်လုပ်လို့ ဖြစ်တာပါ ဟီး ဟိ။
“ခွေးမသား၊ ငါ့ပြန်ခံပြောနေတယ်။ သေချင်လို့။ အေး မင်းယုံလား အဲဒီခြံထဲမှာ သရဲရှိတယ်ဆိုတာ” ဆိုပြီး ကျွန်တော်မျက်စိကို တည့်တည့် ကြည့်ပြီး မေးလာတယ်။ ကျွန်တော်ကလည်း သူမျက်စိကို သေသေချာချာပြန်ကြည့်ပြီး
“သူများပြောတာတွေကို မယုံလို့ ပါးပါးကို၊ ကိုယ်တိုင်မေးတာပေါ့ ။ အမှန်ကို ပါးပါးကိုယ်တိုင်ပြောတာကို လိုချင်လို့။ ဟုတ်လား၊ အဲဒီခြံထဲမှာ သရဲ ရှိတယ်ဆိုတာ” လို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အဖိုးကြီးက ကျွန်တော်ကို အခုပဲ ထသတ်တော့မလိုလို၊ ဘာလိုလိုနဲ့ အသေရှိုးတာ။ ကျွန်တော်ကလည်း သူ့ မျက်စိကို ပြန်ကြည့်နေတာကို လုံးဝမလွှဲဘူး။
ဘေးနားမှာ ၀ိုင်းဆွဲနေကြတဲ့လူတွေ၊ အလင်း၊ မားမား၊ ညီမလေး၊ အဘိုးနဲ့ ကျန်တဲ့ ခြံထဲက အလုပ်သမားတွေကလည်း ငြိမ်သက်နေတာပဲ။ သူတို့အားလုံးကလည်း အဲဒီအဖြေကို သိချင်နေကြတယ်။ အခန်းထဲမှာလည်း အပ်ကျသံကြား၇အောင်ကို တိတ်ဆိတ်သွားတာ။ တော်တော်လေးကြာတော့မှာ ပါးပါးက သက်ပြင်းရှည်ကြီးတစ်ချက်ကို ဆွဲထုတ်ပြီး တစ်ခွန်းတည်း ဒီလိုဖြေတယ်။
“အေး ရှိတယ်” တဲ့။
“ဟိုက်” “ဟမ်” “အိ” “တကယ်” ။ အဲဒီအသံတွေ အကုန်လုံးက ဘေးက ၀ိုင်းနားထောင်နေတဲ့ သူတွေဆီက ထွက်လာတာပါ။ ကျွန်တော်လည်း ကြောင်သွားတယ်။ အလင်းတို့အဖေကိုယ်တိုင်က ရှိတယ်လို့ ပြောတာကိုး။ ပြီးတော့ သရဲတွေဘာတွေရှိရင်လည်း ပါးပါးက ကျွန်တော်ထက် ကြမ်းတယ်။ သရဲက သူခြံထဲမှာ အကြာကြီးနေနိုင်မယ်မထင်ဘူး။ သူကြမ်းလို့ကို ပြေးမှာ။ သူက အဲဒီလို လူစားဗျာ။ အဲဒါကို ဘာဖြစ်လို့။ အဲဒီခြံထဲက သရဲကို မောင်းမထုတ်လဲဆိုတာ အနော်မသိဘူး။ စိတ်ထဲမှာတော့ တော်တော်လေးကို တွေးပလိုက်တာ။ တွေးတိုင်းလည်းဝေးဝေးသွားတယ်။ သရဲရှိတဲ့ ခြံဗျာ။ အရင်ဆုံး ခြံကို သန့်အောင်လုပ်ပေါ့။ ဟုတ်တယ်မလား။ ပြီးမှ ခြံတွေ၊ ဘာတွေ ရှင်း။ ကိုယ်စိုက်ချင်တာ စိုက်ပေါ့ဗျာ။ အခုဟာက မဟုတ်သေးပါဘူး။ ပါးပါးက မဟုတ်သေးပါဘူးဗျာ။
“ရှင် အဲဒါ အစကတည်းက သားကို မပြောပဲနဲ့ ဘာလို့ မြုံနေတာတုန်း” ။ ဒီစကားကို မေးလိုက်သူကတော့ မားမားပါပဲ။ မားမားကို ကြည့်လိုက်တော့လည်း သူမျက်နှာကြီးက နီရဲပြီး ပေါက်ကွဲနေတဲ့ အထာပြနေတယ်။ ကျွန်တော်ကို အစကတည်းက မပြောပဲနဲ့ ခြံသွားရှင်းခိုင်းလို့။ ပြီးတော့ ဒီကိစ္စကို ဘယ်သူကိုမှ အသိမပေးလို့လေ။ အနော်လည်း အဲဒါကို စဉ်းစားနေတာ။ သရဲရှိတာကို ဘာလို့ အသိမပေးရတာတုန်း ဆိုပြီး။ ပါးပါးကတော့ တစ်ခွန်းမှ မဟဘူးနော်။ သူဘာသာသူ အိမ်ပေါက်က၀နေ လှမ်းမြင်နေရတဲ့ လမ်းမကြီးကို ငေးပြီး ငြိမ်နေတယ်။ တစ်ခွန်းမှကို မပြောတာ။ အလင်းကလည်း သူ့အဖေဒီလိုလုပ်တယ်ဆိုတော့ အံ့ သြတကြီးနဲ့။ ဟုတ်တယ်လေဗျာ။ ပါးပါးနဲ့ ကျွန်တော်နဲ့က အရင်ကတည်းက ခံယူချက်ခြင်းတုတာရယ်။ နတ်မယုံတာတူတယ်။ သရဲမယုံတာတူတယ်။ ပြီးတော့ ကျွန်တော်ကို တော်တော်ချစ်တာ။ ဘာမဆို အနော်နဲ့ အရင်တိုင်ပင်တာ၊ ပြီးမှ လုပ်တာ ဒီလိုမျိုး။ အဲဒီလိုလူကြီးက အခုလို ကိစ္စကို မြုံထားတယ်ဆိုတော့ဗျာ။
အံ့သြမယ်ဆိုရင်လည်း အံ့သြစရာပါ။ အလုပ်သမားတွေကလည်း ပါးပါး ဘာပြောမလဲဆိုတာပဲ။ နားစွင့်နေကြတာ။ အားလုံးကတည်း သူ့ စကားပဲ နားစွင့်နေကြတာ။ ဒါပေ့မယ် ပါးပါးက တစ်ခွန်းမှကို မပြောတာ။ သူ့ကို လူတွေက စိတ်ဝင်တစားနဲ့ ၀ိုင်းကြည့်လေလေ။ သူက ငြိမ်သက်လေလေပဲ။
အဲဒီမှာ မားမားက စိတ်မရှည်တော့ဘူးထင်ပါတယ်ဗျာ။ ကျွန်တော်ကို ပါးပါး ခုန ရိုက်ထားတဲ့ နှစ်တလက်မ တုတ်ကို ယူပြီါ် အသေထုတာ။ ပါးစပ်ကလည်း။
“ရှင် ဘာ! အူကြောင်ကြောင်လုပ်နေတာတုန်း။ ဘာဖြစ်လို့ ဒီကိစ္စကို မပြောသလဲလို့ မေးနေတယ်မလား။ ပြောလေ။ ပြောလေ၊ ဘာလုပ်နေတာတုန်း” ဆိုပြီး ထုသံကလည်း “ဒုန်း” ခနဲ၊ “ဒုန်း” ခနဲ မြည်နေတာ။ ဟီး ။
အသွင်တူ၊ အိမ်သူ ဖြစ်တာပဲ။ ဟုတ်တယ်မလား။ ယောင်္ကျားကစိတ်ဆတ်ပြီး လူဂွာစာမို့၊ သူ့မိန်းမက အေးမယ်မထင်နဲ့။ အေးတာတော့ အေးပါတယ်။ မားမားက တော်ရုံတန်ရုံနဲ့တော့ ဒေါသမထွက်တတ်ဘူး။ ထွက်ပြီဟေ့ဆို သူက ထိမ်းလို့ကိုမရတာ ။ ပါးပါးလည်း သူ့မိန်းမ ဒေါသထွက်ရင် မနိုင်ဘူးရယ်။ သူ့နိုင်တာဆိုလို့ အနော်ပဲ ရှိတာ။ မားမားရယ်၊ ဘာညာဆိုပြီး ခေါင်းလေးတိုးခွေ့ပြီး ချော့လိုက်ရင် ပြီးတယ်။ အနော်ဆိုရင်ပေါ့နော်။ ကျန်တဲ့သူဆို ခေါင်းကွဲသွားမယ် ဟီး ။
သုံးလေးချက်လောက် ဆက်တိုက်ထုလိုက်မှ၊ ပါးပါး ဆီက ဒီအသံထွက်လာတယ်။
“အဲဒါ ငါ့အကို၊ မကျွတ်သေးတာ” တဲ့လေ။ ဘယ်နှယ့်၊ ရိုက်နေတဲ့ တုတ်လည်း လေထဲမှာ တန်းလန်းကြီး ရပ်သွားတယ်။ ၀ိုင်းနားထောင်တဲ့ သူတွေလည်း နောက်ပြန်တွေ၊ ဘာတွေ လဲချင်သွားတယ် ။ အနော်တောင် မကြားလိုက်လို့ အလင်းကို ကပ်မေးရတယ်။
“ဟဲ့…ပါးပါး ဘာပြောလိုက်တာတုန်း” ဆိုတော့။ အလင်းကလည်း မျက်လုံးလေးဝိုင်းပြီး အူကြောင်ကြောင်နဲ့ ကျွန်တော်ကို
ပြန်မေးတယ်။ “ပါးပါး ဘာပြောလိုက်တာတုန်း” တဲ့။ ကျွန်တော်ကလည်း သိချင်နေပါတယ်ဆိုမှ သူက ပြန်မေးနေတော့။ ပါးပါးကိုပဲ ဒဲ့ မေးလိုက်ရတယ်။ “ဘာပြောလိုက်တာတုန်းဟင်” လို့လေ။ အဘိုးကြီးက နှစ်ခါထပ်ပြောရလို့ ပေါက်သွားတဲ့လေသံနဲ့…
“အေး၊ အဲဒါ ငါ့အကို ရှင်းပြီလား။ အဲဒီခြံ သူခြံ။ သူသေတော့ ခြံကို ငါ့ကို ပေးခဲ့တယ်။ ခြံကို စွဲလန်းပြီး မကျွတ်တာ။ ငါလည်း ဘုန်းကြီးတွေ၊ ဘာတွေ ပင့်ပြီး မျိုးစုံ လုပ်ပြီးပြီး။ အဲဒါလည်း မကျွတ်သေးဘူး၊ သိပီလား။ ငါလည်း မနိုင်တော့တာနဲ့ ဒီအတိုင်းထားထားတာ။ နင့်ကို မပြောဘူးဆိုတာက နင်က မျောက်လောင်း၊ သောက်ရမ်းကမြင်းတယ်။ ဟေး၊ ခြံထဲမှာ သရဲရှိတယ်ဆိုပြီး ညောင်ပင်တွေ၊ ဘာတွေ မီးမြိုက်လိုက်မှာဆိုးလို့ မပြောတာ။ မီးမြိုက်ပြီး ရှို့လိုက်တာ ပြသနာမရှိဘူး။ ဟိုက နေစရာမရှိရင် ခြံထဲ ပတ်သောင်းကျန်းနေမှ ငါ့ခြံရောင်းမထွက်တော့ ၊ ဘယ်မသာက လာဝယ်မတုန်း။ ဟင်း..ဟင်း” ဆိုပြီး ပြောလို့ ပြီးတာနဲ့ အံကြီး ကြိတ်ပြီး သူ့ အိမ်သူ ပြန်သွားပါလေယောလား။
အိမ်ထဲမှာ ကျန်ခဲ့တဲ့ သူတွေက အခုမှာ အိပ်ယာက နိုးလာသလိုလို၊ အတိတ်မေ့ရာက ထလာသလိုလိုနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးပဲ ပြုံးရမလိုလို၊ ၀ါးလုံးကွဲပဲ ရီချလိုက်ရမလိုလို၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ နောက်ပြန်လဲပြီး သေလိုက်ချင်သလိုလိုတွေဘာတွေ ဖြစ်ကုန်တယ်။ ဟုတ်တယ်လေဗျာ။ သူ့လို လူမှန်၊ သူမှန်။ ဗုဒွဘာသာဝင်စစ်စစ်တစ်ယောက်က ဒီလိုမျိုးကိစ္စကြီးကို ဒီအတိုင်းကြီး လက်ပိုက်ကြည့်နေမယ်လို့ ဘယ်သူထင်မတုန်း။ အနော်တောင် တော်တော် လေသွားတယ်။ ဘယ်နှယ့် ကိုယ့်အကိုပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သေပြီးနေတဲ့ ကိစ္စကြီးကို ကျွတ်အောင်တော့ လုပ်ပေးသင့်တာပေါ့။ ဘယ်နှယ့်…၀ိဥာဉ်က သူ့ခြံစွဲလန်းပြီး နေနေတာ၊ ဘယ်လောက်နှစ်တွေတောင်ကြာနေပြီလဲ မသိဘူး။ ပန်ကန်တောင် ထိတွေ့၊ ကိုင်တွယ်လို့ ၇နေပြီ။ အဲဒါ ပြသနာနော်။
တကယ်ပြသနာ။ ကြာကြာထားရင် မလွယ်ဘူး။ ကျန်တဲ့သူတွေ ဒုက္ခများကုန်မယ်။ ပြီးတော့ သူက ဥယျာဉ်ခြံစိုက်မှာ။ စိုက်ရင် ခြံစောင့်တွေဘာတွေ ထားရတော့မှာ။ လူပဲဗျာ။ အသားစားချင်စားမှာပေါ့။ သက်သက်လွတ်လည်း စားချင်စားမှာပေါ့။ အသားမစားနဲ့ သွားတား ဘယ်ရလိမ့်မတုန်း။ စားလို့ ဘာမှ မဖြစ်ရင် ပြသနာမဟုတ်ဘူး။ ဟိုသရဲက မနေနိုင်လို့ ၀င်နှိုက်ရင် အောင်မြတ်လေး…မတွေးရဲဝူး။ ဘယ်နှယ့်ဗျာ ပြသနာကို ခါးပိုက်ထဲထည့်ထားတယ်။ ကျွန်တော်လည်း တွေးရင်း၊ တွေးရင်းနဲ့ သေချင်စိတ်တွေဘာတွေ ပေါက်သွားတယ်။ မားမားကလည်း သူ့ယောင်္ကျား ဒီလိုမျိုးချည်းဆိုတော့ ကြက်သေသေပြီး ပက်လက် ကုလားထိုင်မှာ ထိုင်လို့။ အလင်းကလည်း သူ့အဖေက ဒီလိုမျိုးဆိုတော့ အနော်ဘေးမှာ ပို့လို့ပက်လက်ကို လှန်လို့ ။ အားလုံးကတော့ နောက်ဆုံးမှာ သက်ပြင်းရှည်ကြီးတွေ ထုတ်ပြီး ပြန်သွားကြတယ်။ အလင်းကတော့ အိမ်မပြန်တော့ဘူးတဲ့ ဒီည။ အနော်နဲ့ အိပ်တော့မယ်တဲ့။ မားမားကလည်း မပြန်ချင်တော့ဘူးဆိုပြီး။ အဲဒါ သားအမိတွေ အိမ်မှာ အိပ်ကြလေရဲ့။
………………………………………………………………………………………

ညောင်ပင်ပေါ်က လင်ဗန်း။အပိုင်း(ဇာတ်သိမ်း)
မားမားတို့က ညဘက်အိပ်တယ်ဆိုပေ့မယ်လည်း သက်ပြင်းချသံတွေက ခဏခဏနဲ့ ကြားနေရတာ။ အလင်းကလည်း အိပ်ယာကထလိုက်၊ မီးထဖွင့်လိုက်၊ အိပ်သာထ သွားလိုက်နဲ့ သန်းခေါင်ယံကျော်တဲ့ အထိ တစ်ယောက်မှ မအိပ်ရတေးဘူး။ အိပ်ယာထဲလဲနေကြတာပဲ ရှိတာ။ လူတိုင်းက အတွေးကိုယ်စီနဲ့လေ။ အိပ်မပျော်တဲ့အဆုံးမှာ မားမားက ထပြီး ၀ရန်တာမှာ သွားရပ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူ့နားမှာ သွားရပ်ပေးနေလိုက်တယ်။ သူက ကျွန်တော်ကို စပြီးတိုင်ပင်တယ်။
“နင့်အဖေကို ဘယ်လိုလုပ်ရ ကောင်းမတုန်း” တဲ့။ အနော်လည်း မဖြေတတ်ပါဘူး။ အဲဒီစကားကို တော်တော်လေးဖြေဖို့ကို စဉ်းစားနေရတယ်။ အဖေက အနော့် ဘ၀မှာ လမ်းပြပေးသူလေ။ အခုသူက လမ်းမှားကြီးလိုက်နေတော့ ကိုယ်က တိုင်ပတ်နေတယ်။ လမ်းပြန်ပြဖို့ဆိုတာကလည်း သူကလက်ခံရင်တော်သေးတယ်။ လက်မခံရင် တေမှာ။ ဒီလိုနဲ့ အလင်းပါ ကျွန်တော်တို့နား ရောက်လာတယ်။ တိုင်ပင်ကြပေါ့ဗျာ။ အဖေကိစ္စ ဘယ်လိုလုပ်ကြရင် ကောင်းမလဲဆိုပြီး။ နောက်ဆုံးတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အဖေကို နားချပြီး အဲဒီခြံထဲမှာ ပရိတ်ရွှတ်ဖို့ ကြံကြရတယ်။ အဲဒီကိစ္စကို မရရအောင်လုပ်မယ်လို့ မားမားက ပြောပါတယ်။ ဒီလိုနဲ့ သားအမိတွေ မိုးလင်းတာပါပဲ။ မနက်ကျတော့ မားမားနဲ့ အလင်းလည်း သူတို့အိမ် သူတို့ ပြန်သွားကြတယ်။ ကျွန်တော်ကတော့ ပြန်အိပ်လိုက်တယ်။ တစ်ညလုံးလည်း တရေးမှ အိပ်ရတာမဟုတ်တော့။
ဒီလိုနဲ့ မားမားတို့က ပါးပါးကို ပရိတ်ရွှတ်ဖို့ ပြောကြတယ်ဆိုပါတော့ဗျာ။ အစကတော့ ပါးပါးက လုံးဝလက်ခံတာမဟုတ်ဘူး။ နောက်ပိတ်ဆုံး မားမားက အတင်းအကြပ်ပြောတော့မှ လက်ခံလိုက်တာ။ အဲဒီမှာ သူကဘာပြောလဲဆိုတော့ “ပရိတ်ရွတ်တဲ့နေ့ ငါခြံထဲ ငဇူးမလာစေနဲ့” တဲ့။ အဲဒါကို မားမားကို တာဝန်ယူရဲလားတဲ့။ ဟိုက ယူတာပေါ့ဗျာ။ ပရိတ်ရွှတ်ရင်ပြီးရောဆိုပြီး။ အနော်ကိုလည်း လာပြောတယ်။ ခြံထဲမသွားနဲ့တဲ့။ အဲဒီစကားကြားကြားခြင်းတော့ ကျွန်တော်တော်တော်ဝမ်းနည်းသွားတယ်။ စိတ်လည်း တော်တော်နာသွားတယ်။ ဘယ်နှယ့် ခြံလုပ်တုန်းကကျတော့ ကိုယ်ကို အတင်းခေါ်ပြီးတော့ အခုကျတော့ ခြံထဲတောင် မသွားနဲ့ဆိုပဲ။ ဘာမှတော့ မားမားကို မပြောလိုက်ဘူး။ ပြုံးပဲ ပြုံးပြလိုက်တယ်။ ရင်ထဲမှာတော့ တော်တော်လေးကို နာတာ။ အဲဒီကတည်းက အဲဒီခြံကို လှည့်ကို မကြည့်တော့ဘူး။
ပါးပါးကိုတွေ့ရင်လည်း ရှောင်နေလိုက်တယ်။ မားမားကိုလည်း ဒီအတိုင်းပဲ။ မြို့ထဲမှာ တွေ့တွေ့၊ လမ်းမှာတွေ့တွေ့၊ တွေ့တာနဲ့ မမြင်အောင် ရှောင်တယ်။ ရှောင်လို့မရရင်လည်း အရင်လိုပဲ ဟန်မပြတ်တော့ နှုတ်ဆက်လိုက်တယ်။ အလင်းကတော့ သိတယ်။ အဲဒီလို ကျွန်တော် ရှောင်နေတယ်ဆိုတာကိုလေ။ သူကတော့ ကျွန်တော်ခြံထဲ ခဏခဏ လာတော့ ကျွန်တော်နဲ့က ခဏခဏတွေ့တယ်။ သူက ပါးပါးနဲ့မားမားကို စိတ်မကွက်ဖို့ ပြောတယ်။ သူပြောတိုင်းလည်း
“ငါ ဘာမှ မဖြစ်ပါဘူး။ သွားယှဉ်စရာလား။ ဟိုက အဖေနဲ့ အမေ။ ငါက သား၊သမီးဟာကို” ဆိုပြီး ပြုံးပြုံးနဲ့ပဲ ပြန်ပြောလိုက်တယ်။ ရင်ထဲမှာတော့ တော်တော်လေးနာတာ။ ကျွန်တော် အဲဒီလိုပြောမှ အလင်းကလည်း ပြုံးတော်မူတယ်။
မဟုတ်ရင် သေမလိုပဲ မျက်နှာက၊ ဖြူဖပ်ဖြူရော်နဲ့ အနားလာလာထိုင်နေတော့။
ဒီလိုနဲ့ သူတို့ခြံထဲမှာ ပရိတ်ရွှတ်တဲ့နေ့ကဆို ဘုန်းကြီးတွေပါ လန့်ရအောင် ကြမ်းတယ်။ ကြားတယ်။ နောက်တော့လည်း အောင်အောင်မြင်မြင်နဲ့ပြီးသွားတယ်ပေါ့နော်။ နောက်ပိုင်း အဲဒီခြံက သန့်လား၊ မသန့်လားတော့ မသိဘူး။ ခြံစောင့်တွေကလည်း ခဏခဏပြောင်းတယ်။ အမဲသား၊ ငါး သွင်းလို့ကို မရဘူး။ သွင်းတာနဲ့ ပြသနာက စတာ။ အဲဒီလို ၀င်ဝင်နှိုက်လို့လေ။ ပရိတ်ရွှတ်လို့ သရဲပဲ ပြေးလား။ ဘာပဲ ပြေးသွားလဲတော့ မသိဘူး။ အခြေအနေက သိတယ်ဟုတ်။
အရင်ကထက်တော့ နည်းနည်းဆိုးလာတယ်။ သူများခြံတွေ ည (၆)နာရီ၊ (၇) နာရီလောက်ထိ အလုပ်လုပ်နေတဲ့ အချိန်မှာ
ပါးပါးခြံက (၄)နာရီခွဲလောက်ဆို လူကို မရှိတော့တာ။ ဘယ်သူမှ မနေရဲဘူး။ မိုးချုပ်အောင် ။ ခြံကတော့ လုံတယ်။ တော်တော်ကို လုံတာ။ ဘယ်သူခိုးမှလည်း မ၀င်ရဲဘူးရယ်။ အဲဒီတော့ ဒီအတိုင်းပဲ ပစ်ထားရတယ်။ ညဆိုလည်း ခြံစောင့်ကို မရှိဘူး။ နေ့သွားကြည့်လိုက်။ ပြီးတော့ ပြန်လာ ဒါပဲ။ ကျွန်တော်ကတော့ အဲဒီသရဲကို တော်တော်ကို သောက်သည်းယားတာလေ။ ပြောမနေနဲ့။ ကြားထဲမှာ ပါးပါးက ကန့်လန့် ၊ ကန့်လန့် ခံနေလို့။ မဟုတ်ရင် သွားတွေ့လိုက်ချင်တယ်။ တစ်ပွဲလောက်။ အဟုတ်ရယ်။ ဒါပေ့မယ့်လည်း မသိချင်ယောင်ပဲဆောင်နေရတယ်။ သူ့ခြံသတင်းတွေက မြို့ထဲမှာ ပြန့်လို့။ သူငယ်ချင်းတွေကလည်း လာလာပြောကြတယ်။
“နင့် အဖေက ဘာလဲဟ။ ခြံထဲ သရဲမွှေးထားတာလား” တဲ့။ ။ ကိုယ်က ဒီစကားကြားတော့ ရီပဲ ရီနေလိုက်ရတယ်။
ပြောပြရင်လည်း ကိုယ်ပေါင်ကိုယ်ပြန်လှန်ထောင်းသလို ဖြစ်နေတာမို့။ ရေငုံနှုတ်ပိတ်ပဲ နေခဲ့ရတာ။ သိပ်တော့ မကြည်ဘူးရယ်။
တစ်နေ့တော့ ဒီသရဲနဲ့ ကျွန်တော်နဲ့ ထိပ်တိုက်တွေ့ရတဲ့ နေ့လေး၊ တစ်နေ့ ရောက်လာတယ်ဆိုပါတော့ဗျာ။
တော်တော်လေးကြာမှပါ။ သုံးလလောက်ကျော်မှ အဲဒီနေ့ရောက်လာတာ။ ဒီကြားထဲမှာ ကျွန်တော် သီပေါတွေ၊ ဘာတွေ တတ်ရင်တောင် အဲဒီခြံကို ဖြတ်ရရင် စေ့စေ့မကြည့်ဘူးရယ်။ စိတ်နာနေတာလေ။ ဖြစ်ချင်တော့ အဲဒီနေ့မှာ ကျွန်တော်က မန်းလေးက ပြန်တတ်လာတာ။ မားမားက အိမ်မှာ။ ပါးပါးက လားရှိုးတတ်သွားတယ်။ အဲဒီတုန်းက ခြံစောင့်တစ်ယောက်ကလည်း ရထားတယ်။ အဲဒီခြံစောင့်က မိသားစုလိုက်သွားနေတယ်ပေါ့နော်။ ကျွန်တော်က မန်းလေးလာတော့ အနီးစခန်းက အလင်းတို့ အမျိုးတွေဆီဝင်သေးတယ်။ အလင်းက ငါးသလောက်ပေါင်းကြိုက်တယ်ဗျာ။ အဲဒါကို ၀င်ယူတာ။ ပြီးတော့ မြို့ထဲဆက်ထွက်လာခဲ့တာပေါ့။ မားမားအိမ်ရောက်တော့ ခုနှစ်နာရီလောက်ရှိပြီ။ အိမ်ရှေ့မှာ လူတွေက တစ်ရုန်းရုန်းနဲ့ ဆိုတော့ ကျွန်တော်လည်း စိတ်ပူသွားတယ်။ တစ်ယောက်ယောက်များ ဘာဖြစ်လဲဆိုပြီးလေ။
ပါးပါးက လားရှိုးသွားတာဆိုတော့ လမ်းမှ တစ်ခုခုများဖြစ်လားပေါ့။ အဲဒါ အိမ်ထဲဝင်သွားတော့မှ….မားမားက မျက်ရည်စက်လက်နဲ့
“ငဇူး လုပ်ပါဦး။ ခြံထဲမှာ ပြသနာတတ်နေလို့” တဲ့လေ။ ဘာဖြစ်တာလဲဆိုတော့ ….
အခု ခန့်ထားတဲ့ ခြံစောင့်က သရဲတွေဘာတွေ မကြောက်တတ်ဘူး။ မကြောက်လို့လည်း ဒီခြံကို စောင့်တာ။ ဈေးတော့ ပိုပေးရတယ်ဗျ။ အဲဒါနဲ့ သူက ကဇော်သမား။ မိသားစုလိုက်ခေါ်နေတဲ့ အပြင် သူ့ သူငယ်ချင်းသုံးယောက်လောက်နဲ့ ညဘက်ကြတော့ အရက်ချကြတယ်ဆိုပါတော့ဗျာ။ ခြံကိုလည်း သောက်ဂရုမစိုက်ဘူးပေါ့နော်။ ဒီလိုအထာနဲ့။ သွားလုပ်တာ။ အသောက်သမားတွေ မြည်းကြတာက ကြက်ကြော်တဲ့။ အဲဒီမှာ သူတို့ အစတုန်းက သောက်နေတာ လေးယောက်။ မိုးတော်တော်လေးလည်း ချုပ်လာတော့။ နောက်တစ်ယောက်ကလည်း တိုးလာတယ်တဲ့။ မူးရူးနေတော့ သတိမထားမိပေ့မယ်။ ခြံစောင့်မိန်းမက အမြည်းကုန်သွားလို့ ထပ်လာချတော့မှ….အဲဒီအသစ်တိုးလာတဲ့သူကို မြင်ပြီး မူးမေ့လဲပါယောလား ။ အဲဒီတော့မှာ အမူးသမားတွေလည်း မျက်စိပြူး၊ မျက်ဆန်ပြုးနဲ့ သူတို့နဲ့ လာထိုင်သောက်နေတဲ့သူကို သတိထားကြည့်မိတယ်။ အနော်မြင်တဲ့ ပုံစံအတိုင်းပါပဲ။ အဲဒီမှာ ပုဆိုးမနိုင်၊ ပုဝါမနိုင်တွေဖြစ်ပြီး ထပြေးကြပါလေရော။ တော်သေးတာပေါ့။ ခလေးတွေကိုပါ တစ်ခါတည်းခေါ်ခဲ့လို့။ မဟုတ်ရင် မလွယ်ဘူးရယ်။
ကျွန်တော်ကလည်း ဒီဇာတ်လမ်းကြားတော့ မားမားကို “အဲဒါများ မားမားရယ်။ သားက ဘာလုပ်ရမှာတုန်း၊ အခုသူတို့ ပြေးလာကြပြီပဲ အဆင်ပြေနေတဲ့ဟာကို” ဆိုပြီး ဆိုင်ကယ် ယူထွက်ဖို့ ပြင်တယ်။ ရှင်းရှင်းပြောရင် အဲဒီခြံနဲ့ ကျွန်တော် မပတ်သတ်ချင်တာ။ အဖေ့ကို စိတ်နာလို့။ အဲဒီမှာ အမေက ဘာပြောလဲဆိုတော့
“အေး သူတို့ပြေးလာပေ့မယ်။ သူတို့ မိန်းမနဲ့ ခလေး ကျန်ခဲ့တယ်။ ငဇူးရယ်။ ငါနှယ် သေသာသေလိုက်ချင်တော့တာပဲ” တဲ့လေ။
“ဟမ်” ဆိုပြီး အနော်တောင် ခဏ ကြက်သေသေသွားတယ်။ ဘယ်လိုလူတွေလဲ မသိပါဘူးဗျာ။ မိန်းမကို တော်တော်ချစ်တယ်။ ထားခဲ့တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတဲ့ ဖြစ်နေတဲ့ အချိန်မှာ ခြံစောင့်က
ကျွန်တော်ကို ခြေသလုံး ပြေးဖက်ပြီး။ သူ့မိန်းမနဲ့ ခလေးကို ခြံထဲက ပြန်ယူပေးဖို့ချည်း ပြောတော့တာ။ သူနေတဲ့ လခလည်း မယူတော့ပါဘူးပေါ့နော်။ သူ့မိန်းမနဲ့ ခလေး ပြန်ရရင် ကျေနပ်ပါတယ်ဆိုတာချည်းပဲ။ ဘယ်နှယ့် သောက်မူး။ သောက်တုန်းကကျ သွားသောက်ပြီးတော့ မိန်းမမူးလဲတာကျတော့ မထမ်းလာခဲ့ဘူး။ သူ့မှာက ခလေးက သုံးယောက် နှစ်ယောက်က ကြီးနေပြီ ဆိုတော့ ပြေးနိုင်တယ်။ မပြေးနိုင်တဲ့ ခလေးငယ်က သူအမေနဲ့ ကျန်ခဲ့တာ။ ခလေးကတည်း အခုမှ လလည်သားဗျာ။ အမေပခုံးထက်မှာ သိုင်းထားရတဲ့ အရွယ်။ အဲဒီတော့ အမေမူးလဲတော့ ခလေးပါ တစ်ခါတည်း အသားလွတ် ကျန်ခဲ့ယော။ အခု သူ့မိန်းမကျတော့ အနော် သွားပြန်ယူတဲ့။ အချိန်က အဲဒီမှာ ရှစ်ခွဲလောက်ရှိနေပြီဟာကို။
အနော်လည်း အဲဒီ ခြံစောင့်ကို နှစ်ချက်လောက် ပစ်ကန်လိုက်တယ်။ ဒေါသွထွက်လို့။ ဘယ်နှယ့် သရဲကြောက်တာတော့ ကြောက်ပေါ့ဗျာ။ ကိုယ်သွေးသားနဲ့ ကိုယ်မိန်းမကို ပစ်ခဲ့ရအောင်တော့ မကြောက်နဲ့ပေါ့။ ကျွန်တော် မျက်စိထဲမှာတော့ မူးမေ့နေတဲ့ မိန်းမတစ်ယောက်နဲ့ ငိုယိုနေတဲ့ ခလေးတစ်ယောက်ရဲ့ မျက်နှာကိုပဲ ပြေးမြင်နေတော့တာ။ အဲဒီမှာ လူက သွေးဆူပြီး မနေနိုင်တော့ဘူး။ မားမားကလည်း တော်တော်ကို သေချင်နေတဲ့ မျက်နှာနဲ့။ အမှုက သူ့ပတ်မှာလေ။ ပါးပါးကောင်းမှုပေါ့။ ခြံထဲမှာ သရဲရှိတာကို မွေးထားတာကိုး ခံပေါ့။ စိတ်ညစ်ပါတယ်ဗျာ။
အဲဒါနဲ့ အမေကို “ကျွန်တော်သွားလိုက်မယ်။ စိတ်မပူနဲ့” လို့ လှမ်းပြောလိုက်တယ်။ ကျွန်တော် သူငယ်ချင်းတွေကလည်း ရှိနေတော့ သူတို့ကို လိုက်မလားဆိုတဲ့ မျက်လုံးနဲ့ လှမ်းကြည့်လိုက်တယ်။ အဲဒီအချိန်မှာ ရှမ်းကြီးဆိုတဲ့ သူငယ်ချင်းက ဘာထပြောလဲဆိုတော့ …
“ငဇူး…မင်းသွားနှင့် ငါလူစုပြီးလိုက်လာခဲ့မယ်” တဲ့။ ဟီး။ သူပြောမှ ကိုယ်လည်း နည်းနည်းလန့်သွားတယ်။ သွားမဲ့သာသွားရတာ။ ခြံက ကြမ်းက ကြမ်းပါဘိနဲ့။ မနိုင်ရင် သေကျန်ခဲ့မှာ ။ အင်းပေါ့။ အနော်သေတော့၊ အဖေ့အကို၊ ကျွန်တော် ဦးလေးသရဲ ကျွတ်ပေါ့။ အနော်က ခြံပြန်စောင့်ပေါ့နော့။ သူမကျွတ်လည်း နှစ်ယောက်ပေါင်းလောင်းကျော်ကြတာပေါ့ဗျာ။ အဲဒါနဲ့ “လာချမ်း၊ ငါဟဲ့ ငဇူး” ဆိုပြီး ပျော်ရွှင်စရာတွေချည်းတွေးပြီးတော့ ယူတာ ဆိုင်ကယ်ကို တစ်မုန်း အဲဒီခြံထဲကိုလေ။ ။
ကျွန်တော်အဲဒီခြံရှေ့ကို ရောက်တော့ ခြံထဲမှာ မှောင်မည်းနေတာပဲ။ အဲဒါနဲ့ ဆိုင်ကယ်အောက်က လက်နိပ်ဓါတ်မီးကို အရင်ယူရတယ်။ လရောင်ကတော့ သာတယ်ဆိုသလောက်ပဲ ရှိတယ်။ ပြီးတော့ ဆိုင်ကယ်မီးလေးနဲ့ ခြံထဲကို ၀င်သွားလိုက်တယ်။ အခုထိတော့ ဘာမှမတွေ့သေးဘူးဗျ။ ခလေးနဲ့မိန်းမကြီးတွေ့ရင် အနော် ဆိုင်ကယ်ပေါ်တင်ပြီး ခြံပြင်ထွက်သွားယုံပဲလေ။ လွယ်ပါတယ်။ ဘာမှမဖြစ်ရင်တော့လေ။ ဟီး။ ဖြစ်ရင်တော့ မပြောတတ်ဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့ဗျာ။ အဲဒီလိုနဲ့လာနေတုန်းဗျာ။ ညောင်ပင်ကိုေ၇ာက်လာတယ်။ ကျွန်တော်လည်း ညောင်ပင်ကို သေသေချာချာကြည့်နေတာရယ်။ ဘာမှမတွေ့ဘူးရယ်။ ပြီးတော့ ညောင်ပင်အောက်မှာ ကိုယ်ဆောက်ထားခဲ့တဲ့ ကွပ်ပျစ်လေးတောင် တွေ့ရသေးတယ်။ ညောင်ပင်အောက်ကို ဆိုင်ကယ်ဝင်လာတဲ့ အထိ ဘာပြသနာမှမတတ်သေးဘူး။
အယ်။ ညောင်ပင်ကို ကျော်တော့မယ်လည်းဆိုရော ပြသနာက စတော့တာပါပဲ။ ဆိုင်ကယ်က တုံခနဲရပ်သွားတယ်၊ စက်လည်းနှိုးနေတယ်နော်တယ်။ နောက်ဘီးလည်း လည်နေတယ်။ ဒါပေ့မယ့် ဆိုင်ကယ်က မရွေ့ဘူး။ “၀ူး” “၀ူး” ပဲမြည်ပြီး ရပ်နေတာ။ အနော်လည်း တော်တော်လေသွားတယ်။ သရဲကတော့ စပြီဝေ့ ဆိုပြီး။ ဆိုင်ကယ်မပါတော့ ဘယ်လိုသွားမတုန်း။ အယိုးမတရဲ ။ ပိုင်တယ် လုပ်ချက်က။ အဲဒါနဲ့ ကျွန်တော် ဆိုင်ကယ်ပေါ်က ဆင်းပြီးတော့ နောက်ဖင်ကို နှစ်ချက်လောက် ပစ်ကန်လိုက်တယ်။ အဲဒီအချိန်မှာ ညောင်ပင်ပေါ်က “ဝေါ” ကနဲ ဆိုပြီး အသံတစ်ခုထွက်လာတယ်။ ကျွန်တော် ညောင်ပင်ပေါ်ကို မော့ကြည့်လိုက်တယ်ဗျ။ ဘာမှ မတွေ့ဘူးရယ်။ အဲဒါနဲ့ ဆိုင်ကယ်ကို အနောက်နေ တွန်းကြည့်တယ်။ ရွေ့တယ်။ ကိုယ်ဆိုင်ကယ်ပေါ်ပြန် တတ်ပြီး ပြန်ထွက်တော့ မရွှေ့တော့ ပြန်ဘူး။ “ဟ၊ ဘာလဲဟ” ဆိုပြီး လူက ခြေထောက်နဲ့တောင် တွန်းကြည့်သေးတယ်။ မရွေ့ဘူး။ သတိထားပြီးတော့ နောက်ဘီးကို ဓါတ်မီးနဲ့ လှမ်းထိုးလိုက်တော့မှ “အား၊လားလား” လူက တော်တော်ဖြုံသွားတယ်။ ဘယ်နှယ့် နောက်ဘီးကြီး တစ်စုံတစ်ယောက်က ဆိုင်ကယ်နောက်ကို မ ထားသလို လေထဲမှာ မြောက်နေပါယောလား။ အဲဒီတော့ ဘယ်ထွက်လိမ့်မတုန်း ဆိုင်ကယ်က။ အဲဒါနဲ့ ကျွန်တော်လည်း လီဗာကို တစ်မုန်းတင်လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်ကို ခွလျက်ပဲ၊ ထခုန်လိုက်တယ်။ ပြီးတော့ ပြန်အကျကို အားနည်းနည်း ထည့်လိုက်တယ်။ ၀ိတ်နဲ့ ဖိတာပေါ့ဗျာ။ အလှဲ့ ထွက်သွားတယ်ဗျ။ ဆိုင်ကယ်ကလေ။ ဒါပေ့မယ် ဘယ်လောက်မှ မထွက်ပြန်ဝူးဗျ။ ချက်ခြင်း ပြန်ရပ်သွားတာ။ နောက်ကနေ ပိတ်ဆွဲလိုက်သလို တုန့်ခနဲ ရပ်သွားတာ။ အနော်လည်း တော်တော်ညစ်သွားတယ်။ သရဲက ကိုယ်ထက်အားကြီးတယ်ထင်တယ်။ အဲဒီလိုစဉ်းစားနေတုန်း။ ဆိုင်ကယ်ဖင်ထိုင်ခုံက တစ်ဖြည်းဖြည်း အပေါ်တတ်တတ်လာတယ်။ ဖင်ထိုင်ခုံကို ဆွဲဖွင့်နေသလို ခံစားရတယ်။ မှောင်ကလည်း မှောင်နေတော့လေ။ အနော်လည်းစဉ်းစားတယ်။ ဘာလဲဟ၊ ဘာလို့ အဲဒီဟာကို လာဖွင့်နေတာလဲလို့ပေါ့နော်။ အဲဒီအောက်မှက ဆိုင်ကယ်ပြင်တဲ့ ဂွတွေ၊ ပြီးတော့ အိပ်ရင် ခင်းမဲ့ အခင်းတွေပဲ ရှိတာ။ အဲဒီဟာတွေ သရဲစားတယ်လို့လည်း အနော်မကြားဖူးဘူးလေ။ အဲဒီတော့ Thinking က နည်းနည်းလွှဲနေတယ် ဟီး ။ စဉ်းစားလို့မရဘူးဖစ်နေတယ်။
အဲဒါကို ဆွဲလန်နေတာတော့ အသေလန်နေတာနော်။ တစ်ချက်၊ တစ်ချက် အနော်တောင် မြောက်မြောက်သွားတယ်။
အနော်ကလည်း အားနဲ့ကို ပြန်ဖိတာ။ ကိုယ်တောင် အနောက်ရောက်တော့မယ် တစ်ဖြည်းဖြည်းနဲ့။ အဲဒီမှာ ကျွန်တော် ဘာသွားစဉ်းစားမိလဲဆိုတော့ “အနီးစခန်းက ငါးသလောက်ပေါင်း” ဆိုတာကို သွားစဉ်းစားမိတယ်။
“သေဟဲ့။ ငါနှယ်” ဆိုပြီးလေ။ ဟုတ်တယ်ဗျ။ လူက အမေတို့အိမ်ရောက်ရာက်ခြင်း သွေးပူပြီး ပြန်လှည့်ခဲ့ရတာဆိုတော့။
ဒီငါးသလောက်ပေါင်းကို မပေးခဲ့ရဘူး။ ငါးသလောက်ပေါင်းကလည်း ဘူးလေးနဲ့ထည့်ပေးလိုက်တာ။ ကျွန်တော်ဆိုင်ကယ်က ခြင်းတွေဘာတွေပါတာမဟုတ်ဘူး။ အဲဒီတော့ လွယ်တဲ့နေရာ ကောက်ထည့်ထားတာ။ သရဲက အဲဒီဟာကို တီးချင်တယ်ထင်တယ်။
“ငါးသလောက်ပေါင်း သိပ်ကြိုက်တယ်။ဟုတ်။ အေး ကျွေးမယ်။ ခဏတော့ စောင့်” အဲဒီလို ပြောလိုက်တော့။ နောက်ဖုံးကို လှန်နေတာ ရပ်သွားတယ်။ အဲဒါနဲ့ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးတော့ ။ အနော် ဖင်ထိုင်ခုံကို ဆွဲလှန်ပြီးတော့ ငါးသလောက်ပေါင်းဗူးကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့… အဖုံးဖွင့်ပြီး ဘာလုပ်လိုက်တယ်ထင်လဲ ။ ကန်တော့ပါရဲ့ဗျာ။
တေးပန်းထည့်လိုက်တယ်။ ဟီး ။ ပြီးတော့ အဖုံးကို ပြန်ပိတ်ပြီး။ ညောင်ပင်အောက်က ကွပ်ပျစ်ပေါ်တင်လိုက်တယ်။
စားလေ။ စားချင် ချားပေါ့။ သရဲပဲဟာ ဟုတ်တယ်မလား။ လူတွေထွေးတဲ့ တံတွေးတောင် စားတဲ့ဟာကို စားချင်စားပေါ့ဗျာ။
ပြီးတာနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ကို စက်ပြန်နှိုးပြီး။ ခြံစောင့်တဲ ရှိတဲ့နေရာကို ထွက်ခဲ့တော့တာပါပဲ။ အဲဒီမှာ ဘာဖြစ်ခဲ့လဲတော့ မသိဘူးဗျာ။ ခဏကြာတော့ ညောင်ပင်ဘက်က “အုန်း” ခနဲ၊ “ဒိုင်း” ခနဲ ဆိုပြီး အသံမျိုးစုံထွက်လာတော့တာပါပဲ။ သရဲလည်း ငါးသလောက်ပေါင်းစားပြီး အဆီရစ်ပြီး ဇက်ကြောတတ်နေတယ်ထင်ပါတယ်ဗျာ။ အနော်က ငံပြာရည်ပါ လောင်းခဲ့တော့ ပိုစားကောင်းသွားတယ်ထင်တယ်။ အသံကတော့ ပေါင်းစုံကြားနေရတယ် ။ ယစ်တာလေ။ ယစ်တာ ငါးသလောက်ပေါင်း အဆီ ဟီး။
ခြံစောင့်တဲနားရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ခလေးငိုသံ စကြားရတော့တာ။ အဲဒါနဲ့ သွားကြည့်တော့။ ကျွန်တော်တွေးထားတဲ့ မြင်ကွင်းအတိုင်းပါပဲ။ ခလေးက ငိုနေတယ်။ သူ့ အမေကလှဲလျက်သားလေ။ ခလေးက သူ့အမေကို ဘေးမှာ ထိုင်ပြီး။ လက်လေးနဲ့ ပုတ်ပုတ်ပြီး သူ့ အမေကို နှိုးနေတာဗျာ။ တော်သေးတာပေါ့။ ခလေးဘာမှ မဖြစ်တာ။
ဒါပေ့မယ်လည်း ကျွန်တော်က ဒုက္ခရောက်ရောက်ရောဗျ။ ခလေးရော။ သူ့အမေရော နှစ်ယောက်စလုံးကို ကျွန်တော်ဆိုင်ကယ်နဲ့ တင်ရမလဲဆိုတာ မသိဘူး။ ဟုတ်တယ်လေဗျာ။ မေ့နေတာကိုး အသက်ကတော့ ရှူပါသေးတယ်။
သတိလစ်နေတာပဲရှိတာ။ သူကို နောက်မှာ တင်ရင်လည်း ဆိုင်ကယ်ဘီးနဲ့ လွတ်မှာမဟုတ်ဘူး။ ခလေးကို အနောက်ကထားရင်လည်း လိမ့်ကျမဲ့ အမျိုးရယ်။ အဲဒါနဲ့ နောက်ဆုံး ဘယ်လိုလုပ်ရလဲဆိုတော့ သူ့အမေရင်ဘတ်က ခလေးသိုင်းဖို့လုပ်ထားတဲ့ ကြိုးကို ဖြုတ်ရတယ်။ ပြီးတော့ ကိုယ်ဆီမှာတပ် ခလေးကို သိုင်း။ ခလေးကလည်းဗျာ။ ငိုလိုက်တာ ကိုယ်ကို သရဲထက်ပိုကြောက်နေတယ်။ ဟုတ်တယ်။ လေတယ်။ အရမ်းငိုတဲ့ ခလေး ကျွန်တော်မချစ်ဘူးဗျ။
နားညဉ်းတယ်။ သူကို နောက်က သိုင်းတော့ သူ့ပါးစပ်က အနော်နားနဲ့နီးနေတာလေ။ ရေလည် နားညဉ်းတာ။ ပြီးတော့ သူ့အမေကို ပွေ့ပြီး ဆိုင်ကယ်ရှေ့မှာတင် အနော်က ကိုးလို့ ကန့်လန့်ရယ်။ အဲဒါဆိုင်ကယ်ကို မနည်းဖြစ်အောင် စီးပြီး ပြန်ထွက်ခဲ့ရတယ်။
လမ်းမှာ ကျွန်တော်စဉ်းစားတယ်။ ဒီပုံစံနဲ့ ညောင်ပင်သွားလို့တော့ ဖြစ်မှာမဟုတ်ဘူးဆိုပြီးလေ။ သွားရင် ပြသနာတတ်မှာ။ လမ်းကလည်း အဲဒီလမ်းပဲရှိတယ်။ အ၀င်လည်း ဒီလမ်း၊ အထွက်လည်း ဒီလမ်းပဲ။ ကျန်နေတဲ့နေရာတွေက ကမူကထစ်တွေနဲ့။ မှောင်ကြီးမဲကြီးထဲဗျာ။ ရမ်းသမ်းမောင်းရင် မှောက်မှာ ။ အဲဒါနဲ့ ဘာလုပ်ရလဲဆိုတော့ ခြံလယ်မှာရှိနေတဲ့ ကျွန်တော်တို့ ထိုးထားဖူးတဲ့ တဲကိုဝင်ရတယ်။ အဲဒီတဲထဲမှာ ကံကောင်းချင်တော့ ဗုဒွရုပ်ပွားတော် တစ်ဆူရှိနေတယ်ဗျ။ အဲဒါလေးက အနော်ကို နောက်ပိုင်းတော်တော် ကယ်သွားတယ်။ အဲဒီက ရသမျှရေယူပြီးတော့
ဟိုမေ့နေတဲ့ မိန်းမကိုလောင်းတော့တာ။ ဘုရားစင်ပေါ်က ရေလည်းမကျန်ဘူး။ အကုန်လောင်းတာ။ နောက်ဆုံး ညနေက အလုပ်သမားတွေထားခဲ့တဲ့ ရေပုံးထင်တယ်။ဘယ်သူခပ်ထားမှန်း မသိဘူး။ အဲဒီဟာနဲ မျက်နှာကို အားရပါးရ ခွက်စောင်းခုတ်မှ အဲဒီမိန်းမ လန့်ပြီး သတိရတော်မူတယ်။ ပါးစပ်ကလည်း “သရဲ၊ အောင်မြတ်လေး သရဲ” ဆိုပြီး အော်လို့ပေါ့ဗျာ။ သူက ရိုးရိုးအော်တာမဟုတ်ဘူး။ ကျွန်တော်ကို ကြည့်ကြည့်ပြီး အော်တာ။ အဲဒါကြာတော့ လူက သောက်မြင်ကပ်လာတာနဲ့…. “သရဲမဟုတ်ဘူးဗျ။ လူပါဗျ။ လူ။ ခင်ဗျားတို့ မေ့လဲနေခဲ့တယ်ဆိုလို့ လာခေါ်တာ။ ဒီမှာ ခင်ဗျားခလေး၊ ရော့ ကိုယ်ဘာသာကိုယ်ချီ” ဆိုပြီး သူ့ခလေးပါ။ သူလက်ထဲထည့်လိုက်တော့မှ သူဘာဖြစ်ခဲ့လဲဆိုတာကို သတိရသွားတယ်ထင်တယ်။ အဲဒါတောင် အနော်ကို သေသေချာချာ ကြည့်နေသေးတယ်။ နောက်တော့မှ ယုံတာ။ ပြီးတော့ ငိုတော့တာပဲ။ ပါးစပ်ကလည်း…
“ဘယ်လိုလုပ်ကြမလဲဟင်။ အခုမှောင်ကြီး၊ မည်းကြီးထဲ ဒီမှာ မနေချင်တော့ဘူး။ အီးဟီးဟီး လုပ်ပါဦး ကောင်လေးရယ်။ ဒီမှာ မနေချင်တော့ဘူး” ဘာညာနဲ့ဗျာ။ တော်တော်နားညဉ်းတဲ့ မိန်းမ။ သူ့ ခလေးအတိုင်းပဲ။ အော်ကြီးဟစ်ကျယ်နဲ့။
အနော်ကလည်း နဂိုကတည်းက ခပ်ချဉ်ချဉ်ရှိတာနဲ့…
“ဇွတ်အော်ငိုမနေနဲ့၊ ညောင်ပင်ဘက်ကအသံတွေကြားလား။ ခင်ဗျား အသံကြားပြီး ဒီေ၇ာက်လာမှ ပိုဆိုးကုန်မယ်” လို့ပြောပစ်လိုက်တယ်။ သူကလည်း အဲဒီအသံကြားတော့ ကြက်သေသေပြီး တိတ်သွားတယ်ဗျ။ သူခလေးကလည်း သူ့ အမေအငိုတိတ်တော့ သူပါရောပြီးတိတ်သွားတယ်။ ငိုတာလေ။ နဂိုက သူ့အော်သံနဲ့ ဆူညံနေတဲ့ နေရာက တိတ်သွားတော့…တော်တော်ကို ငြိမ်သက်သွားတာ။ အဲဒီတော့ ညောင်ပင်ဘက်က အသံတွေက အတိုင်းသား ပြန်ကြားနေရတယ်။ ဆူညံနေတာပဲ အဲဒီဘက်မှာလည်း ဘာဖြစ်နေလဲတော့မသိဘူး။ အနော်ကတော့ “သေးစိမ်ထားတဲ့ ငါသလောက်ပေါင်း” ပြေးမြင်တော့တာ ဟီး ။ ရီလည်းရီချင်သွားတယ်။ သရဲတော့ အဆီတတ်နေပြီ။ ဆိုပြီးလေ။
အဲဒီမှာ ခုနုတိတ်နေတဲ့ ခလေးနဲ့သူ့အမေတို့က ပြန်ငိုပါယောလားဗျာ။ ကြောက်တယ်။ ကြောက်တယ်။ ဒီမှာမနေနိုင်တော့ဘူး။ ဘာညာနဲ့ ထပြေးမလို့လုပ်တာ။ လူက သူကို ပြန်ဆွဲနေရတယ်။ တကယ်လည်း အဲဒီလို ဇွတ်ပြေးလို့မဖြစ်ဘူးလေ။ မှောင်နေတယ်။ လူစုကွဲကုန်ရင် ပြသနာက တတ်ကုန်မှာ။ ကျွန်တော်ကလည်း ဘယ်လိုထွက်ရမလဲဆိုတာ မသိသေးဘူးရယ်။ ဒီမိန်းမဗျာ။ မေ့နေတာ အကောင်း နှိုးလာမှ ပြသနာလုပ်တော့တာ။ တော်တော် စိတ်ညစ်တယ်။ ပြီးတော့ သူပြေးနေတဲ့ ဘက်က သချိင်္ုင်းကုန်းပဲ ရှိတာ။ ဒီနားမှာမှ ဒီခြံက တစ်ခုထဲကွက်ြပီးတော့ ဖြစ်နေတာ။ ကျန်တဲ့ခြံတွေကလည်း မနီးဘူးလေ။ အနော်လည်း သေသာသေလိုက်ချင်တော့တာ။
သူတို့ အတွတ် စိတ်ပူတာလည်းပါတယ်။ ကိုယ်တစ်ယောက်တည်းဆို ဒီလောက်မကြောက်ဘူးရယ်။ ကြောက်တာက ကြောက်တာပေါ့ဗျာ။ သူတို့ကျန်ခဲ့တယ်ဆိုတဲ့ စိတ်နဲ့ ဒီထဲထိ ရောက်လာတာ။ မဟုတ်ရင် လာပါဝူး။ အားအားယားယား။
ညဘက်ကြီး ကိုယ်သေတွင်း၊ ကိုယ်လာတူးသလို ဖစ်နေတာချည်းကို ။ အဲဒါနဲ့ ပြေးဖို့ ရုန်းနေတဲ့ မိန်းမကြီးကို ဆွဲနေတာနဲ့ မပြီးဘူးဆိုတာ သိတော့။ နဘန်ပိတ်ကျင်းပလိုက်ရတယ်။ တော်တော်လည်း အကုသိုလ်များပါတယ်။ ကျွန်တော်လေ။ လူကြီးတွေ နဘန်ကျင်းလိုကျင်း။ ကန်မိလိုကန်မိနဲ့။ သေရင် ငရဲကျမဲ့ အမျိုးပါ ။ လေဒယ်။
အဲဒီတော့မှ သတိပြန်ဝင်တယ်ဗျ။ အဲဒီမိန်းမကြီးက။
အဲဒီအချိန်မှာ ညောင်ပင်ဘက်က အသံတွေက တိတ်သွားပြီ။
ပြီးတော့ ညောင်ပင်ဘက်က အရိပ်တစ်ခုက ဒီဘက်လာနေတာကို ဒဲ့ကြီး မြင်နေရတယ်ဗျာ။ အနော်ရော၊ အဲဒီမိန်းမရော။
ဟိုမိန်းမတော့ ဘယ်လိုနေလဲမသိဘူး။ အနော်တော့ ဆီးချည်းလိမ့်သွားချင်သွားတယ်။ ကြောက်တေးပေါ့ဗျာ L။
မိန်းမကြီးကလည်း အရေးဟဲ့ ၊ အကြောင်းဟဲ့ ဆိုတော့ အနော်ကို အားကိုးတယ်ထင်ပါတယ်။ ဘယ်နှယ့်လုပ်ကြမတုန်းဆိုတဲ့မျက်လုံးနဲ့ လာကြည့်တယ်။ ကျွန်တော်လည်း ဖြစ်မဲ့ဖြစ်၊ မထူးတော့ပါဘူးဆိုပြီး။ သူတို့ကို တဲထဲသွင်းလိုက်တယ်။ ကျွန်တော်လည်း ၀င်နေလိုက်ရတယ်။ ဒါပေမယ့် တဲဝမှာတော့ စည်းတားခဲ့တယ်။ ဂါထာတစ်ပုဒ်ရွှတ်ပြီး…. မြန်မာဂါထာတော့ မဟုတ်ပါဘူး။ သက္ကတဘာသာစကားနဲ့ ဂါထာပါ။ အဖွားသင်ပေးထားခဲ့တာ…
ငယ်ငယ်ကတည်းက ဒီနေ့အထိ အဲဒီဂါထာက အနော် အိပ်တိုင်းရွတ်အိပ်တဲ့ ဂါထာလေ။ နတ်ချစ်ဂါထာလို့လည်းခေါ်တယ်။
အဲဒါလေးကို ရွတ်ပြီး၊ စည်းလေးတားပြီးတော့။ ဒီလိုဆုတောင်းလိုက်တယ်။
“ရှိသမျှ သမာဒေ၀နတ်မြတ်အပေါင်း စောင့်ေ၇ှာက်တော် မူပါ။ ဒီတဲဝိုင်းထဲသို့ နာနာဘာဝ၊ မကောင်းဆိုးရွားများ မ၀င်လာနိုင်ပါစေနှင့်” ပေါ့ဗျာ။ ဒါပါပဲ၊ အနော်ငဇူး၊ အထက်လမ်းဆရာလည်း၊ မဟုတ်ပါ။ ဒီလိုပဲ။ လျှောက်လုပ်တာ။
အယ်! သရဲကတော့ တကယ်မ၀င်နိုင်ဘူးဗျ။ ဒါမှမဟုတ် တဲစောင့်နတ်ကပဲ၊ တားလို့လား။ အနော်ဂါထာကပဲ စွမ်းလို့လားချည်းမသိပါဘူး။ အဲဒီတော့ တဲ့ပတ်ပတ်လည်မှာ ခြေသံတွေချည်း ကြားရတာ။ ပြီးတော့ လူကောင်လည်းမတွေ့ရ၀ူး။ တဲတံခါးဝကလည်း တံခါးကမရှိတော့ ဒီအတိုင်းချည်းပွင့်နေတာလေ။ အဲဒီရှေ့မှာတော့ ပေါ်မလာဘူးနော်။ ပတ်ပတ်လည်မှာတော့ အသံတွေချည်းကြားနေရတာ။ အဲဒီရှေ့မှာပါ ပေါ်လာရင်တော့၊ သေချာပါတယ် အကုန်လုံး လိပ်ပြာလွှင့်သေကုန်လိမ့်မယ်။ အနော်လည်း အဲဒီအချိန်မှာ တော်တော်လေး ကြောက်နေပြီ။ ဒါပေ့မယ့် ဟိုမိန်းမကြီးနဲ့ ခလေးက ရှိသေးတော့ ကိုယ်က မကြောက်သလိုပဲနေရတယ်။ မှောင်နေလို့သာ တော်သေးတာပေါ့ဗျာ။
မဟုတ်ရင် အနော်နဖူးက ဇောချွေးတွေ မြင်ပြီး လန့်သွားမယ် ။ နည်းတာမဟုတ်ဘူး။ မေမြို့ညဆိုတာ ချမ်းတယ်နော်။
အနွေးထည်တွေဘာတွေဝတ်ရတဲ့ အမျိုးရယ်။ အနော်က တီရှပ်လက်ပြတ်လေး ၀တ်ထားတာတောင် ချွေးက ရွှဲနစ်နေတယ် ဟီး ။
ဒီလိုနဲ့ သရဲက တဲနားမှာ ပတ်နေတာ အားမရသေးဘူးထင်ပါတယ်။ တဲကို ခဲနဲ့ချည်းထုတော့တာ။ “ဒုံး” ခနဲ။ ဒုံး ခနဲ နေတာပဲဗျာ။ အထဲကလူတွေကလည်း ဒုံး ခနဲမြည်တိုင်း တစ်ခါလန့်တယ်။ ဟုတ်တယ်လေ။ အထဲများ ခုန်ဝင်လာတာလားလို့။ ဒီလိုနဲ့ ညက ဘယ်နှစ်နာရီလောက်ရှီလာပြီလဲ မသိပါဘူး။ ကျွန်တော်တဲဝရောက်တော့တောင် ကိုးနာရီကျော်ကျော်လောက်ရှိနေပြီ ဆိုတော့လေ။ ကျွန်တော် စဉ်းစားတယ်ပေါ့နော်။ ဒီညတော့ ဒီအတိုင်းချည်း နေလို့ ဘယ်လိုမှ မဖြစ်တော့ဘူးပေါ့နော်။ ဟုတ်တယ်။ ဒီမိန်းမက ပြောလို့ရတာမဟုတ်ဘူး။ အခုတောင် သူက တော်တော်လန့်နေပြီ။ မြို့ထဲက လူတွေက အနော်သွားခေါ်တယ်ပဲ သိတာရယ်။ ပြီးတော့ မိန်းမကြီးမေ့နေတယ်ပဲ သိတာ။
သူက အခုနိုးလာပြီ။ ပြီးတော့ မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ကြောက်လွန်းလို့လေ။ ခဲကလည်း တဲပေါ်တစ်ခါကျတိုင်း သူ့မှာ “အောင်မြတ်လေးလေး၊ အောင်မြတ်လေးလေး” အော်နေရတာ။ အခန့်မသင့်လို့ ကြောက်လန့်ပြီး အသက်ထွက်သွားရင် အနော် ငဇူး အမှုပတ်မှာ Lအဲဒါကြောင့်ကြာကြာဆက်နေလို့ မသင့်တော့ဘူးဆိုတာကို အနော် သဘောပေါက်လာတယ်။ အပြင်ကိုတော့ တစ်နည်းနည်းနဲ့ ဖေါက်ထွက်မှ ဖြစ်တော့မယ်ပေါ့နော်။ အဲဒါနဲ့ ဘာများရှိနိုင်မလဲလို့ တဲထဲကို လှည့်ပတ်ပြီး ဓါတ်မီးနဲ့ ထိုးရင်း ကံကောင်းစွာနဲ့ ဗုဒ္ဓမြတ်စွာဘုရား ရုပ်ထုကိုသွားတွေ့တာပါ။ စကျင်ကျောက်သားနဲ့ ထုဆစ်ထားတာ။ သိပ်သပ္ပါယ်တာပဲ။ အဲဒီမှာ ကိုယ်ရတဲ့ ဂါထာအပေါင်းနဲ့ ရွတ်ပြီးတော့ကို ပူဇော်ပလိုက်တယ်။ ပြီးတော့ ဟိုမိန်းမကြီးနဲ့ ခလေးကို
“အမတို့ ဘာမှမကြောက်နဲ့နော်။ အနော်နောက်ကိုသာ အကျီစဆွဲပြီးလိုက်ခဲ့။ ဘယ်မှလည်း မကြည့်နဲ့။ အောက်သာကြည့်ပြီးလိုက်ခဲ့ နော်။ လိုက်ရဲ ရဲ့လား။ ကျွန်တော်တို့ ခြံပြင်ထွက်ကြမယ်” ဆိုတော့ သူကလည်း
“အင်း” တဲ့။
အဲဒီမှာ ဗုဒ္ဓရုပ်ထုကြီးကို ကျွန်တော်က ရပ်ဘတ်မှာ ကပ်ပြီး ရတဲ့ ဂါထာတွေ အကုန်ရွှတ်တော့တာပါပဲ။ ဟိုမိန်းမကြီးက အနော် အကျီစဆွဲလို့ပေါ့ဗျာ။ သူ့ကို အောက်ကိုပဲ ကြည့်၊ ဒီဖြင့်နေရာ မကြည့်နဲု့လို့ ပြောတာ အကြောင်းရှိတယ်။ သူဟိုကြည့်၊ ဒီကြည့်လုပ်ပြီး။ မတော်တာသွားတွေ့လို့ ကြောက်လန့်တကြား လျှောက်ပြေးရင် အားလုံးဒုက္ခရောက်ကုန်မယ်။ လူဆိုတာကလည်း အသက်ကို ဥာဏ်စောင့်တယ်။ သူပြေးရင် အနော်က ပြေးမှာမဟုတ်ဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ တဲပြင်ကို ထွက်သွားမှာ။ ကိုယ်ပါ ဘုရားမေ့၊ တရားမေ့ အကုန်ပစ်ပြီးပြေးရင် သေမှာလေ။ အဲဒီလိုနဲ့ ကျွန်တော်တို့ ကြောက်လန့်တကြီးနဲ့ ဘုရား အားကိုးပြီး ထွက်ခဲ့ကြတယ်ဆိုပါတော့ ။ အားလုံးအဆင်ပြေတယ်။ တဲဝကထွက်ကတည်းက ဘာပြသနာမှ မရှိဘူး။ အယ်….ညောင်ပင်နားရောက်တော့မှ ပြသနာက စတာ။ ညောင်ပင်က လှုပ်နေတယ်။ ကိုယ်ရှေ့တည့်တည့် ကြီးမှာ။ အဲဒါကို အနော် မြင်တယ်။ အနောက် မိန်းမကလည်း မြင်တယ်။ သူက လန့်နေပြီ။ အနော်ကလည်း…
“အမ ဘာမှ မကြောက်နဲ့ ဆွဲထားနော် သေသေချာချာ။ သွားပြီးတော့ မကြည့်နေနဲ့” လို့ပြောတော့။ သူက ဘာပြန်မေးတယ်ထင်တုန်း။
“အဲဒီ အောက်က ဖြတ်သွားမလို့လား” တဲ့လေ။ အနော်က “အင်း” ဆိုတော့။ အဲဒီမှာ သူက ပြသနာရှာတော့မလိုလုပ်တာ။
အနော်ကလည်း လန့်သွားတယ်။ သူမလိုက်ရဲဘူးတဲ့။ အဲဒီအောက်ကို ဘာညာနဲ့။ တော်သေးတာက သူကအနော် အကျီစကို မလွှတ်ဘူးလေ။ လူက ဂါထာရွှတ်နေတာလည်း အာရုံပျက်တယ်ဗျာ။ သူလုပ်နေတာနဲ့။ အဲဒါနဲ့ ဒီလိုပိတ်ပြောပလိုက်တယ်။
“ခင်ဗျား သေချင်ရင် အကျီလွှတ်ပြီးနေခဲ့။ မသေချင်ရင် ကိုင်ပြီးလိုက်ခဲ့၊ သောက်စကားသိပ်မများနဲ့ အချိန်မရှိဘူး။ ဘုရားကိုခင်ဗျား ယုံလား?” ဆိုတော့ “အင်း” တဲ့။
အဲဒါဆို “ပါးစပ်ပိတ်လိုက်ခဲ့” ဆိုပြီး ဟောက်ပလိုက်ရတယ်။ ဘယ်နှယ့်ဗျာ။ သူကို ကယ်ထုတ်ရတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ။ ရေလည် စိတ်ညစ်တယ်။ အာပေါက်တယ်။ အဟုတ်။ နောက်ဘိတ်ဆုံး “ဘုရားကို ယုံလားနဲ့” ဆွယ်ပြီး မနည်းခေါ်ထုတ်ခဲ့ရတယ်။
ဒီလိုနဲ့ နောက်ဆုံး ကျွန်တော်သူ့တို့ သားအမိကို အောင်အောင်မြင်မြင်နဲ့ ခြံပြင်ကို ထုတ်သွားနိုင်တယ်ဆိုပါတော့ဗျာ။ ညောင်ပင်အောက်ကလည်း ဖြတ်ခဲ့တယ်။ လှုပ်နေတာပါပဲ။ ညောင်ပင်က အကိုင်းအခတ်တွေဆို ဘလိုင်းကြီးတွေ ကိုယ့်အနားကို ရောက်ရာက်လာတာ။ ဘုရားရုပ်ပွားတော်နားထိ လာပြီးရင် ရှဲရှဲသွားတယ်။ ပြီးတော့ ညောင်ပင်ကျော်တော့ တစ်လမ်းလုံးအနောက်ကနေ “တရှပ်ရှပ်” နဲ့ လိုက်လာတာ။ သိနေတာပဲ။ လှည့်မကြည့်ရင် ဘာမှဖြစ်တာမှမဟုတ်တာ။ ဒီလိုနဲ့ နောက်ဆုံး အောင်မြင်စွာနဲ့ ခြံပြင် ရောက်သွားတယ်ဆိုပါတော့။ ခြံပြင်ရောက်သွားတော့ ဘာတွေ့တယ်ထင်တုန်း။
ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အမူးသမား ခြံစောင့်အဖွဲ့ကို တွေ့သဗျှ။ သူတို့ကလည်း ဗုဒ္ဓပုံကြီး ကိုင်ပြီး ပုရောဆိတ်လေးတွေလို တန်းစီလာတဲ့ အနော်တို့ကို အူကြောင်ကြောင်နဲ့ ကြည့်နေတယ်။ အနော်တို့ကလည်း သူတို့တွေ့တော့ တော်တော်လေး ပျော်သွားတာရယ်။ အဖော်ရပြီဆိုပြီးလေ။ အဲဒီမှာ အမူးသမားမိန်းမက သူယောင်္ကျားတွေ့တော့ ပြေးဖက်တော့တာပါပဲ။
“အောင်မြတ်လေး။ ယောက်ျားရယ်” ဘာညာပေါ့ဗျာ။ ဟိုကလည်း သူမိန်းမကို ပြန်ဖက်ပေါ့။ ခလေးကိုလည်း အားရပါးရ နမ်းရှုံလို့ပေါ့ဗျာ။ ခုနကျတော့ မူးရူးပြီး ထားခဲ့ပြီးတော့ ခုမှ။ ဘာပဲပြောပြော အခုလိုဆိုတောလည်း အနော်ဝမ်းသာရတာပေါ့ဗျာ။ ကြည်နူးရတာပေါ့။ သူတို့တွေ ပြန်လည် ဆုံဆည်းသွားကြပြီမလား။ အဲဒါကိုကြည့်နေရင်းနဲ့
အနော်သူငယ်ချင်းချင်းတွေကို ကမေးလိုက်တယ်။
“နင်တို့ အခုမှ ရောက်တာလား” ဆိုတော့….
“ဟင့်အင်း၊ေ၇ာက်နေတာကြာပြီ” တဲ့။
“အဲဒါ ဘာလုပ်နေတာတုန်း၊ ခြံထဲ လိုက်လာတာမဟုတ်ဘူး” လို့အနော်က ပြောတော့ အားလုံးက အနော်ကို ရီကျဲကျဲနဲ့ ကြည်ပြီး…
“ဟီး၊ ကြောက်တယ်” တဲ့ ပြိုင်တူဖြေပါလေယောဗျာ။
အနော်လည်း တော်တော်လေး ဖုသွားတယ် ။ ဘယ်နှယ့်ဗျာ။ အနော်တို့က ဟိုမှာ အသေလန့်နေတာ။ ဒီကောင်လာရင် သိပ်ကောင်းမှာပဲလို့ အနော်တွေးတာပေါ့။ တဲထဲမှာတုန်းကလေ။ အခုလည်း သူတို့တွေ့လိုက်လို့ ပျော်သွားတာ။ ဒီကောင်တွေက ရောက်နေတာကြာပြီ ကြောက်လို့ မလိုက်လာဘူးဆိုတော့ နည်းနည်းတော့ လွန်တယ်ထင်တာပဲ။
အဲဒါနဲ့ ကျွန်တော်လည်း ရွှဲ့ ချင်လာတာနဲ့။
“နင်တို့ ဘာကြောက်တာလဲ။ ဟမ် ဘာကြောက်တာလဲ။ အခု ငါ့ဆိုင်ကယ် ခြံထဲမှာ ကျန်ခဲ့တယ်။ အဲဒါ သွားယူမယ်။လိုက်ခဲ့၊ ဒါပဲ” ဆိုပြီး ခေါ်တော့တာ။ ဒီကောင်တွေ လုံးဝမလိုက်ရဲဘူးဗျ။
ငဇူးရယ်။ မနက်မှ လာယူပါဟာ။ ငါတို့မှာ ဆိုင်ကယ်ပါပါတယ်။ ဘာညာနဲ့ လုပ်နေတာ။ အနော်ကလည်း သူတို့ကို ဇွတ်ဂျစ်တိုက်တော့တာ။ မယူဘူး။ အခုယူမှာ။ သူခိုး မ သွားရင် နင်တို့ လျှော်ပေးမှာလား။ ဘာညာပေါ့ဗျာ။ အဲဒီလိုနဲ့
ဒီကောင်တွေကို အနော်ခေါ်လိုက်။ သူတို့က ငြင်းလိုက်လုပ်နေတာပဲ။ မိနှစ်နှစ်ဆယ်လောက်ကြာတယ်။ နောက်ဆုံး ဒီကောင်တွေ အနော်ဆိုင်ကယ် ပြန်ရမှ ပြန်မယ်ဆိုတာလည်း သိယော ဖင်တုန်ကုန်တယ်။ ဟုတ်တယ်လေ။ အနော်က ဇွတ်ဟာကို။ အကြောင်းကလည်း သိနေတော့။ မလိုက်လို့ကလည်း မဖြစ်။ လိုက်ရမှာလည်း ကြောက်ကြဆိုတော့ ရီတော့ရီရတယ်ဗျ။ ဟီး။ အနော်ကလည်း ရွဲ့ ချင်လို့လုပ်တာပါ။ ခုနက ကျွန်တော်တို့ အထဲမှာ ကြောက်နေတာကို
သူတို့က အပြင်မှာ အေးအေးဆေးဆေးနေနေလို့ ။
အဲဒီမှာ ရှမ်းကြီးက ကျွန်တော်ကို မနိုင်တော့မှန်းသိတော့။
“ဝေး၊ ဘာကြောက်စီရာရှီလဲ။ ငါတို့က လူအများကြီးဟာ။ ဘာမှမဖြစ်ဘူး။ ငဇူး ဆိုင်ကယ် သွားယူမယ်” တဲ့ ဟီး ။
အဲဒါနဲ့ အကုန်လုံး ပြန်ဝင်ကြတယ်ပေါ့ဗျာ။ အမူးသမားအဖွဲ့နဲ့ သူ့မိန်းမတော့ မပါဘူး။ သူတို့ သေဆို သေပလိုက်မယ်။ ဒီခြံထဲတော့ တစ်သက်လုံး မ၀င်တော့ဘူးဆိုပဲ ။ အဲဒါနဲ့ သူတို့ကို ထားခဲ့ပြီး ယောင်္ကျားလေးတွေချည်း စုဝင်ကြတာ။
အဖွဲ့ကလည်း တောင့်ပါတယ်။ အယောက်နှစ်ဆယ်လောက်ရှိတယ်။ ပျော်စရာကြီးဗျ။ အနော်က ဘုရားရုပ်ထုရင်မှာ ပိုက်ပြီး ဟီးဟီးဟားဟား နဲ့ ထိပ်ဆုံးက ။ အနောက်လူတွေကလည်း ကြောက်သာကြောက်သာ။ အနော်ဟာသတွေပြောတော့ လိုက်ရီကြတယ်။ ဒီလိုနဲ့ ညောင်ပင်ရှေ့ ရောက်တော့ ကျွန်တော်က….
“ဒီညောင်ပင်ရှေ့ မှာကွာ ခုန သိလား” ဆိုတော့…. ဒီကောင်တွေက လန့်သွားပြီး “ဟေ၊ ဘာဖြစ်တာတုန်း” တဲ့။ အနော်က “ငါတို့ လမ်းလျှောက်လာတာပေါ့ကွ။ ဒီညောင်ပင်ရှေ့မှာ ခုနလေ” ဆိုပြီး ပြန်နောက်၊ ဒီကောင်တွေက အနော်ကို ပြန်ဆဲ ။ ဒီလိုနဲ့ ဆိုင်ကယ်ရှိတဲ့ ခြံစောင့်တဲနားထိ ဘာမှ မဖြစ်ဘူး။ ဘာမှလည်း မတွေ့ဘူး။ အနော်တောင် နည်းနည်းကြောင်သွားတယ်။ ဒီသရဲ ဘယ်ပျောက်နေလဲ မသိဘူးဆိုပြီးလေ။ အဲဒီအချိန်မှာ ညက (၁၂) ကျော်နေပြီ။
အဲဒါ ဆိုင်ကယ်ကို တစ်ယောက်တစ်လှည့်စီ တွန်းပြီး ပြန်လာကြတယ်ပေါ့ဗျာ။ အနော်ကိုတော့ သူတို့က ထိပ်ဆုံးမှာထားတယ်။ ဘုရားပါလို့လေ ဟီး ။ အပြန်ကျတော့လည်း ညောင်ပင်အောက်ရောက်တဲ့ အထိ ဘာမှ မဖြစ်ဘူးဗျ။ ရာသီဥတုက အ၇မ်းသာယာတာပဲ။ အေးဆေးနော်။ လုံးဝကို အခြောက်မခံရတာ။ အနော် နည်းနည်းပေါက်သွားတယ်။
“ဒီသရဲကွာ၊ လူနည်းပြီး၊ အားနွဲ့တဲ့ မိန်းမသားနဲ့ ခလေးပါတုန်းက ကြတော့ အသေခြောက်ပြီးတော့။ အခု အခြောက်ခံခိုင်းစေချင်လို့ လူတွေခေါ်လာမှ မခြောက်တော့ဘူး” ဆိုပြီးလေ။ ဟုတ်တယ်ဗျ။ အနော်က ဒီကောင်တွေကို နည်းနည်းတော့ ခြောက်စေချင်တာ။ အနော်ကျတော့ ခြောက်ပြီး ဒီကောင်တွေ ကျတော့ မခြောက်ဘူးဆိုတော့ သရဲက
နည်းနည်း ဘက်လိုက်လွန်းတယ်ဗျာ။ အဲဒါ သရဲကို အမြင်ကပ်လာတာနဲ့…ညောင်ပင်အောက်မှာတင်
“ဝေး…ခုနနေအုံး။ ငါက ဒီဘုရားဆင်းတုတော်ကြီး ဘာလုပ်ရမှာတုန်း” ဆိုတော့ ရှမ်းကြီးက အနောက်နေ
“ဟ…နင့်မားမား အိမ်သယ်သွားပေါ့ဟ၊ နင်တို့ဟာပဲ ဟာကို” တဲ့။ အနော်က
“အာ…လေးတယ်ဟ။ သယ်ချင်ဝူး၊ ခဏလေး၊ ငါအကြံရှိတယ်” ဆိုပြီး ဘာလုပ်တယ်ထင်တုန်း။ ညောင်ပင်ပေါ်တတ်တာ အောက်လူတွေကို ဓါတ်မီးနဲ့ ထိုးခိုင်းပြီးလေ။ လရောင်လေးကလည်း ရှိနေတော့ တတ်ရတာ အဆင်ပြေတယ်။
အဲဒီမှာ ဒီကောင်တွေက အနော်ကို အော်ပါလေရော။ အောက်ကနေပြီးတော့လေ။
“ဟ။ ဟေ့ကောင်၊ ငဇူး၊ ဒါ ဘာလုပ်တာတုန်းဟ။ နင်က” ဆိုတော့ ကျွန်တော်က ဒီလိုဖြေလိုက်တယ်။
“ဘုရားဆင်းတုကို ဒီမှာ တတ်ထားခဲ့မလို့ဟ၊ တဲထဲထိ ငါမသွားရဲတော့ဘူး။ နင်တို့ သွားထားမလား” ဆိုတော့ ဒီကောင်တွေလည်း တွေဝေသွားတယ်။ တဲထဲကို ပြန်လျှောက်ရမှာက ဝေးကြီးလေ။ ဟီး ဘယ်သွားရဲ မတုန်း။
အဲဒါနဲ့ အားလုံးက “အေး၊ ဒီမှာပဲ ထားလိုက်၊ ထားလိုက် ဟီး” ဆိုပြီး သဘောတွေ ကျနေတာပေါ့ဗျာ။ ဟုတ်တယ်လေ။ ဘယ်သူမှလည်း သွားမထားရဘူး။ ညောင်ပင်ပေါ်လည်း အနော်ပဲ တတ်ပြီးထားနေတာဆိုတော့။ သူတို့ သက်သာတယ်လေ။
အဲဒီမှာ ကျွန်တော်လည်း ညောင်ပင် ခွ ကြားပေါ်ရောက်တော့ ဘုရားဆင်းတုတော်ကို တင်ပြီး…
“ဒီတစ်ညတော့ ဒီမှာ ကိန်းဝပ်စံပယ်တော်မူပါ ဘုရား” ဆိုပြီး လက်အုပ်ချီပြီး၊ ပြန်ဆင်းခဲ့တယ်။ ဟုတ်တယ်လေ။ ဒီလိုပဲ ပြောတတ်တော့ ဒီလိုပဲ ပြောတာပေါ့နော့ ။ အဲဒီမှာ ပြသာနာ စတော့တာပဲ ဗျို့။ အနော်က အောက်ရောက်တော့
“ဘုရား ငါဆီမှာ မရှိတော့ဘူး။ ပေး ငါ့ဆိုင်ကယ်” ဆိုပြီး အနော် ဆိုင်ကယ်ကို ပြန်ယူလိုက်တယ်။ အားလုံးကလည်း အေးဆေးဖြစ်သွားပြီဆိုတော့ သူငယ်ချင်းတွေက စိတ်ချ၊ လက်ချပဲလေ အနော်ကို ဆိုင်ကယ်ပေးတယ်။ သူတို့ကလည်း ကြောက်စရာမရှိတော့ဘူးလေ။ ညောင်ပင်အောက်ရောက်နေတာတောင် ဘာမှ မဖြစ်တာ။ ညောင်ပင်ကျော်ရင် ပိုပြီးတောင် အငြိမ်းဆိုပြီး စိတ်ချလက်ချနဲ့ အဟေးဟေး ။ အနော်က မြင်တယ်။ ဖြစ်မဲ့ ပြသနာကို။ အဲဒါနဲ့ ဆိုင်ကယ်ကို ခွပြီး စက်နှိုးလိုက်တယ်။ မသိရင်တော့ သူတို့ လမ်းလျှောက်လို့ ရအောင် မီးထိုးပေးသလိုလို၊ ဘာလိုလိုပေါ့ဗျာ။ အဲဒီအချိန်မှာ ညောင်ပင်ပေါ်က အသံတစ်ခုကြားရတယ်။ တော်တော်ကို ကြောက်ဖို့ ကောင်းပါတယ်ဗျာ။ ရင်လှုပ်သံကြီးနဲ့
“အား………..” ဆိုပြီးလေ။ အဲဒီ အသံနဲ့ အတု။ မည်းမည်းလုံးလုံးကြီး တစ်ခုပါ ပြုတ်ကျလာပါယောလား။ ဘယ်ပြောကောင်းမလဲ။ အနော်က စက်ဖွင့်ပြီး “၀ှီ” ခေါ်နေအောင် ဒိုးတာ။ ဟိုကောင်တွေကလည်း အဲဒီအလုံးကြီးကို သေသေချာချာကြည့်ပြီး… “အောင်ြ့မတ်လေး…သရဲ” ဆိုပြီးပြေးတာ။ အနော်က လမ်းမှာ မရပ်တော့ဘူး။ တစ်ခါတည်း မြို့ထဲ အရောက်ပြန်တာ။ မားမားတို့ အိမ်ကိုလေ။ ဟိုခြံစောင့်လင်မယားကလည်း သူတို့ ငှားလာတဲ့ လိုင်းကားနဲ့ ပြန်ပြီ။
ဒီကောင်တွေအားလုံးကလည်း ခြံပြင်မှာ ဆိုင်ကယ်တွေ ရပ်ထားတာဆိုတော့၊ အနော် စိတ်ချ၊ လက်ချကို ပြန်ခဲ့တာ။ မပူပါဘူး။ ဟီး ။
အဲဒါ မားမားဆီရောက်တော့ အမေက ကျွန်တော်ကို မျှော်နေတာဗျ။ အနော် နောက်တစ်ခေါက် သူငယ်ချင်းတွေနဲ့ ပြန်ဝင်သွားတယ်ဆိုလို့လေ။ ဟို ခြံစောင့်လင်မယားက အမေ့အိမ်ရောက်နေပြီယော။ သူတို့ အဖြစ်အပျက်တွေ အကုန်လုံး ပြောပြထားပြီးပြီ။ အလင်းဆို “ဟ၊ ငဇူး အဲဒီကောင် အဲဒီလိုပဲ၊ လုပ်လိုက်ရင် ရှေ့မကြည့်၊ နောက်မကြည့်နဲ့ ပြီးနေတာဟာ ပြန်လာတာမဟုတ်ဘူး” ဆိုပြီး အပြစ်တင်နေတာ။ အနော် ပြန်လာတာတွေ့မှ အိမ်က လူတွေ အားလုံး ရင်ထဲက အပူလုံးကြီး ကျသွားတာ။ အဲဒါနဲ့ မားမားက အနော်ကို ဆီးကြိုလို့ပေါ့ဗျာ။ ဟိုလင်မယားကလည်း အနော်ကို ကျေးဇူးတင်ပါတယ်၊ ဘာညာနဲ့ ပြောနေတာ။ အနော်က သူတို့ကို အာရုံမရဘူး။ အနော်တွေးနေတာက ဟိုကောင်တွေ၊
“ပြေးလွှတ်မှ လွတ်ပါ့မလား မသိဘူး” ဆိုပြီးလေ။ အနော် စပ်ဖြဲဖြဲနဲ့ ပြန်လာတော့ အမေက ရိပ်မိတယ်ထင်တယ်။
အလင်းကလည်း ဒီကောင် ခြံစောင့်လင်မယားပြောတော့ တစ်မျိုး။ အခုကျတော့ ဘာမဟုတ်တာ လုပ်လာလဲ မသိဘူး၊ စပ်ဖြီးဖြီးနဲ့ ဆိုပြီးအနော်မျက်နှာကို လာကြည့်နေတာ။ အဲဒီမှာ အမေက မေးတယ်…
“သား။ ဇူး။ ဟိုရှမ်းကြီးတို့ အဖွဲ့ရော။ မင်းနဲ့ အတူတူ မပြန်လာဘူးလား” တဲ့။
အနော်က “အင်းပါတယ်။ မားမား။ နောက်က လိုက်လာလိမ့်မယ်။ သားဗိုက်ဆာတယ်” ဆိုပြီး မီးဖိုချောင်ထဲ ၀င်သွားလိုက်တယ်။ အလင်းက ထမင်းခူးပေးဖို့ လိုက်လာတယ်။ အမေက ရှမ်းကြီးတို့ကို ထပ်မျှော်နေတယ်။ အနော်သူငယ်ချင်းတွေ စိတ်ပူတာလည်း ပါမယ်ထင်တယ်။ ဒီလိုပဲ အနော်တို့ဘက်က ကိုယ့်သား၊ သူ့သားခွဲခြားတာမဟုတ်ဘူး။ ကိုယ်သား ပြန်လာလို့၊ သူများရဲ့ သား၊ သမီး ဘာဖစ်ဖစ် ဆိုပြီး ပစ်ထားတာမဟုတ်ဘူး။
အဲဒီဓလေ့တော့ အနော်ကြိုက်တယ်။ ရှမ်းကြီးတို့ အမေဆိုလည်း ဒီလိုပဲ။ အလင်းကတော့ အနော်ကို ထမင်းခူးပေးရင်းမေးနေတာ။ အနော်က စပ်ဖြီးဖြီးဖြစ်နေတာကိုး။ ရယ်ချင်နေတာကလည်း ခက်တယ်ဗျာ။ ထိမ်းလို့မရဘူး။
ကြိတ်ကြိတ်ပြီး အူတတ်နေတာက ပိုတောင် ခက်သေး ။ ပွင့်ပွင့်လင်းလင်းရီရရင် တော်တော်သက်သာမှာ ။
“နင် ဘာစပ်ဖြီးဖြီး ဖြစ်နေတာလဲ ငဇူး။ ဘာဖစ်ခဲ့လို့လဲ” ဆိုတာချည်းပဲ။ အနော်က
“နင် မသိပါဘူးဟာ။ ဟိုကောင်တွေ လာတော့ သိမှာပေါ့။ ငါဗိုက်ချာနေပြီ ညန်ညန်လုပ်” လို့ပဲ ပြောလိုက်တယ်။
အဲဒါ အနော် ထမင်းစားနေတုန်း။ ရှမ်းကြီး မောကြီး၊ ပန်းကြီးနဲ့ အိမ်ပေါ်ကို တတ်လာတယ်။ အနော်မားမားကို သူက အမေလို့ခေါ်တယ်။ ရောက်တာနဲ့ ဆီးပြီးမေးတာ…..အနော်ကို တော်တော်ချစ်တယ် ဒီကောင်က…
“အမေ၊ ငဇူး ရော၊ ဘယ်မှာလဲ သူ” ဆိုတော့ အမေက အနောက်မှာ ထမင်းစားနေတယ် ပြောတာပေါ့။ အဲဒီမှာ ဒီကောင် မီးဖိုခန်းထဲဝင်လာပြီး အခန့်သား ထမင်းတုတ်နေတဲ့ အနော်လည်းတွေ့ရော လိုက်ထုတော့တာ။ ပါးစပ်ကလည်း …
“မသာကောင်၊ သောက်ကျင့်ယုတ်၊ နင်က ငါတို့ကို ချောက်ချတယ်ပေါ့လေ။ ခွီးထဲမှာ မနည်းပြေးလာရတယ်” ဘာညာပေါ့ဗျာ။ အနော်ကို အမှန်ဆို ဒီကောင် အသေဆဲချင်နေတာ။ ဒါပေ့မယ် အမေရှေ့မှာဖြစ်နေလို့ သိပ်မိုက်မိုက်ရိုင်းရိုင်းဆဲလို့မရဘူးလေ။ အမေက တီးလွှတ်လိုက်မှာပေါ့။ အဲဒါနဲ့ပဲ
“မသာကောင်၊ မသာကောင်” ဆိုတာ သုံးပြီး အနော်ကို လိုက်ထုနေရတယ်။ အနော်ကလည်း ထမင်းစားခန်းထဲ ပတ်ပြေးနေတော့…. အမေနဲ့ အလင်းက “ဟဲ့ နင်တို့ဘာဖြစ်ကြတာတုန်း၊ အယ်၊ နေပါဦး…မေးနေတာ ဖြေလေ” ဘာညာနဲ့ ၀ိုင်းဆွဲကြတယ်။ ဒီလိုနဲ့ပဲ ဒီကောင်က အနော်ဘာလုပ်ခဲ့တယ် ဆိုတာကို အမေ့ကို ပြောပြလိုက်တယ်ဗျ။ အမေကလည်း အနော်ကို ဆဲတော့တာပေါ့ဗျာ။ ပြီးတာကို ငြိမ်ငြိမ်လေး ပြန်မလာဘူး။ ပြသနာက ထပ်ရှာခဲ့သေးတယ်။ နင့်ကို အဲဒါကြောင့် စိတ်မချရတာ။ ဘာညာပေါ့။ အလင်းကလည်း သနပ်ခါးတုံးနဲ့ လိုက်ထုတာ မပြီးတော့ဘူး။ အဖေပြန်လာရင် အဲဒါကို ဘယ်လိုရှင်းမတုန်း။ နင် အဲဒီ ဘုရားရုပ်ထုကို သွားပြန်ပင့်ချေ၊ မနက်ကျရင် မသာကောင်။ ဘာညာပေါ့ဗျာ။ အဲဒီလို အိမ်ထဲမှာ ပွဲခံနေတုန်း။ ဟိုကောင်တွေလည်း တစ်ယောက်ပြီး၊ တစ်ယောက် ရှေ့ ဆင့်နောက်ဆင့်ရောက်လာကြတယ်။
ရောက်တာနဲ့ အနော်ကို ၀ိုင်းပြီး သြဘာပေးတော့ တာပါပဲ။ တစ်ယောက်လာလည်း…
“မသာကောင်၊ ငဇူး။ ငါတို့ကို ချောက်ချတယ်ဟုတ်လား” ဆိုပြီး ထုသွားလိုက်၊ နောက်တစ်ယောက်လာလည်း ထုသွားလိုက်နဲ့။ အယောက်နှစ်ဆယ် ပြည့်တော့မှ အနော်လည်း အထုလွတ်တော်မူတယ်။ အဲဒီတော့မှ အနော်လည်း သက်ပြင်းချမိတာ။ ဟုတ်တယ်။ ဒီကောင်တွေထဲက တစ်ယောက်ယောက်သာ အဲဒီခြံထဲ ကျန်ခဲ့ရင် လွယ်ဝူးရယ်။ ထပ်၇ှာရမှာ။ အနော်က စသာ၊ စချင်တာ၊ ဒီကောင်တွေ ပြသနာ ဖြစ်ကျန်ရစ်ခဲ့မှာတော့ စိုးရိမ်တယ်။ ကိုယ့်သူငယ်ချင်းတွေက ဒါပဲရှိတာဆိုတော့လေ။ ဟီး ။
အဲဒီကောင်တွေ အားလုံးက ခြံထဲမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ပြန်ပြောကြတယ်။ သူတို့လည်း လွတ်လာတော့ ပျော်ကြပါတယ်။ ပြေးနေတုန်းကသာ အနော်ကို စိတ်တိုကြတာ။ ဟီး။ ဒီလိုဗျ။ အနော် ဘုရားကို သွားတင်တော့ ပြုတ်ကျလာတာက သရဲ၊ အဲဒါ မှန်ပါတယ်။ သူနေတဲ့ နေရာကို သူကြောက်တဲ့ ဘုရားရုပ်ကြီး သွားတင်တာပဲဗျာ။
မပြေးချိယောလား။ဟေးဟေး။ ငဇူးပါဆို။ ။ အဲဒီမှာ ဒီကောင်တွေလည်း ခြံပြင်ကို ပြေးနေတုန်း။ သူတို့ဘေးကနေ အရိပ်မည်းမည်းကြီးပေါ့နော်။ ခမောက်ဆောင်းထားတယ်။ သူကလည်း ဘေးခြင်းယှဉ်ပြေးနေတာတဲ့။ ဘယ်လောက်တောင် အဲဒီအရိပ်က ပြေးလဲဆို ခြံဝထိ ရောက်သွားတယ်ဆိုပဲ ဒီကောင်တွေထက်စောပြီး။ ဒီကောင်တွေကလည်း အရိပ်က ခြံဝရောက်နေတော့ နောက်ပြန်လှည့် ပြေးရမလိုလို၊ အရှေ့ဘက်ဆက်တိုးရမလိုလို ဖြစ်နေတာပေါ့။ အဲဒီအရိပ်မည်းမည်းကြီးက ခြံဝကို သွားဆောင့်တယ်။ “ဒုန်း” ခနဲ ဆိုပြီးလေ။ ပြီးတော့ အနောက်ကို ပြန်ပြေးလာတယ်။ ဒီကောင်တွေကလည်း အရိပ်လာတော့ နောက်ကြောင်းလှည့်ပြေးတာပေါ့။ အဲဒီအရိပ်က အမှန်က သူတို့ကို လိုက်ဖမ်းနေတာမဟုတ်ဘူးရယ်။ ခြံထဲ ပတ်ပြေးနေတာ။ အော်ဟစ်ပြီးတော့လေ။ ဘာလို့လဲဆိုတော့ အရိပ်ကလိုက်လာတိုင်း သူတို့ကို ကျော်ကျော်သွားတာတဲ့ ။ အဲဒီမှာ သူတို့လည်း အခြေအနေကို သဘောပေါက်တော့
လွတ်ရာ၊ လွတ်ကြောင်း ခြံပေါက်ကို ကျော်အောင် ပြေးခဲ့ရတယ်ဆိုဗြဲ ။ တော်တော်တော့ မောသွားမှာပဲ ခွီး ။
ဇာတ်လမ်းကို အစအဆုံးထိ ကြားပြီးရော။ ကျွန်တော်တို့လည်း အူတတ်အောင် ရီတော့တာပါပဲ။ ဒီကောင်တွေလည်း ခုမှ ရီရီမောမောနဲ့ အလင်းချပေးထားတဲ့ မုန့်တွေလည်း ကုန်။ အအေးတွေလည်း အကုန်တီးသွားတယ်။ ရှမ်းကြီးက ထပ်တောင် စားချင်နေတာ။ အလင်းက “ကုန်ပီ” ဆိုပြီး ပိတ်ပြောပလိုက်တော့မှ ငြိမ်သွားတယ်။ အမေကလည်း အနော်ကို စိတ်တော့ ဆိုးပါတယ်။ ဒါပေ့မယ့် အနော်က သူ့သားပဲဟာ။ သူဘာပြောမတုန်း။ အဲဒီလိုနဲ့ ညဉ့်တော်တော်လေးနက်တော့ အားလုံးလည်းပြန်သွားကြတယ်။ ကျွန်တော်တို့လည်း အိပ်ပေါ့။ အနော်ကတော့ တွေးတွေးပြီး ရီနေတာနဲ့ တော်တော်နဲ့ကို အိပ်မပျော်ပါဘူး။ ဟီး ။
ဒီလိုနဲ့ နောက်တစ်နေ့ မနက်လည်းကျရော၊ အနော် ညောင်ပင်ပေါ်က ဘုရားရုပ်ထုကို သွားပင့်ဖို့ ဆိုင်ကယ်ယူတုန်းပဲ ရှိသေးတယ်။ ပါးပါး ပြန်ရောက်လာတယ်။ ပြီးတော့ အနော်ကို မြင်တော့ သူက ရူးရူး၊ ဒိုင်းဒိုင်းနဲ့ “မင့် ညက ဘာတွေ လုပ်ခဲ့တုန်း ခြံထဲမှာ”တဲ့။ အနော်ကလည်း “ဘာလုပ်ရမှာတုန်း ပြသနာတတ်တယ်ဆိုလို့ သွားကူပေးတာ။ဒါပဲ” ဆိုပြီး နှုတ်ကို မဆက်တော့ပဲ ပြန်လာခဲ့တယ်။ ဟုတ်တယ်လေ။ ရောက်ရောက်ခြင်း ဆောက်နဲ့ထင်းဆိုသလို လာလုပ်နေတာကိုး။ ကိုယ်ကို လာထွင်းတာ။ ဟောက်သံနဲ့ L ။ အဲဒါနဲ့ ဒီလိုပဲ ပြောလိုက်ရတယ်။ အစကတော့ ဘုရားသွားပင့်မို့ ဒါပေ့မယ်
အဖေနဲ့မနက်အစောကြီး စိတ်တိုထားတော့ အိမ်ပဲ တန်းပြန်လိုက်ရတယ်။ အိမ်ကလည်း ရောက်ရောက်ခြင်း၊ အားလျန်က အုန်းချောသွားပြီး မျိုးစေ့ယူမလို့ လိုက်ပို့ပါဆိုတာနဲ့ လိုက်ပို့ရတာ။ ဘုရားပင့်တဲ့ဆီကို မရောက်တော့ဘူး။ အုန်းချောေ၇ာက်ပြန်တော့လည်း သူ့အမျိုးတွေက ရောက်တုန်း၊ ရောက်ခိုက် တစ်ညနေပါဦး၊ ဘာညာနဲ့။ အားလျန်ကလည်း သူ့အမျိုးတွေနဲ့တွေ့တော့ ပျော်နေတယ်။ အိပ်မယ်နော်။ ဒီည ဒီမှာ အိပ်မယ်နော်။ ဆိုပြီးလုပ်နေတာ။ အဲဒါနဲ့ အဲဒီညက အဲဒီမှာ အိပ်လိုက်ရတယ်ဆိုပါတော့ဗျာ။ ဘုရားကတော့ ပင့်တဲ့ ဆီကို မရောက်တော့ပါဘူး ဟီး ။
နောက်တစ်နေ့ မနက် အုန်းချောက ပြန်လာတော့ အနော် အိမ်မှာ ပါးပါးက လာစောင့်နေတယ်။ ကျွန်တော်ကတော့ ပြသနာပဲ။ အဖေက ဘာလာလုပ်ပြန်ပြီလဲ မသိဘူး ဆိုပြီး အိမ်ထဲဝင်သွားတာပေါ့။ အားလျန်လည်း ကြောင်သွားတယ်။
“အကို၊ ဦးလေး ဘာလာလုပ်တာလဲ” တဲ့။
“အေး၊ အကိုလည်း သိဝူး” လို့။
ကျွန်တော် အိမ်ထဲရောက်တဲ့ အထိတော်တော်ကြာကြာ အဖေက စကားတစ်ခွန်းမှ မပြောဖူးရယ်။ ကျွန်တော်ကိုပဲ မှုန်သေသေနဲ့ ကြည့်နေတာ။ မီးဖိုချောင်သွားရင်၊ မီးဖိုချောင်လိုက်ကြည့်တယ်။ အိမ်ရှေ့ပြန်ထွက်လာရင် အိမ်ရှေ့လိုက်ကြည့်တယ်။ ကြာတော့ဗျာ။ ကျွန်တော် မနေတတ်တော့ဘူး။ အဲဒါနဲ့ အဖေ့ကို
“ပါးပါး၊ ဘာစားပြီးပြီလဲ မနက်စာ။ ကော်ဖီသောက်မလား” လို့ လောကွတ်ပြုလိုက်တယ်။ အဖိုးကြီးက အဲဒီတော့ ဘာပြောတယ်ထင်တုန်း။ လေသံကတော့ ခပ်အေးအေးပဲ။
“မင့်ဘုရားသွားပင့် ပြီးပြီလား” တဲ့လေ။ အဲဒီတော့မှာ ကျွန်တော်လည်း သတိရတော့တယ်။ “ဟိုက်” ဆိုပြီးလေ။ မေ့နေတာ၊ အဲဒါကို မေ့နေတာ။ အဲဒါနဲ့ ချက်ခြင်းပဲ။
“အာ၊ သားမေ့နေတာ။ ဟုတ်တယ်။ သွားပင့်ရအုံးမယ်။ မနေ့က အုန်းချောမှာ အလုပ်ရှုပ်နေတာမို့ ၊ ပြန်မတတ်လာမိတာ၊ အခု သွားပင့်လိုက်မယ်၊ ဆောရီး” ဆိုပြီး ပြောတော့။ အဖေက
“ခဏနေတူတူသွားမယ်။ ရေမိုးချိုးထား။ ဘုန်းကြီးပင့်ဖို့။ အဲဒီတော့မှ တစ်ခါတည်း လုပ်ချေ” ဆိုပြီး ပြန်သွားတယ်။
အနော်လည်း ဇဝေဇ၀ါနဲ့ကျန်ခဲတာ။ အဖေက ရုပ်တည်ကြီးနဲ့ လေသံအေးအေးနဲ့ ပြောသွားတာလေ။ အနော်က သူပြသနာရှာမယ်ထင်လို့၊ ဟောက်မယ်၊ ငန်းမယ်ပေါ့နော်။ အခုတော့ ဘုန်းကြီးပါ ပင့်ပြီး ခြံထဲသွားမယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းတယ်။ အဲဒီစကားများ ပြောဖို့အရေးဗျာ။ အဖေနဲ့သားဟာကို ရုပ်တည်ကြီးနဲ့ လိုက်ကြည့်နေသေးတယ်။ ဟွန့်။ အဲဒါကြောင့်ပြောတာ အဖေ့ကို လူဂွစာပါလို့ဆို L ။ နားလည်လို့ကို မရဘူး။
ဒီလိုနဲ့ ရေမိုးချိုးပြီး အကျီအဖြူလေးနဲ့၊ ပုဆိုးလေးနဲ့ ၀တ်ပြီး စောင့်နေလိုက်တာပေါ့ဗျာ။ ခဏနေတော့ အဖေ သူ့ကားနဲ့ရောက်လာတယ်။ ဘုန်းကြီးငါးပါးလည်းပင့်လာတယ်။ အနော်ကို ၀င်ခေါ်တာလေ။ နောက်မှာက ရှမ်းကြီးတို့က ဘယ်က ငှားလာတဲ့ ဟိုင်းလတ်နဲ့လည်း မသိဘူး။ မိန်းခလေးတွေလည်း ပါတယ်။ အကုန်လုံးက ဘုန်းကြီးကျောင်းတတ်မဲ့ အထာတွေနဲ့ ။ ကျွန်တော်က နောက်က ဟိုင်းလတ်မှာပဲ လိုက်ခဲ့လိုက်တယ်။ ကားပေါ်ရောက်တော့ အလင်းကို တွေ့ယော။ အဲဒါနဲ့ ကြိတ်မေးရတယ်။
“ဟဲ့၊ ပါးပါးက ဘာဖြစ်တာတုန်း။ ရုတ်တရက်ကြီးနော်။ ဟိုတစ်ခါလည်း ဘုန်းကြီးပင့်သေးတယ်ဆို။ အခုလည်း ပင့်ပြန်ပြီလားဟ” ဆိုတော့…အလင်းက
“အေး။ သရဲက ညက အဖေကို အိမ်မက်ပေးတယ်တဲ့ဟ။ သူကျွတ်ချင်ပြီ ပြောတယ်လို့ အဖေကပြောတယ်။ အဲဒါကြောင့်လုပ်ရတာ။ အရင်လုပ်တာတွေတုန်းက သာဓုမခေါ်ခဲ့ဘူးတဲ့။ အခုတော့ ဒါလေးကို နောက်ဆုံးအနေနဲ့ လုပ်ပေးပါဆိုလို့ အဖေက လုပ်နေတာဟ။ အဲဒါနင့်ကြောင့် သေနာရဲ့ ။ နင်ဘုရားရုပ်ထုကြီး သွားတင်ထားတော့။ သူတော်တော်ပူလောင်တယ်ပြောတယ်။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဆိုတော့ နောင်တရသွားပုံပေါ်တယ်ဟ။ ဟီး” ဆိုပြီး သူက ပျော်နေတယ်။ ဟုတ်တယ်လေ။ အားလုံးလည်း ပျော်တယ်။ ဒီခြံက ဂွတ်တယ်။ နောက်ဆို အေးအေးဆေးဆေး ပါတီလုပ်လို့ရပြီ ဟေးဟေး။ အားလုံးက အနော်ကို လက်ဖျားခါနေတယ်။
“နင့်အဖေပြောသလိုပဲ၊ နင်ကတော်တော်ကို ကမြင်းတဲ့ကောင်တဲ့၊ သရဲတောင် မနေရဘူး” ဆိုပြီးလေ။
အနော်က စပ်ဖြီးဖြီးနဲ့ ရှမ်းကြီးတော့ ဘက်လှည့်ပြီး “နင်တို့လည်း တော်တော်လေး ပြေးလိုက်ရတယ်နော်” ဆိုပြီး စလိုက်တယ်။ ကောင်မလေးတွေ ရှေ့မှာစတော့ ဒီကောင်တွေကလည်း ကြိတ်ပြီး အနော်ကို ဆဲပေါ့ဗျာ။ ဟီး။
အဲဒီနေ့က ခြံထဲ ရောက်တာနဲ့ အဖေက ရုပ်တည်ကြီးနဲ့ အနော်ကို အရင်ခေါ်တာ။ ပြီးတော့ ညောင်ပင်ပေါ်က ဘုရားကို ပင့်ခိုင်းတယ်။ အနော်လည်း ဘုရားရုပ်ထု တင်ယူ။ ပြီးတော့ တဲထဲမှာပြန်ထား။ ဘုန်းကြီးတွေ ထိုင်ဖို့ ခုံတွေယူ။ အောက်မှာက တရားနာမဲ့သူတွေထိုင်ဖို့ တာလဗတ်တွေခင်းနဲ့တော်တော်လေးတော့ အလုပ်ရှုပ်သွားတယ်။ ပြီးတော့
အားလုံးတရားနာဖို့ လုပ်တုန်း ဘုန်းဘုန်းက အနော်နာမည်ကို ခေါ်ပြီး…
“မောင်ဇူး၊ ညောင်ပင်က ညောင်ကိုင်းတစ်ကိုင်းလောက် သွားခူးလာခဲ့” တဲ့။ အဲဒီမှာ အဖေက ပြာပြာသလဲ…
“အယ်အယ်။ ငဇူးမသွားနဲ့ ရှမ်းကြီး မင်းသွားခူးချေ” ဆိုပြီး ရှမ်းကြီးကို အတင်းလွတ်လိုက်တယ်။ ဟိုကောင်ကလည်း ကြောက်ကြောက်နဲ့ သွားခူးလာခဲ့တယ်။ အမေက “ရှင်ကလည်း သား သွားတော့ ဘာဖြစ်မှာမို့တုန်း” ဆိုပြီး အဖေကို တံတောင်နဲ့ တွတ်တယ်။ အဖေက ဘာပြောတယ်ထင်တုန်း။ “အာ၊ အဲဒီကောင်သွားရင်လိုက်လာမှာမဟုတ်ဘူး။ ထွက်ပြေးသွားမှာ” တဲ့လေ။ ဟားဟ ။ ဘုန်းကြီးတွေ အပါ အ၀င်၊ လူတွေလည်း ရီကြပေါ့ဗျာ။ ဒီလိုနဲ့ တရားနာပြီးတော့ အဖေဦးလေးနာမည်နဲ့ အမျှ၊ အတန်းတွေ ဘာတွေ ဝေပေးလိုက်တယ်။ ညောင်ပင်ဘက်ကလည်း အမျှဝေပြီး သာဓုခေါ်နေတဲ့ အချိန်မှာ သာဓု။ သုံးကြိမ်ခေါ်သံကြားလိုက်ရတယ်။ အဖေကတော့ မျက်ရည်လေး စက်လျက်၊ စက်လျက်နဲ့။ အနော်ကတော့ စိတ်ပဲ ချမ်းသာသွားတယ်။ ဒီခြံတော့ အေးချမ်းသွားပြီ ထင်ပါတယ်ဆိုပြီးလေ။
ဒီလိုနဲ့ နောက်အပတ်မှာ ခြံထဲမှာ အလှူအတန်းတွေဘာတွေလုပ်ပေးဖြစ်တယ်။ ဘုရားမှာလည်း ဦးလေးနာမည်နဲ့ ရွှေသက္ကန်းတွေဘာတွေကပ်ပေါ့ဗျာ။ ခြံကြီးကလည်း အသား၊ ငါးတွေဘာတွေ သွင်းလို့ရသွားတယ်။ တစ်ခါတစ်လေတော့ ဟင်းကောင်းရင် ပျောက်တတ်တယ်။ ဟင်းမကောင်းရင် မပျောက်ဘူးရယ်။ အနော်က ဟင်းမကောင်းရင် မကြိုက်ဘူးလေ။
ပြီး၏…
အကိုဇူကိုကျေးဇူတင်ပါတယ်။ ကျေးဇူတင်ထိုကသူအားလူံးကိုကျေးဇူတင်ပါတယ်ခင်ဗျာ။