သူငယ်ချင်းများကို ချစ်သူအိမ်ကလေးမှကြိုဆိုပါတယ်...
ကျီးတွေထဲမှာတော့ ကျုပ်က မိဘကျေးဇူး အသိတတ်ဆုံး ကျီးဗျ။ ဖအေအို ကျီးဒုက္ခိတကြီးကို ခုချိန်ထိ ပြုစုလုပ်ကျွေး နေတာ ကျုပ်တစ်ကောင်ပဲ ရှိတယ်။
ကျန်တဲ့ကျီး တစ်ကောင်တစ်မြီးမှ မိဘလုပ်ကျွေးတယ်ဆိုတာ မရှိဘူး။ ကျီးအားလုံးဟာ အပျံတတ်လို့ ကိုယ့်တောင်ပံကိုယ် အားကိုးနိုင်ပြီဆိုတာနဲ့ မိဘအသိုက်အမြုံကနေ တစ်ခါတည်း အပြီးထွက်သွားကြတာပဲ။ တစ်ခေါက်တလေတောင် ပြန်လာဖော်ရတာ မဟုတ်ဘူး။ မိဘဆိုတာ ရှိတယ်တောင် မအောက်မေ့ဘူး။ ပြုစုလုပ်ကျွေးဖို့ နေနေသာသာ။ အဲဒီလို ကျီးတွေထဲမှာ ကျုပ်ကတော့ တစ်မိပေါက် တစ်ကောင်ထွန်းပေါ့ဗျာ။ ကျုပ်အမေလား။ အမေကတော့ မရှိတော့ဘူး။ ဆုံးတာ ကြာပါပြီဗျာ။ ကျုပ် အပျံတတ်စ အရွယ်ကတည်းက ဆိုပါတော့။ ကြမ္မာငင်ပြီး ဆွေးပေါက်နေတဲ့ ဓာတ်ကြိုးပေါ် သွားနားမိလို့ ဓာတ်လိုက်သေသွားတာလေ။ အခုတော့ အဖေတစ်ခု သားတစ်ခုပေါ့ဗျာ။
ကျုပ်တို့သားအဖက သိပ်ချစ်ကြတယ်။ သိပ်လည်း တွယ်တာကြတယ်။ အဲ… ဒါပေမယ့် တည့်လည်းမတည့်ဘူး။ ဒါလည်း မျိုးဆက်ကွာဟမှုလို့ ပြောရမလားပဲ။ အဖေနဲ့ ကျုပ်က အမြဲ ငြင်းရခုံရတယ်။ အမြင်လည်း မတူဘူး။ တွေးပုံခေါ်ပုံချင်းလည်း မတူဘူး။ အယူအဆလည်း ကွဲတယ်။ ဒါတောင် မျိုးဆက်က များများမဟုတ်ဘူးနော်။ တစ်ဆက်တည်းပဲ ကွာတာ။ ဘာပဲပြောပြော ကျုပ်က အဖေ့ကိုတော့ ကျေးဇူးတင်တယ်ဗျာ။ ကျုပ်ကို ကျီးတစ်ကောင်အဖြစ် မွေးဖွားဖြစ်တည်ခွင့် ပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ကျုပ်က ကျီးဖြစ်ရတာ ဂုဏ်ယူကျေနပ် နေတဲ့သူလေ။ ကျီးဆိုတာ စည်းလုံး ညီညွတ်ခြင်းရဲ့ သင်္ကေတဗျ။ အမျိုးထိရင် မချိအောင်နာတတ်တဲ့ သူတွေထဲမှာ ကျုပ်တို့ ကျီးကို ဘယ်သတ္တ၀ါမှ မမီဘူး။ ကျုပ်တို့က စံပြပဲ။ ကျုပ်တို့ ကျီးအချင်းချင်း အစာလုရင်း ဘာရင်း ခိုက်ရန်ဒေါသ ဖြစ်တာမျိုး မရှိဘူးမဟုတ်ဘူး။ တစ်ခါတစ်ရံမှာ ရှိတတ်ပါတယ်။ အဲ… ဒါပေမယ့် အပြင်ရန်သူနဲ့ ပတ်သက်လာရင်တော့ ကျုပ်တို့ ကျီးအားလုံးက တစ်သွေးတည်း တစ်သားတည်း၊ တညီတညွတ်တည်း ဖြစ်သွားရော။
ဥပမာဗျာ၊ ကျုပ်တို့ထဲက ကျီးတစ်ကောင်ကောင်နဲ့ အပြင်ကကောင်တစ်ကောင် အကြောင်းတစ်စုံတစ်ရာနဲ့ တစ်နေရာရာမှာ ပြဿနာဖြစ်ကြတယ် ဆိုပါစို့။ မသိလိုက်နဲ့၊ သိလိုက်ပြီဆိုတာနဲ့ ကျုပ်တို့ကျီးတွေ အုပ်စုလိုက် ချီတက်ပြီး အဲဒီ အပြင်ကကောင်ကို မှတ်လောက်သားလောက်အောင် ထိုးလွှတ်၊ ဆိတ်လွှတ်၊ စွာလွှတ်၊ အာလွှတ် လိုက်တာပဲ။ နောင်ကြဉ်သွားအောင် ကောင်းကောင်းကို ပညာပေး လွှတ်လိုက်တာပဲ။ ကျုပ်တို့ကောင် မှားတာ မှန်တာက နောက်။ ဒီနေရာမှာတော့ ကျုပ်တို့အချင်းချင်း ဘယ်သူ့ဘယ်သူမှ မလောဆော်ရဘဲ အလိုလို စည်းလုံးညီညွတ်သွားတာဗျ။ အသွေးထဲ၊ အသားထဲ၊ ရိုးတွင်းခြင်ဆီထဲကကို ညီညွတ်ပြီးသား ဖြစ်နေတာ။ တော်တော်တော့ ထူးဆန်းတယ်။
ဒါကြောင့်လည်း ကျုပ်တို့ကျီးတွေကို တော်ရုံသတ္တ၀ါ မစော်ကားဝံ့တာပေါ့ဗျာ။ စည်းလုံးခြင်းသည် အင်အားမဟုတ်လား။ ကြုံကြိုက်လို့ ကျုပ်တို့ ကျီးတွေမှာရှိတဲ့ တခြား အရည်အချင်းတွေကိုလည်း ပြောပြလိုက်ဦးမယ်။ ကျုပ်တို့ ကျီးတွေဟာ ရဲတယ်ဗျာ၊ လျင်တယ်ဗျာ၊ သွက်တယ်ဗျာ၊ အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ယူတတ်တယ်ဗျာ။ နောက်ပြီး ကျုပ်တို့က အအားမနေဘူး။ အမြဲလိုလို ဟိုဟိုဒီဒီသွားလာပြီး အရာရာကို စူးစမ်းလေ့လာနေတော့ ဗဟုသုတ ရှိတယ်ဗျာ၊ နှံ့စပ်တယ်ဗျာ၊ အမြင်ကျယ်တယ်ဗျာ။
အခွင့်အရေးယူတာနဲ့ ပတ်သက်လို့ အဖေနဲ့ကျုပ်နဲ့ တကျက်ကျက်။ ကျုပ်တို့က အမြင့်မှာ အနေများပေမယ့် မြေပြင်ပေါ်က အစာကိုလည်း အလွတ်မပေးဘူး။ အစာနဲ့ပတ်သက်ရင် အမြဲလက်ဦးမှု ယူတယ်။ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ ကိစ္စကိုပဲ ကြည့်။ တစ်မနက်ပေါ့ဗျာ။ စောတော့ တော်တော်စောပါတယ်။ လူတွေ ကားတွေတောင် သိပ်သွားသွားလာလာ မရှိသေးဘူး။ ကျုပ်တစ်ကောင်တည်း ဗဟိုလမ်း လမ်းဘေးဗာဒံပင်ပေါ် နားနေတုန်း လမ်းမပေါ်မှာ မြေကြွက်ကြီးတစ်ကောင် ပိုးလိုးပက်လက် သေနေတာကို တွေ့လိုက်မိတယ်ဗျ။
အဲဒါကို ဘယ်ကမှန်းမသိတဲ့ ခွေးဝဲစားနှစ်ကောင်က ကြွက်သေကို နမ်းကြည့်လိုက်၊ လှည့်သွားလိုက်၊ တစ်ခါထပ်နမ်းကြည့်လိုက်၊ ပြန်လှည့်သွားလိုက်။ စားတော့မလိုလို၊ မစားတော့ဘူးလိုလို။ ဘာလုပ်နေမှန်းလည်း မသိဘူး။ အကြာကြီး။ ပြီးတော့ တစ်ကောင့်တစ်ကောင်လည်း မာန်ဖီနေသေးတယ်။ ကျုပ်က သစ်ကိုင်းပေါ်ကနေ မကြည့်ချင် မြင်ရက်သား ဖြစ်နေတာပေါ့။ ကြာတော့ စိတ်က မရှည်တော့ဘူး။ ကျုပ်အဖော် ကျီး လေးငါးဆယ်ကောင်လည်း ရောက်လာရော၊ ကျုပ်တို့ အချင်းချင်း တစ်ကောင့်တစ်ကောင် မျက်စပစ်လိုက်ပြီး ကြွက်သေအနား ဝေါခနဲ ထိုးဆင်းလိုက်တာပေါ့။ တောင်ပံ တဖျပ်ဖျပ်ခတ်ရင်း ပါးစပ်ကလည်း တအားအားနဲ့ သံပြိုင် အော်ထည့်လိုက်သေးတယ်။
"ရှောင်ကြ ရှားကြ။ ဒါ တို့အစာဟေ့"လို့ ကြွေးကြော်လိုက်တဲ့ သဘောပေါ့။ ကျုပ်တို့လည်း မြေပေါ်ရောက်ရော၊ အို… ဘာပြောကောင်းမလဲ ခွေးဝဲစားနှစ်ကောင်ဆိုတာ အမြီးကုပ်ပြီး ပြေးလိုက်တာ တန်းနေတာပဲ။ နောက်တောင် တစ်ချက် လှည့်မကြည့်ဘူး။ ဟိုး ခပ်ဝေးဝေးကိုရောက်မှ နောက်လှည့်ပြီး မရဲတရဲ လှမ်းမျှော်ကြည့်တယ်။ ကျုပ်တို့ မြိန်ရေယှက်ရေ စားသောက်နေတာ မြင်သွားပြီး အရိုးအရင်းလေးများ ကျန်လေမလားလို့ မျှော်လင့်တယ် ထင်ပါရဲ့။
ဘယ်ကျန်မလဲဗျာ၊ ကျုပ်တို့ကလည်း အဖွဲ့နဲ့ဆိုတော့ သိပ်တောင် မလောက်ငချင်ဘူး။ အဖေ့အတွက်လည်း ၀မ်းရှယ်ယာ အိမ်သယ်ရသေးတာ။ အဲဒီအကြောင်း ကျုပ်က အဖေ့ကို အားရပါးရ ပြောပြတော့ အဖေက ဘာပြန်ပြောတယ်ထင်လဲ။
"သားရယ် မင်းတို့ချည်းပဲ အုပ်စုဖွဲ့ပြီး အနိုင်မယူပါနဲ့ကွယ်။ သူများတွေကိုလည်း နည်းနည်းပါးပါး ပေးကျွေးပါဦးလား" တဲ့။
ဟား… အဲဒါပဲ။ အဖေတို့ ခက်နေတာ။
"အဖေ သေချာမသိဘဲ ရမ်းရမ်း မပြောနဲ့ဗျ။ ကျွန်တော်တို့က ပေးမကျွေးတာ မဟုတ်ဘူး။ အဲဒီ ခွေးဝဲစားတွေက အရင်မြင်တာ၊ အရင်မြင်ပြီး မစားတတ်တာ။ စားရကောင်းမှန်း မသိတာ။ အချင်းချင်းလည်း မညီညွတ်ဘူး။ သတ္တိလည်း မရှိဘူး။ ဆုံးဖြတ်ချက်လည်း မပိုင်ဘူး။ ဒီတော့ ငတ်ပေါ့"
"မဟုတ်သေးဘူးလေကွာ။ တော်ကြာ သူများတွေက မင်းတို့ကို အစာနဲ့ပတ်သက်ရင် တစ်မိုးလုံးဖျောက်ဆိပ်တို့ ဘာတို့ ပြောနေမှာစိုးလို့ပါ"
"ပြောပြောဗျာ။ မနာလိုတဲ့သူတွေ ပြောတာ လိုက်ဂရုစိုက် မနေနိုင်ဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာရှိတာ လုပ်သွားမှာပဲ"
အဲဒီတုန်းက သားအဖနှစ်ကောင် ကတောက်ကဆတ် ဖြစ်ရသေးတယ်။
အဖေက တစ်ခါတစ်ခါကျတော့လည်း နည်းနည်း အစိုးရိမ်လွန်တယ်လို့ ပြောရမယ်ထင်တယ်။ အလကားနေရင်း ပူပန်လား ပူပန်ရဲ့။ မလိုအပ်ဘဲ ကြောင့်ကြလား ကြောင့်ကြရဲ့။ အဖေက သားသမီး ဆုံးမတာလည်း တော်တော် ၀ါသနာပါတယ်ဗျ။ အခွင့်အရေး ရရင်ရသလို ဆုံးမနေတာပဲ။ အေးလေ… ဒါလည်း ဖခင်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်ဆိုတော့ သူ့လုပ်ပိုင်ခွင့်သူ အပြည့်အ၀ သုံးတာပေါ့။ အဖေ ဆုံးမတဲ့အထဲမှာ နည်းနည်း အဓိကကျတယ်လို့ ရိပ်စားမိတဲ့ အကြောင်းအရာကတော့ စကားပြောတာနဲ့ ပတ်သက်တာပဲ။
အမြဲလိုလိုပဲ ကျုပ်ကို စကားမများဖို့၊ စကား မဖွာဖို့၊ စကား မကျွံဖို့၊ စကားကို လိုအပ်မှသာ ပြောဖို့၊ စကားလုံး ချွေတာဖို့၊ အသံမကျယ်ဖို့ စတာတွေကို ပြောဆိုဆုံးမလေ့ ရှိတယ်။ "စကားနည်း ရန်စဲ" တို့၊ "အသံကြောင့် ဖားသေ" တို့၊ "ကြမ်းကျွံလျှင် နုတ်ရ၊ စကားကျွံလျှင် နုတ်မရ" တို့၊ "စကား စကား ပြောပါများ၊ အမှား ပါတတ်သည်" တို့ဟာ အဖေ့ရဲ့ လက်သုံး စကားပုံတွေပေါ့။
အမှန်တော့ သူပြောတဲ့အတိုင်းနေဖို့ မလွယ်ပါဘူးဗျာ။ ခင်ဗျားသိတဲ့အတိုင်း ကျီးဆိုတာ စကားများတဲ့ အမျိုးလေ။ ပြီး ကျုပ်တို့က အုပ်စုနဲ့ လှုပ်ရှားသွားလာနေတတ်တော့ တစ်ကောင်မပြော၊ တစ်ကောင်ပြောနဲ့ အမြဲလိုလို ဆူညံနေတော့တာပေါ့။ နောက်ပြီး ကျုပ်တို့က ပြောစရာရှိ ပွင့်ပွင့်လင်းလင်းပဲ။ ပြောပြီဆိုလည်း ကျယ်ကျယ်လောင်လောင်ပဲ။ ခိုတွေလိုလည်း တအီအီ မညည်းဘူး။ ဥသြလိုလည်း အသံကောင်း မဟစ်ဘူး။ စာကလေးလိုလည်း ပတ်ချွဲ နပ်ချွဲ ပိညက် ပိညက် မလုပ်ဘူး။ ကျုပ်တို့စရိုက်ကိုက ဟောင်ဖွာဟောင်ဖွာမျိုး။
အဖေကတော့ ဟုတ်တာပေါ့ဗျာ။ အသိုက်ထဲပဲ အနေများတော့ စကားမပြောလည်း ဖြစ်နေတာပေါ့။ ကျုပ်တို့က ဘယ်ရမလဲ။ အများကြားထဲမှာ မပြောချင်လည်း ပြောရ၊ ပြောချင်လည်း ပြောရ။ အမှန်တော့ အဖေ့ ဆုံးမစကားတွေဟာ သူ့ဘ၀တစ်ခုလုံးနဲ့ ရင်းနှီးပြီး ရလာတဲ့ ဘ၀သင်ခန်းစာတွေဆိုတာ နားလည်ပါတယ်။ ခါးသီးတဲ့ အတွေ့အကြုံကနေ ထုတ်နုတ်ရယူခဲ့ရတာမို့ တန်ဖိုးကြီးမှန်းလည်း သိပါတယ်။
တစ်ဖက်ကတွေးရင်လည်း အဖေတို့ ခေတ်မမီတာ ပါတာပေါ့ဗျာ။ မပါးနပ်တာ၊ ရိုးအတာ၊ ကျီးရည်မလည်တာတွေ ပါတာပေါ့။ အဲဒီတုန်းက ကျုပ်ငယ်ငယ် ရှိပါသေးတယ်။ ရာသီဥတု သာယာတဲ့ မနက်ခင်း တစ်ခင်းမှာ အဖေက လူတွေနေထိုင်တဲ့ အိမ်တစ်အိမ်ရဲ့ ၀ရန်တာ လက်ရန်းမှာ သွားနားပြီး "မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ" "မင်္ဂလာနံနက်ခင်းပါ ခင်ဗျာ" လို့ သွားနှုတ်ဆက်သတဲ့။
စောစောစီးစီး အဖေ့အသံလည်းကြားရော အိမ်ရှင်တွေဆိုတာ သူတို့အိမ်ရှေ့ လာအာရပါ့မလားဆိုပြီး ဒေါသူပုန်တွေထ၊ တွေ့ကရာနဲ့ ကောက်ပေါက်၊ တစ်ယောက်ကဆိုရင် အဖေ့ကို လေးခွနဲ့တောင် ပစ်ထည့်လိုက်တာတဲ့။ "ကျီးစုတ်၊ ကျီးပဲ့၊ ကျီးနာ၊ အယုတ်တမာကျီး" လို့လည်း အဖေ့ကို ၀ိုင်းဆဲကြသေးသတဲ့။
အဲဒီတုန်းက အဖေ ဒဏ်ရာအကြီးအကျယ် ရခဲ့တာပေါ့။ အဖေ့ ဘယ်ဘက်တောင်ပံက လောက်စာလုံးမှန်တဲ့ ဒဏ်ရာဟာ သေရွာပါပါပဲ။ အဲဒီကတည်းက အဖေ ကောင်းကောင်းမပျံနိုင်တော့လို့ အသိုက်မှာပဲ အောင်းနေရတာ ဘယ်လောက်ကြာပြီလဲ။ သြော်... အဖေ အဖေ၊ အဖေတို့ရဲ့ ဟိုး ဘိုးဘွားဘီဘင် လက်ထက်က ကျင့်သုံးခဲ့တဲ့ မိတ္တဗလဋီကာကြီးကို ဒီကနေ့ခေတ်မှာ မဆီမလျော် သွားထုတ်သုံးတာကိုး။
ဟိုး ရှေးရှေးတုန်းကတော့ ဟုတ်တာပေါ့။ ကိုယ့်အိမ်ရှေ့မှာ မနက်စောစောစီးစီး ကျီးလာအာရင် လူတွေက မင်္ဂလာရှိတယ်လို့ သတ်မှတ်ကြတယ်လေ။ "ဟယ်၊ ဒီနေ့ ရွှေကျီး သာတယ်ဟေ့။ ဘယ်က ဧည့်သည်လာမလဲ မသိဘူး" ဆိုပြီး လူတွေက ၀မ်းသာအယ်လဲ ဖြစ်ကြတယ်။ ကျီးတွေကိုတောင် "ရွှေကျီး" လို့ အမွှမ်းတင်ကြတယ်။ ဧည့်သည်ကိုလည်း လိုလိုလားလား မျှော်ကြတယ်။
ကနေ့ခေတ်က ဧည့်သည်မျှော်တဲ့ခေတ်မှ မဟုတ်တော့တာပဲ။ ဧည့်သည်ကြောက်တဲ့ ခေတ်လေ။ ဧည့်သည်လာမှာ စိုးရိမ်တဲ့ခေတ်လေ။ ဒါကို အဖေက မသိဘူး။ လူတွေက "ကျီးသာရင် ဧည့်လာတယ်" ဆိုတဲ့ အစွဲလေးကလည်း ရှိနေသေးတော့ အဖေ့ကို စိတ်ဆိုးကြတာပေါ့။ ခေတ်ကို မျက်ခြည်ပြတ်လို့ အဖေတို့ ခံလိုက်ရတာပါပဲ။ အဲဒီကတည်းက အဖေလည်း အများရှေ့ဆို စကားဟဟတောင် မပြောဝံ့ရှာတော့ဘူး။ "ဆိုက်ကို" ၀င်သွားတာနဲ့ တူပါတယ်။
အဖေဟာ အဲဒီလို ခေတ်ရေစီးကြောင်းနဲ့အတူ စီးမျောလိုက်ပါနိုင်သူတစ်ဦး မဟုတ်ပေမယ့် အဖေ့ရဲ့ အတွေးအမြင် တချို့ကိုတော့ ကျုပ် ကြိုက်တယ်ဗျို့။ (တချို့ပဲ ပြောတာနော်) အထူးသဖြင့် ကျီးငယ်တွေအပေါ် အဖေ နားလည်စာနာ ပေးတတ်ပုံကိုတော့ ကျုပ်လေးစားတယ်။ ကျုပ်တို့ ကျီးတွေနဲ့ ပတ်သက်ပြီး လူတွေပြောတဲ့ စကားပုံတွေ ရှိတယ်မဟုတ်လား။ ဘာတဲ့။ "ကျီးလန့်စာစား" တို့၊ ကျီးကန်းတောင်းမှောက်" တို့၊ "ကျီးစောင့်ကြက်နှင်" တို့၊ "ဒေါင်းယောင်ဆောင်သောကျီး" တို့ ဘာတို့လေ။
အဲဒီထဲမှာ "ဒေါင်းယောင်ဆောင်သောကျီး" ဆိုတဲ့စကားပုံ ဖြစ်ပေါ်လာရတဲ့ အရင်းခံဇာတ်ကြောင်းဟာ ကျီးသမိုင်းမှာတော့ အတော့်ကို အကျည်းတန် အရုပ်ဆိုးခဲ့တဲ့ ကိစ္စပဲ။ သမိုင်းမှတ်တမ်း တင်သွားတဲ့အတွက် ရှက်ဖို့လည်း ကောင်းတယ်။ ကျီးတွေရဲ့ ဇာတိပုည၊ ဂုဏ်မာနကို ထိခိုက်တဲ့ ဖြစ်ရပ်လည်း ဖြစ်တယ်။
အဲဒီ ဇာတ်လမ်းကို ခင်ဗျားလည်း ကြားဖူးမှာပါ။ ကျီးတစ်ကောင်ဗျာ၊ ဒေါင်းဖြစ်ချင်လို့ ဒေါင်းတောင်တွေ သူ့ကိုယ့်မှာစိုက်ပြီး ဒေါင်းတွေကြား ၀င်ရောတာလေ။ နောက်တော့ ဒေါင်းတောင်တွေ ကျွတ်ကျကုန်ပြီး ဒေါင်းအစစ် မဟုတ်မှန်းလည်းသိရော ဒေါင်းတွေက သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ၀ိုင်းထိုးဆိတ်ပြီး မောင်းထုတ်။ ကျီးတွေဆီ လာတော့လည်း ကျီးတွေက မျိုးချစ်စိတ်ဓာတ် မရှိတဲ့ကောင်၊ သစ္စာဖောက် လောက်ကောင်ဆိုပြီး ၀ိုင်းထိုးဆိတ်ပြီး မောင်းထုတ်။ နောက်ဆုံးမှာတော့ဗျာ အပယ်ခံဘ၀နဲ့ မရှုမလှ ဘ၀နိဂုံးချုပ်သွားတဲ့ ဇာတ်လေ။ သိတယ် မဟုတ်လား။
ကျုပ်အမြင်ပြောရရင် ဒါဟာ အသားအရောင် ခွဲခြားမှုနဲ့လည်း တစ်စိတ်တစ်ဒေသ ဆိုင်တယ်ဗျ။ ကျုပ်တို့ ငှက်လောကမှာလည်း အသားအရောင် ခွဲခြားမှုက နည်းနည်းတော့ ရှိတာပဲ။ ခင်ဗျား မသိလို့။ ဗျိုင်းတို့၊ ငန်းတို့၊ ဒေါင်းတို့ဆိုတဲ့ အကောင်တွေက ကျုပ်တို့ကျီးတွေကို နည်းနည်းတော့ နှိမ်ချင်တာပဲဗျ။ အခုလည်း ဒေါင်းတွေက ကျီးတွေကို နှိမ်ချင်လို့ ဖြစ်သွားရတာလေ။
ဒီဇာတ်ကြောင်းနဲ့ ပတ်သက်တဲ့ အဖေ့အမြင်ကတော့ မိုက်တယ်။ အတွေးက ဆန်းသစ်တယ်။ သဘာဝလည်း ကျတယ်။ လက်လည်း လက်ခံနိုင်တယ်။ ဒီဇာတ်လမ်းကို အတွင်းကျကျ သိခဲ့တဲ့ ကျီးအိုကြီးတွေ လက်ဆင့်ကမ်းခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်က နှလုံးသားရေးရာကိစ္စနဲ့ ပတ်သက်နေတာတဲ့။ ဇာတ်လိုက် ကျီးလုလင်ဟာ အင်မတန် ချောမောလှပတဲ့ ဒေါင်းပျိုမလေးတစ်ကောင်နဲ့ ငှက်ငယ်ဘ၀ ချစ်ကြိုးသွယ်မိတာတဲ့။ ကျီးနဲ့ဒေါင်း မျိုးမတူ ဇာတ်မတူတဲ့အတွက် မိန်းကလေး အသိုင်းအ၀ိုင်းက လက်သင့်မခံမှာစိုးလို့ ကလေးမလေးနဲ့ နီးစပ်နိုင်အောင် မောင်ရွှေကျီး ကြံမိကြံရာ ကြံရင်းကနေ ဒီဇာတ်လမ်း ဖြစ်သွားရတာတဲ့။ အမျိုးမချစ်တာတို့၊ မျိုးနွယ်မစောင့်ရှောက်တာတို့ မဟုတ်ပါဘူးတဲ့။
အဖေက ပြောသေးတယ်။
"အင်း ငယ်ရွယ်သူတွေဟာ နှလုံးသားရေးရာကို ရှေ့တန်းတင်တတ်တာ သဘာဝပဲလေ။ အခုလည်း ချစ်စိတ်မွှန်ပြီး တစ်ဇွတ်ထိုး လုပ်မိလုပ်ရာ လုပ်သွားတဲ့အတွက် အပြစ်တော့ မတင်သင့်ပါဘူးကွာ" တဲ့။ ဒီလိုကျပြန်တော့လည်း အဖေက ခေတ်မီနေပြန်ရော။
အဖေက ကျုပ်ထက် နှလုံးသား ပိုနူးညံ့တယ်ဗျ။ အချစ်ကိုလည်း ကျုပ်ထက်ပိုပြီး ထိရှခံစား နားလည်နိုင်တယ်။ ဒါကြောင့်လည်း မြို့သူဖြစ်တဲ့ အမေနဲ့ ပေါင်းဖက်ဖို့ တောကအသိုင်းအ၀ိုင်းကြီး တစ်ခုလုံးကို စွန့်ခွာခဲ့ပြီး အချစ်သူရဲကောင်းကြီး လုပ်ခဲ့တာပေါ့။ အမေဆုံးတော့ အဖေ တော်တော်ခံစားခဲ့ရ၊ ပူဆွေးခဲ့ရရှာတယ်။ အဖေ လောက်စာလုံးမှန်တဲ့ ဒဏ်ရာနဲ့ အသိုက်ထဲ လဲနေတဲ့အချိန်မှာ အမေ ဆုံးတာဆိုတော့ အဖေ့ခမျာ မရူးရုံတမည်ပဲ။ အမေ့နောက် လိုက်သေမယ် တကဲကဲ လုပ်နေလို့ ကျုပ်က "အဖေ ကျွန်တော့်ကို တစ်ကောင်တည်း ထားခဲ့တော့မှာလား။ ကျွန်တော့်ကို တစ်ကောင်တည်း ထားခဲ့တော့မှာလား" လို့ ငိုပြီး တားခဲ့လို့ပေါ့။ သား မျက်ရည်ကျတာ မြင်တော့မှပဲ အဖေလည်း သူ့ရဲ့ မကြံကောင်း မစည်ရာ အကြံတွေ စွန့်လွှတ်လက်လျှော့ခဲ့တာ။ အဲဒီတုန်းကများ အဖေ ကျုပ်ကို ဖက်ဖက်ပြီး ငိုတာ ခုနစ်ရက် ခုနစ်လီ။ နောက်ပိုင်းမှ အဖေ ဖြေနိုင်သွားတာ။
ကျုပ်တို့သားအဖရဲ့ အဖြစ်က အဲဒီလိုဗျ။ ဒါကြောင့်လည်း တစ်ကောင့်တစ်ကောင် သိပ်ချစ်ကြတာ။ ကျုပ်က တစ်ခါတစ်ခါ အဖေ့ကို သွေးတိုးစမ်းကြည့်တယ်။ "အဖေ အဖေ့အမျိုးတွေ တောမှာ အများကြီးမဟုတ်လား။ ကျွန်တော်တို့ ပြန်ကြမလား"
အဲဒီလိုမေးရင် အဖေက တွေတွေကြီး တမေ့တမော ငေးနေပြီး-
"တောတော့ သတိရပါတယ်ကွာ။ ဆွေမျိုးတွေကိုလည်း အောက်မေ့ပါတယ်။ ဒါပေမယ့် အဖေ မပြန်ချင်တော့ဘူး သားရယ်။ မင်းအမေနဲ့ ငါနဲ့ နဖူးကချွေး ခြေမကျတဲ့အထိ ကြိုးပမ်းတည်ဆောက်ထားတဲ့ ဒီအသိုက်အမြုံလေးမှာပဲ တစ်သက်လုံးနေပြီး မင်းအမေ ခေါင်းချသွားတဲ့ အရပ်မှာပဲ ငါသေချင်တယ်" တဲ့။ တွေ့လား။ အဖေတို့များ အဲဒီလောက်ထိ အစွဲအလမ်းကြီးတာ။ နောက်တစ်ခုလည်း ရှိတယ်။ သူ ထုတ်သာမပြောတာပါ၊ ခုလို မသန်မစွမ်း ဒုက္ခိတ ဘ၀ကြီးနဲ့ သူ့ရပ်သူ့ရွာ ဘယ်ပြန်ချင်မလဲ၊ ဟုတ်တယ် မဟုတ်လား။
ကျုပ်ကလည်း စကားအဖြစ်သာ ပြောတာပါ။ တကယ့်တကယ် အဖေက ပြန်မယ်ဟဲ့ဆိုရင်တောင် ဘယ်လိုလုပ်ရမှန်း မသိပါဘူး။ အဖေတို့တောက အဝေးကြီးရယ်။ အဖေ့ကို ကျောပေါ်တင်ပြီး အကြာကြီးပျံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဖေ မပြန်ချင်တာ တော်သေးရဲ့။ ကျုပ်ကတော့ မြို့မှာမွေး၊ မြို့မှာကြီးဆိုတော့ မြို့သားစစ်စစ်ပေါ့။ မြို့မှာ ကျင်လည်ကျက်စားရတာကိုလည်း ပျော်ပါတယ်။ မြို့မှာက အန္တရာယ်များတယ် ဆိုပေမယ့် ရှာဖွေစားသောက်ရတာ လွယ်တယ်ဗျ။ မခက်ဘူး။ လျင်ဖို့ ရဲဖို့ပဲ လိုတာ။ ပြီးတော့ ခွင်တစ်ခွင်လောက် မိထားလိုက်ရင် တစ်သက်စားရောပဲ။
ကျုပ်ဆိုရင် စမ်းချောင်း ဦးရွှေမန်းဈေး အမှိုက်ပုံခွင်ကို ရထားတာ ကြာပြီကော။ တစ်ဈေးလုံးက စွန့်ပစ်ကြတဲ့ စားစရာတွေဆိုတာ ဖောချင်းသောချင်းပဲ။ ကြက်အရိအရွဲ စားမလား၊ ၀က်အရိအရွဲ စားမလား၊ အမဲအရိအရွဲ စားမလား၊ ငါးအူ စားမလား၊ ဖားအူ စားမလား အကုန်ရှိတယ်။ ထမင်းကျန်၊ ဟင်းကျန် မရှားဘူး။ သစ်သီးဝလံ အပုပ်အသိုး ပေါမှပေါ။ သက်ဆိုင်ရာက မှန်မှန်လာမသိမ်းလေ ကျုပ်တို့ အူစိုလေပဲ။ အဲဒါကြောင့် ကျုပ်က မြို့ကိုကြိုက်တာ။ မြို့ကို ကြိုက်သလို တောအရပ်၊ တောသဘာဝလေးကိုလည်း ကျုပ်သဘောကျတာပါပဲ။ မြို့မှာ ပြေးပြေးလွှားလွှား၊ လုလုယက်ယက် ရှာဖွေစားသောက်ရတာ သိပ်ပင်ပန်း ငြီးငွေ့လာရင် ကျုပ် တောသွားပြီး နှစ်ရက်တန်သည်၊ သုံးရက်တန်သည် အနားသွားယူလေ့ ရှိတယ်။ တောမှာက တကယ့်ကို အေးဆေးဆိတ်ငြိမ်တာဗျ။ လူသံ၊ သူသံ၊ ကားသံ၊ စက်သံ ဘာဆူညံသံမှ မကြားရဘူး။ မျက်စိအေး နားအေးနဲ့ အင်မတန် နေလို့၊ ထိုင်လို့ ကောင်းတာ။ စိတ်ဖိစီးမှုလည်း သက်သာတယ်။
တစ်ရက်တော့ အဖေက ကျုပ်ကို ပြောတယ်။ တောက သူ့အစ်မကြီးရဲ့သတင်း မကြားရတာ ကြာပြီတဲ့။ နေထိုင် ကောင်းမကောင်း သွားကြည့်ပေးပါတဲ့။ ဟန်ကျလိုက်တာ။ ကျုပ်ကလည်း မြို့စာတွေ ဆက်တိုက်စားရတာ ငြီးငွေ့လို့ တောစာ တောင်စာလေး စားချင်နေတာနဲ့ အတော်ပဲ။
"ဟုတ်ကဲ့၊ သွားပေးပါ့မယ်အဖေ" ဆိုပြီး သူစားဖို့သောက်ဖို့ အပြည့်အစုံ စီစဉ်ခဲ့ပြီးမှ ကျုပ် တောဘက် ထွက်ခဲ့တယ်။ သွားခါနီး ထုံစံအတိုင်း အဖေက မှာတမ်းခြွေသေးတယ်။
"သား သတိဝီရိယနဲ့သွားနော်။ တွေ့တဲ့သူတိုင်းကို ချေချေငံငံ ဆက်ဆံ။ အေး ဒါပေမယ့် စကားတော့ မဖွာနဲ့ကွယ်။ လိုအပ်တာပဲပြော၊ အပိုမပြောနဲ့ ကြားလား"
"ဟုတ်ကဲ့ပါ အဖေရယ်" ဆိုပြီး ကျုပ် မနည်းစကားဖြတ် ထွက်လာရတယ်။ တောရောက်တော့ ဆွေမျိုးတွေ အားလုံးကို သိုက်ပေါက်စေ့ လိုက်နှုတ်ဆက်ပါတယ်။ ကြီးဒေါ်ကြီးလည်း တွေ့ပါတယ်။ နေကောင်းပါတယ်။ ၀၀ဖြိုးဖြိုး ကျန်းကျန်းမာမာကြီးပါ။ ကျုပ် သိပ်ကြိုက်တဲ့ ညောင်သီးတွေတောင် တ၀ကြီး ကျွေးလိုက်သေးတယ်။ မပြန်ခင် တစ်ရက်မှာတော့ ကျုပ်တစ်ကောင်တည်း ဟိုဟိုဒီဒီ လျှောက်ပျံရင်း စမ်းချောင်းလေးဘေး ပေါက်နေတဲ့ လက်ပံပင်ကြီးရဲ့ ကိုင်းတစ်ကိုင်းပေါ် ကျုပ် ရောက်သွားတယ်ဗျ။
အဲဒီနေရာလေးက သိပ်သာယာတယ်ဗျာ။ လေနုအေးလေးက တဖြူးဖြူးနဲ့ တိုက်နေတာ ကောင်းလိုက်တာ။ တောပန်း တောင်ပန်းတွေရဲ့ ရနံ့လေးကလည်း မွှေးကြိုင်နေတာပဲ။ စမ်းရေစီးသံလေးကလည်း နားဝင်ချိုမှချို။ ဒါနဲ့ ကျုပ်လည်း စိတ်ရောကိုယ်ပါ လျှော့ပြီး သစ်ကိုင်းမှာ အေးအေးလူလူ အနားယူ အပန်းဖြေ ပစ်လိုက်တယ်ဗျ။ အဲဒီအချိန်မှာ ဟိုချုံကနေ ဒီချုံ၊ ဒီချုံကနေ ဟိုချုံ တစ်ချိန်လုံး အငြိမ်မနေဘဲ ကူးသန်းပြေးလွှားနေတဲ့ ယုန်တစ်ကောင်ဟာ ကျုပ်ကို မြင်သွားရောဗျို့။ ကျုပ်ကို အကြာကြီး မော့ကြည့်နေပြီး အောက်ကနေ လှမ်းနှုတ်ဆက်တယ်ဗျ။
"မိတ်ဆွေကျီး မိတ်ဆွေကျီး" တဲ့။
ကျုပ်ကလည်း "ဘာလဲ" လို့ မေးတော့ "မိတ်ဆွေကျီး၊ အဲဒီလို ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး သက်သောင့်သက်သာ နားနေရတာ သိပ်ဇိမ်ရှိမှာပဲနော်" တဲ့။
ကျုပ်ကလည်း သူ့ကို "အင်း၊ ရှိပါတယ်" လို့ တိုတိုပဲ ဖြေလိုက်တယ်ဗျ။ ဒါနဲ့ ယုန်ကလည်း ကျုပ်ကို အားကျသွားဟန် တူပါတယ်။ တစ်ချိန်လုံး ဟိုချုံ၊ ဒီချုံ ကူးလူးပြေးလွှား နေရာက ဆက်မလုပ်တော့ဘဲ ကျုပ်နားနေတဲ့ လက်ပံပင် ရှေ့ဘက်နားက သရက်ပင်အောက်မှာ စိတ်အေးလက်အေး ငုတ်တုတ်လေး သွားထိုင်နေတော့တယ်ဗျ။ ကျုပ်လိုပဲ သက်သောင့်သက်သာ အနားယူ အပန်းဖြေနေတာပေါ့လေ။
ဒါပေမယ့် မကြာပါဘူးဗျာ၊ အစာရှာ ထွက်လာပုံရတဲ့ ခွေးအ တစ်ကောင်က ယုန်ကို တွေ့သွားတယ်။ ပြီးတော့ ခွေးအဟာ ယုန်ကို အလွယ်တကူ ဖမ်းယူပြီး သတ်ဖြတ်စားသောက်လိုက်တာ အို… မိနစ်ပိုင်းအတွင်း ယုန်ကလေး အစပျောက်သွားပါလေရော။ ဟာ ကျုပ်ဆို အရမ်းကို တုန်လှုပ်ချောက်ချား သွားတာပဲ။ မျက်စိအောက်တင် ဖြစ်သွားတဲ့ ကိစ္စဆိုတော့ စိတ်မကောင်းလိုက်တာလည်း မပြောပါနဲ့တော့။ အမှန်တော့ ကျုပ်အပြစ်ဗျ။ ကျုပ် လိုသွားတာ။
ယုန်က ကျုပ်ကို "အဲဒီလို ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး သက်သောင့်သက်သာ နားနေရတာ သိပ်ဇိမ်ရှိမှာပဲနော်" လို့ ပြောမေးလေး မေးတုန်းက ကျုပ်က "အင်း ရှိပါတယ်" လို့ ပြီးလွယ်စီးလွယ် တိုတိုပဲ ဖြေခဲ့မိတယ်။ အဲဒါ ကျုပ်မှားတာပဲ။ တကယ်ဆိုရင် သူမေးတာကို ကျုပ်က "အင်း သက်သောင့်သက်သာလေး နားနေရတာ ဇိမ်ရှိပါတယ်ကွာ။ အေး ဒါပေမယ့် သက်သောင့်သက်သာနဲ့ ဇိမ်ရှိရှိ နားနေချင်တယ် ဆိုရင်တော့ ပထမဦးဆုံး ခပ်မြင့်မြင့် နေရာလေး တစ်နေရာကိုတော့ ရွေးချယ်ရလိမ့်မယ်" လို့ ပြည့်ပြည့်စုံစုံ ပြောရမှာကို ကျုပ် မပြောလိုက်မိဘူး။
ကျုပ်စကားကို ပြည့်ပြည့်စုံစုံမပြောလို့ သူ့ခမျာ ဒီလို အဖြစ်ဆိုးနဲ့ ကြုံရတာပေါ့။ ကျုပ်အပြစ်ပါဗျာ။ ကျုပ် လိုသွားတာပါ။ ယုန်လေးသေရတာ ကျုပ်ကြောင့်ပါ။ ကျုပ် တကယ်နောင်တရမိတယ်။ ဒါ သင်ခန်းစာပဲ။ မြို့ပြန်ရောက်ရင်တော့ အဖေနဲ့ ငြင်းခုံရဦးမယ်။ ဒီတစ်ခါတော့ ကျုပ် အခိုင်အမာ ပြောရတော့မယ်။
"အဖေ… စကားဆိုတာ အများကြီးပိုပြောတာ မကောင်းတာမှန်ပေမယ့် မပြည့်မစုံပြောရင်လည်း မကောင်းဘူးဗျ။ အချက်အလက် ပြည့်စုံအောင်၊ လိပ်ပတ်လည်အောင်တော့ ပြောကို ပြောသင့်တယ်ဗျ" လို့။
အင်း ဒီတစ်ခေါက် တောပြန်ရတာ မပျော်ပါဘူးဗျာ။ စိတ်မချမ်းမသာ ဖြစ်ရတာပဲ အဖတ်တင်တယ်။
စာအုပ်ပိုး -ဘဘဖေမြင့်
သူ့နာမည်ကို သူ့ဘာသာစာနှင့်ရေးလျှင် ကိုသင်ကာဟု ရေးသည်။
သို့သော် မသိကျွမ်းသေးသူများနှင့် တွေ့ဆုံမိတ်ဆက်သည့်အခါ "သင်ကာ" ဟူ၍ မြန်မာလို ပီပီသသမပြော။ ခပ်လုံးလုံး ခပ်ရောရော ဘိုသံဝဲ၀ဲနှင့် ပြောလေ့ရှိသည်။
သည်တော့ လူတွေက နားမလည်။
"ကိုသင်္ခါလား" ဟု မေးလျှင် မဟုတ်ဟု သူမဆို။ ပြုံး၍ ကြည့်နေမည်။ "ကိုသိင်္ဂါ" ဆိုလျှင်လည်း ထိုနည်းလည်းကောင်း။ သို့နှင့် လူတွေက သူ့ကို ကိုသင်္ခါ ခေါ်လိုက်၊ ကိုသိင်္ဂါ ခေါ်လိုက်၊ ရင်းနှီးလာသူတချို့ကလည်း ကိုသင်္ခါရ၊ ကိုသိင်္ဂါရ စသဖြင့် အမျိုးမျိုး ခေါ်နေကြသည်။
စင်စစ် သူ့နာမည် ဇာစ်မြစ်က မြန်မာမဟုတ်။ အင်္ဂလိပ်ဘာသာ Thinker ကို အသံဖလှယ်၍ ယူထားခြင်းဖြစ်သည်။
"သင်ကာ" ဆိုသော နာမည်ကို သူကြိုက်၍ ယူထားသည်က ရိုဒန်၏ ပန်းပုရုပ်ကို နှစ်သက်ခြင်းကြောင့် ဖြစ်၏။ ပြင်သစ်ပန်းပုဆရာ Auguste Rodin ၏ The Thinker အမည်ရှိ ပန်းပုရုပ်။
The Thinker ကို သဘောကျသဖြင့် အဲသည်ပန်းပုရုပ် ပုံစံအတိုင်း မေးစေ့ကို ညာဘက်လက်ခေါက်လေးနှင့် ထောက်ကာ တစ်ကိုယ်တည်း ထိုင်၍ အတွေးနက်နေသည့် သဏ္ဌာန်မျိုး သူ မကြာခဏ လုပ်နေတတ်သည်။ ဒါကိုမြင်ပြီး တချို့မိတ်ဆွေတွေက သူ့အား "ခင်ဗျား ထိုင်ပုံက ရိုဒန်ရဲ့ Thinker ပန်းပုရုပ်ထိုင်ပုံနဲ့ တထေရာတည်းပဲဗျာ" ဟု ပြောလျှင် သူသဘောကျသည်။ သို့သော် "ခင်ဗျားနာမည်ကရော အဲဒီပန်းပုရုပ် Thinker ကို ယူထားတာပဲလား" မေးလျှင်တော့ သူ မဖြေဘဲ ပြုံး၍ပဲ ကြည့်နေပြန်သည်။
* * * * * * * * * *
"ကိုသင်ကာ (သင်္ခါ / သိင်္ဂါ …) ဘာအလုပ်အကိုင် လုပ်ပါသလဲ" မေးလျှင် "စာဖတ်တယ်ခင်ဗျ" ဟူ၍ သူခပ်ရိုးရိုး ခပ်အေးအေးပဲ ဖြေသည်။ သူ့အဖြေကိုကြားလျှင် တစ်ဖက်လူ အံ့အားသင့်သွားမည်၊ ဒါမှမဟုတ် ဇဝေဇ၀ါ ဖြစ်မည်၊ သို့မဟုတ် နောက်နေတာလားဟူသော မျက်နှာမျိုးနှင့် ကြည့်မည်ဆိုတာ သူသိပြီးဖြစ်သည်။ သို့သော် သူက ဘာမှထူးခြားသည့် ကိစ္စတစ်ခု မဟုတ်သလို မှင်သေသေ၊ အမြဲသည်အတိုင်းပဲ ဖြေလေ့ရှိသည်။
ရုပ်ရည်က သူလိုငါလို၊ အသက်အရွယ်က ၃၀-၄၀ ကြား၊ လက္ခဏာကလည်း သာမန်ထဲက။ အလုပ်အကိုင်မေးတော့ "စာဖတ်တယ်" တဲ့။ သည်တော့ ရိုးရိုးသားသား နားမလည်သူတို့အတွက် မေးချင်စရာ ဖြစ်နေသည်။ တချို့လည်း မနေနိုင်သဖြင့် တဲ့တိုးပင် မေးတတ်ကြသည်။ "စာဖတ်တဲ့အလုပ်နဲ့ ထမင်းစားလို့ ရသလားခင်ဗျာ"။
သည်တော့လည်း ကိုသင်ကာက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေသည်။
"ဟုတ်ကဲ့၊ အမေရှိပါတယ်ခင်ဗျ" တဲ့။
အော် ဒီလိုလား။ အမေရှိတဲ့နောက် ထမင်းအိုးရှိပြီပေါ့။ အားလုံး သဘောပေါက်သွားကြသည်။
* * * * * * * * * *
မှန်သည်။ ကိုသင်ကာက အမေ့အရိပ်အာဝါသကို ခိုလှုံကာ စာဖတ်သည့်အလုပ် တစ်ခုကိုပဲ ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
သူ့မှာ ဘာတာဝန်မျှ မရှိဘူးလားဆိုလျှင်တော့ မဟုတ်။ တစ်နေ့လျှင်တစ်ကြိမ် သူလုပ်ရတာ တစ်ခုရှိသည်။ အဲဒါက ထမင်းချက်ရခြင်း ဖြစ်သည်။
ဘယ်လို ချက်ရသလဲ။
အဲ သူတို့မိသားစုအကြောင်း ပြောမှဖြစ်မည်။
ကိုသင်ကာတို့က အမေတစ်ခု သားတစ်ခု ဖြစ်သည်။ ကိုသင်ကာ ၆ နှစ်သား အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့ပြီးသည့်နောက် အမေက တစ်ဦးတည်းသော သားကလေးကို တစ်ကိုယ်တည်းပင် ရှာဖွေကျွေးမွေး ပြုစုလာခဲ့သည်မှာ ယခု ကိုသင်ကာ ၃၀ ကျော်၍ ၄၀ နား ချဉ်းလာသည်အထိ ဖြစ်သည်။ အမေက အင်းစိန်ဈေးထဲမှာ ကိုယ်ပိုင်ဆိုင်ခန်း ရှိသည်။ မနက်စောစော ဈေးထွက်သည်။ ညနေစောင်းမှ ဈေးကပြန်သည်။
အမေက မနက်စောစော အိပ်ရာမှထကာ လက်ဖက်ရည်ဖျော်၊ ထမင်းကြော်၊ သားကလေးကို ခူးခပ်ကျွေးမွေး၊ ထို့နောက် နံနက်စာအတွက် ချက်ပြုတ်၊ ပြီးတော့မှ ဈေးသို့ထွက်သည်။ သွားခါနီးမှာ "သားရေ၊ ညနေ ၅ နာရီထိုးရင် ထမင်းအိုးခလုတ်နှိပ်နော်" ဟု မှာခဲ့သည်။
ကိုသင်ကာ နေ့စဉ် ဂရုတစိုက် လုပ်ရသည်က (၀ါ) ထမင်းချက်ရသည်ဆိုတာက ညနေ ၅ နာရီထိုးလျှင် မနက်က အမေ အသင့်ပြင်ဆင်ထားခဲ့သည့် လျှပ်စစ်ထမင်းအိုးကို ခလုတ်နှိပ်ရခြင်းသာ ဖြစ်သည်။ သူ့သဘောချည်းသာဆိုလျှင် မနက်ကတည်းက များများချက်၊ မနက်အိုးတစ်ခြမ်း ညအိုးတစ်ခြမ်း စားလိုက်လျှင်ပြီးသည်။ သို့သော် အမေ ထမင်းပျော့ပျော့စားချင်တာ သိသဖြင့် ညနေ ၅ နာရီတွင် မပျက်မကွက် ထမင်းအိုးခလုတ်နှိပ်နိုင်အောင် သူသတိထားပြီး လုပ်ရသည်။ သည်ကြားထဲ မကြာခဏ မေ့မေ့နေတတ်သဖြင့် ယခုတော့ နာရီနှိုးစက်ပေးပြီး သူ့ကိုယ်သူ သတိပေးရသည်။ မနက် ၅ နာရီ နှိုးစက်နှင့် မနက် အိပ်ရာကထ။ ညနေ ၅ နာရီနှိုးစက်နှင့် ထမင်းအိုးခလုတ်နှိပ်။
* * * * * * * * * *
ကိုသင်ကာက အမေဈေးသွားနေသည့် တစ်ချိန်လုံး အိမ်မှာ စာထိုင်ဖတ်နေသည်တော့ မဟုတ်ပါ။
အိမ်တံခါးပိတ်ပြီး အပြင်ထွက်သည့်အခါလည်း ထွက်သည်။
အဓိက သူထွက်သည်က မြို့ထဲရှိ စာအုပ်ဆိုင်ကြီးများ၊ လမ်းဘေးစာအုပ်တန်းများနှင့် စာဖတ်သော မိတ်ဆွေများဆီသို့ ဖြစ်သည်။
မိတ်ဆွေတစ်ယောက် တွေ့လိုက်လျှင် သူများတကာလို ဟေ့လူဘယ်လဲဗျတို့၊ ကိုဘယ်သူကြီး နေကောင်းလားဗျတို့ ပြောဆိုနှုတ်ဆက်လေ့မရှိ။ အနီးသို့ ပြုံး၍ကပ်လာကာ စကားဝှက်တစ်ခုပြောသလို လေသံမျိုးဖြင့် စာတစ်ကြောင်းနှစ်ကြောင်း ရွတ်ပြမည်။
ဥပမာ၊ "ကိုင်း၊ ကောင်းနိုင်ကြသေးရဲ့လား မင်းသားကြီးရေ၊ ဂျီနိုဝါနဲ့ လတ်ကာ မြို့နှစ်မြို့ကတော့ နပိုလီယန် ဆွေမျိုးသားချင်းတစ်စုရဲ့ ပိုင်စားနယ်မြေတွေ ဖြစ်ကုန်ပါပကောလား" ဆိုတာမျိုး။
တစ်ဖက်လူက အူကြောင်ကြောင် ဖြစ်နေမည်၊ ဒါမှမဟုတ် သူ့အကြောင်းသိသူဖြစ်သဖြင့် "ဘယ်စာအုပ်ထဲကလဲ" ဟု မေးလျှင်၊
"ဒါတောင် မသိဘူးလားဗျ၊ မြသန်းတင့်ဘာသာပြန်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ၀တ္ထုကြီးအစလေ" ဟု သူဖြေမည်။
သည်လိုပဲ။
"တောကိုကြည့်သည်၊ တောင်ကိုကြည့်သည်၊ တောင်ပေါ်မှာလည်း တောရှိသည်" တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ် သူဆက်၍ ရွတ်မည်။ (နတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်း)
"ဟေ့ တို့နှစ်ယောက် နိုင်ငံရေးစလုပ်တဲ့ အချိန်တွေ မင်းမှတ်မိသေးသလား"
"မှတ်မိတာပေါ့ကွ၊ မန္တလေး အင်တာကောလိပ်တုန်းကလေ" (သိန်းဖေမြင့်၏ ကျော်ငြိမ်း) စသဖြင့်။
သူရွတ်သော စာတွေက များသောအားဖြင့် ထင်ရှားသော ၀တ္ထုများ၊ ရေပန်းစားနေသော စာအုပ်စာတမ်းများ၏ အဖွင့်ဝါကျများ ဖြစ်တတ်သည်။
တစ်ခါတစ်ရံတော့လည်း မောင်ထင်၏ ငဘ၀တ္ထုထဲက "ရာဇ၀င်ကို ချွေးနဲ့ရေးရမယ်ဆိုတော့ ငန်ငြိငြိ နေမှာပေါ့" ဆိုသော စာသားမျိုး။
ဗန်းမော်တင်အောင်၏ ဒေါက်တာရေချမ်းဝတ္ထုထဲမှ အရေးအသားကို လှောင်ပြောင်သည့် "ပတ်ဝန်းကျင်မှာ ငွေလရောင်တွေ ဖိတ်ကျနေလိုက်တာ လိုက်ကောက်မယ့်သူလည်း တစ်ယောက်မှ မရှိပါလား" ဆိုသော စကားမျိုး။
ဆရာကြီးရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များထဲမှ သူသဘောကျသည့် ပြောလုံးတစ်ခုကို သူ့ဘာသာ ပြန်ပြင်ထားသည့် "ကိုဝင့်မော်သည် ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် ဆောင်လာသည့် အိက္ကရှော ဘရန်ဒီတစ်လုံးကို ထုတ်လေရာ ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိတော့ပေ" ဆိုသော စကားမျိုးတွေ သူရွတ်ပြတတ်သည်။
အဲဒါတွေသည် သူ၏ လက်စွဲပဋိသန္ဓာရစကားများ ဖြစ်သည်။
အဲသည်နောက် စာပေသမားမိတ်ဆွေ (များ) နှင့် လက်ဖက်ရည်ဆိုင်မှာ သို့မဟုတ် တစ်စုံတစ်ယောက်၏ အိမ်မှာ စကားဝိုင်းဖွဲ့ဖြစ်မည်ဆိုလျှင် သူပြောမည့် အကြောင်းတွေက စာအုပ်အဟောင်း အသစ်တွေအကြောင်း၊ စာရေးသူများအကြောင်း၊ ထို့နောက် စာထဲကအကြောင်းအရာပေါင်းစုံ။
စာသမားရင်းတချို့က သူကို စာနှင့်ပတ်သက်လျှင် အလွန်နှံ့စပ်ကျွမ်းကျင်သူအဖြစ်တော့ အသိအမှတ် ပြုထားကြသည်။ သို့သော် စာအုပ်စာပေအကြောင်းပြောသည့် သူ၏ လေသံဟန်ပန်ကိုကား သိပ်သဘောမတွေ့ကြ။
သူက စကားပြောလိုက်လျှင် သူပြောတာသည် အမှန်၊ ဘာမှ အငြင်းပွားစရာ မလိုသည့်အချက်၊ အဲသည်အတိုင်း အားလုံးမှတ်ထားကြ၊ ဆိုသည့်ပုံစံမျိုးနှင့် ပြောလေ့ရှိသည်။
လူကြိုက်များနေသည့် စာအုပ်တစ်အုပ်နှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က အဲသည်စာအုပ် ဘယ်လောက်ကောင်းကြောင်း ပြောနေတုန်း သူရောက်လာမည်ဆိုလျှင် ပထမလူ စကားဆုံးအောင် တပြုံးပြုံးနှင့် သူနားထောင်နေမည်။ ပြီးတော့မှ အဲသည်စာအုပ်၏ အားနည်းချက်၊ အဲသည်စာရေးသူ၏ ညံ့ဖျင်းချက်တွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်ကာ ဆစ်ပိုင်းဝေဖန်ပြမည်ဖြစ်သည်။ တစ်ဖက်လူက မကျေနပ်၍ ပြန်လှန်ငြင်းခုံမည်ဆိုလျှင် သူက သူဖတ်ထားသမျှ အဆိုအမိန့်တွေ၊ သဘောတရားတွေ၊ ကျမ်းကြီးကျမ်းခိုင်တွေ မတန်တဆကိုးကားကာ အားနှင့်ဖိ၍ ချေမည်ဖြစ်သည်။ သူနှင့် ယှဉ်ပြိုင်ငြင်းခုံနိုင်ဖို့ မလွယ်။
တစ်ခါတလေ သူတို့ဝိုင်းသို့ လာနေကျမဟုတ်သည့် စာပေ၀ါသနာရှင် လူငယ်လူသစ်များ မတော်တဆ ရောက်ရှိလာမည်ဆိုလျှင်မူ သည်လူငယ်တွေကို အကြံကောင်း ဉာဏ်ကောင်းပေးရင်း တစ်ဝိုင်းလုံးကိုပင် တရားဟောသလို သူပြောတော့မည်။
ဥပမာ၊
"ခင်ဗျားတို့ စာပေ၀ါသနာပါတယ်၊ စာပေလိုက်စားချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် တစ်ခုပြောချင်တယ်။ စာပေနဲ့ မွေ့လျော်တယ်ဆိုတာမှာ စာဖတ်တာရယ်၊ လေ့လာတာရယ် နှစ်ပိုင်းရှိတယ်။ စာဖတ်တယ်ဆိုတာက ပျော်လို့ဖတ်တာ၊ ကြိုက်လို့ဖတ်တာ။ ဒါပထမအဆင့်၊ သာမန်အဆင့်။ နည်းနည်းပဲဖတ်ဖတ် များများပဲဖတ်ဖတ် ပျော်လို့ ကြိုက်လို့ ဖတ်နေသမျှတော့ သာမန်အဆင့်ပဲ။ လေ့လာတယ်ဆိုတာက ဒီထက်တစ်ဆင့် မြင့်လာပြီ။ တစ်စုံတစ်ရာကို ခြေခြေမြစ်မြစ် သိဖို့အတွက် ဖတ်သင့်ဖတ်ထိုက်တဲ့ စာကို ရှာပြီးဖတ်တဲ့အဆင့်။ ခင်ဗျား စာအုပ်တစ်အုပ်တည်းကိုပဲ အကြိမ်ကြိမ် အထပ်ထပ် ဖတ်နေပေမယ့် အဲဒီ စာအုပ်အကြောင်း ကောင်းကောင်းသိချင်မှ သိမယ်။ သူနဲ့ ဆက်စပ်တဲ့ နောက်ခံအကြောင်းတွေ မသိရင် သူ့ကို ပြည့်ပြည့်၀၀ နားမလည်နိုင်ဘူး။ ဆိုပါတော့၊ လူတစ်ယောက်ကို သူလတ်တလော လုပ်နေတဲ့ အရာတစ်ခုတည်းကြည့်ပြီး သူ့ကို အရင်က လုံးဝမသိခဲ့ဖူးတဲ့ သူတစ်ယောက်က မှတ်ချက်တစ်ခုခု ချမယ်ဆိုရင် အဲဒီမှတ်ချက်ဟာ လွဲဖို့များတယ်။ သူ့အကြောင်းသိတဲ့လူ၊ သူ့ရာဇ၀င်အူပေါက်ကို လျှောက်ကြည့်ထားတဲ့လူ၊ သူ့လုပ်နည်းလုပ်ဟန် သူ့အကျင့်စရိုက်တွေ နောကျေထားတဲ့လူကတော့ ဒါဘာအဓိပ္ပါယ်ပဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာပဲဆိုတာ ဒက်ခနဲနေအောင် ပြောနိုင်တယ်။ စာအုပ်နဲ့ ပတ်သက်ရင်လည်း ဒီသဘောပဲ။ ဘာကြောင့်လဲဆိုတော့ စာအုပ်ဆိုတာ တစ်အုပ်ချင်း သီးသန့်နေတာ မဟုတ်ဘူး။ သူ့မှာ အမျိုးအရိုးရှိတယ်၊ အုပ်စုရှိတယ်၊ မိတ်ဆွေရှိတယ်၊ ရန်သူရှိတယ်၊ ရာဇ၀င်အူပေါက်ရှိတယ်။ ဥပမာ၊ ကားလ်မာ့က်(စ)ရဲ့ အရင်းကျမ်းဟာ သူ့ဘာသာ တစ်အုပ်တည်း ပေါ်လာတာ မဟုတ်ဘူး။ သူ့အရင်က စာအုပ်တွေ၊ သူ့ကို ဖြစ်ပေါ်စေခဲ့တဲ့ စာအုပ်တွေရှိတယ်။ ကားလ်မာ့က်(စ)ရဲ့ ခေါင်းထဲမှာ ဒီစာအုပ်နဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ ဖြစ်ပေါ်စေတဲ့ စာအုပ်စာတမ်းတွေ အဲဒီစာအုပ်စာတမ်းတွေကို ရေးတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ ပြီးတော့ သူ့ခေတ်ကာလ ပတ်ဝန်းကျင်အနေအထားတွေ၊ အဲဒီ အနေအထားတွေ အကြောင်းတွေ ကားလ်မာ့က်(စ) စိတ်ဝင်စားသွားစေမယ့် ရှုထောင့်မျိုးတွေက ရေးတဲ့စာအုပ်စာတမ်းတွေ ရှိတယ်။ သူ့ရှေ့က လာခဲ့တာတွေကိုသိမှ သူ့ကို ကောင်းကောင်းသိမယ်။ အဲဒီနောက်မှာ သူ့ကို ထောက်ခံတဲ့ စာအုပ်တွေ၊ သူက မြစ်ဖျားခံခဲ့ပြီးမှ သူ့ဆီက ဖဲ့ထွက်သွားတဲ့ စာအုပ်တွေ စသဖြင့်ရှိတယ်။ အစူအစဉ်တွေ အတက်အလက်တွေ ၀န်းရံတာတွေ ဆန့်ကျင်တာတွေ အဲဒါတွေပါ နှံ့စပ်နိုင်သမျှ နှံ့စပ်အောင် လေ့လာဖို့လိုတယ်။ ပြီးတော့ နောက်အရေးကြီးတဲ့အချက်။ ပြောလက်စနဲ့ ကားလ်မာ့က်(စ)ကိုပဲ နမူနာထားပြီး ဆက်ပြောမယ်။ အဲဒါက၊ ကားလ်မာ့က်(စ)ကိုဖတ်ရင် ကားလ်မာ့က်(စ)အကြောင်းပါ ဖတ်ဖို့လိုတယ်။ သူဟာ ဘာလဲ၊ ဘယ်ဘ၀မျိုးက လာသလဲ၊ ဘယ်ကျောင်းတွေ တက်ခဲ့သလဲ၊ ဘယ်စာအုပ်တွေ ဖတ်ခဲ့သလဲ၊ သူ့ဆရာတွေက ဘယ်သူတွေလဲ၊ ဘယ်လိုအဖြစ်အပျက်မျိုးတွေ သူကြုံတွေ့ခဲ့သလဲ စသဖြင့်။ ကားလ်မာ့က်(စ)လို ဒဿနသမား၊ ကျမ်းသမားမှ မဟုတ်ဘူး။ နတ်ရှင်နောင်ရတု ဖတ်ရင်လည်း နတ်ရှင်နောင်အကြောင်း၊ သခင်ကိုယ်တော်မှိုင်းလေးချိုး ဖတ်ရင်လည်း သခင်ကိုယ်တော်မှိုင်းအကြောင်း၊ သူတို့ အတ္ထုပ္ပတ္တိ သူတို့ရေးတဲ့ တခြားစာတွေပါ ဆက်စပ်လေ့လာဖို့ လိုတယ်။ အဲဒါမှ ဒီပုဂ္ဂိုလ်နဲ့ ပတ်သက်လို့၊ ဒီစာအုပ်တစ်အုပ် ဒီစာ တစ်ပိုဒ်နဲ့ ပတ်သက်လို့၊ ကျယ်ဝန်းမျှတတဲ့အမြင်နဲ့ သုံးသပ်နိုင်မယ်၊ အဲဒီအခါ အမှန်တရားနဲ့ နီးစပ်မယ်" စတာမျိုး။
* * * * * * * * * *
တစ်နေ့ စကားဝိုင်းတစ်ခုမှာ စာအကြောင်းပေအကြောင်း ပြောကြရင်း တစ်ယောက်က စတင်ကာ ကိုသင်ကာ စာတွေသည်လောက် လျှောက်ဖတ်နေရသည့် ကိစ္စကို ဆွေးနွေးမေးမြန်းသည်။
ဘာကြောင့်ဖတ်သလဲ၊ ဘာရည်ရွယ်ချက်လဲ၊ စာဖတ်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ခံစားလာရလိမ့်မယ်လို့ မျှော်မှန်းထားသလဲ စသဖြင့်။
ကိုသင်ကာ ပြုံးပြီး နားထောင်နေသည်။ ပြီးတော့မှ၊
"ခင်ဗျားစကားကြားရတော့ ကျွန်တော် နယူတန်ကို သွားသတိရတယ်။ ဒီလိုဗျာ၊ ခင်ဗျား စိတ်တော့မရှိနဲ့၊ စကားအလျဉ်းသင့်လို့ ပြောရတာ။ သိပ္ပံပညာရှင်ကြီး နယူတန်ဟာ အင်မတန်မှ ပြုံးခဲရယ်ခဲတယ်။ သူ့ဆီမှာ လက်ထောက်အဖြစ် ငါးနှစ်တိတိ လုပ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နယူတန်ရယ်တာ တစ်ခါပဲ သူတွေ့ဖူးတယ်တဲ့။ ဘယ်အခါလဲဆိုတော့၊ ယူကလစ်ကိုလေ့လာရင် ဘာအကျိုးကျေးဇူး ခံစားရမလဲဆိုပြီး နားမလည်ပါးမလည် လူတစ်ယောက်က ရမ်းသန်းပမ်းသန်း မေးလိုက်တဲ့အခါ နယူတန် ရယ်တာတဲ့။ ယူကလစ်ဆိုတာ ခင်ဗျားလည်း သိပါတယ်၊ ရှေးဂရိသင်္ချာပညာရှင်ကြီး ဂျီသြမေတြီ ပညာရှင်ကြီး၊ သူပြုစုခဲ့တဲ့ Elements ဆိုတဲ့ ဂျီသြမေတြီကျမ်းကြီးဟာ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး သင်္ချာကျမ်း၊ ပညာရှင်တွေ နှစ်ပေါင်း ၂၀၀၀ ကျော် မှီဝဲဆည်းကပ် ခဲ့ရတဲ့ကျမ်း။ နယူတန်ကိုယ်တိုင်လည်း လေ့လာခဲ့ရတာ။ ဒီလူ့ကျမှ ယူကလစ်ကို လေ့လာလို့ အကျိုးရှိပါ့မလား၊ သေချာရဲ့လား တွေးပူနေတော့ နယူတန်က ရယ်တာပေါ့။ နောက်တစ်ချက်က နယူတန်ရယ်တာ ယူကလစ်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရလို့လည်း ဖြစ်နိုင်တယ်ဗျ။ နယူတန်ရဲ့ အဖြစ်မျိုး ယူကလစ်ကိုယ်တိုင်လည်း ကြုံဖူးတယ်။ ယူကလစ်ဆီမှာ ဂျီသြမေတြီ ပညာလာသင်တဲ့ တပည့်တစ်ယောက်က သင်ခန်းစာ (၁) ဆိုပါတော့ဗျာ၊ ပထမဆုံးတစ်ပုဒ်စသင်လို့ နားလည်သွားပြီဆိုတဲ့အခါ ကျွန်တော် ဒါတွေတတ်လို့ ဘာရမှာလဲလို့ မေးတယ်တဲ့။ အဲဒီအခါ ယူကလစ်က သူ့အခိုင်းအစေတစ်ယောက်ကို လှမ်းခေါ်ပြီး "ဟေ့ ဒီလူ့ကို ပိုက်ဆံသုံးပြား ပေးလိုက်ကွာ၊ သူက သူသင်လို့ တတ်သလောက်အတွက် အကျိုးအမြတ် တစ်ခုခုရမှ ဖြစ်မှာကွ" လို့ ပြောသတဲ့။ အဲဒါ ပညာကို ကမန်းကတန်း အလျင်စလို တန်ဖိုးဖြတ်လို့ မရဘူးဆိုတဲ့အကြောင်း ပြောလိုက်တာ။ ဒီကနေ့ ကျွန်တော်တို့ စာဖတ်တယ်ဆိုတာ ယူကလစ်ပေါင်းများစွာ နယူတန်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ စာအုပ်စာပေတွေ လေ့လာဆည်းပူးနေတာ၊ ဒါ ပညာရှာနေတာပဲ၊ ဦးနှောက်ကို ဖြည့်နေတာပဲ၊ ဦးနှောက်ထဲမှာ အသိပညာတွေ ပြည့်လျှမ်းလာတဲ့အတွက် ဘာအကျိုးစီးပွား ခံစားရမလဲ စဉ်းစားတာဟာ အမြင်ကျဉ်းမြောင်းရာ ရောက်တယ်၊ ပညာကို အားမနာရာ ရောက်တယ်ဗျာ"
"ဟုတ်ပါပြီဗျာ၊ အဲဒီတော့ လူတစ်ယောက်ဟာ ဘယ်လောက်ကြာအောင် စာတွေဖတ်နေရမလဲ"
တစ်ယောက်က ဖောက်မေးသည်။
"မွေးသည်က သေသည်အထိ ဖတ်ရလိမ့်မယ်၊ အသိပညာ နယ်ပယ်ဆိုတာ စကြ၀ဠာအနန္တလို အပြောကျယ်တယ်၊ တစ်ဘ၀လုံး လေ့လာသော်လည်း မကုန်နိုင်ဘူး၊ Life is short, and art is long. တဲ့။ ဂရိဆေးပညာဆရာကြီး ဟစ်ပိုခရေးတီးစ်က ပြောခဲ့တယ်၊ ကျွန်တော်တို့ရဲ့ တိုတောင်းတဲ့ဘ၀လေးနဲ့ လိုက်လို့မမီအောင်ကိုပဲ အသိဉာဏ်ပညာနယ်ပယ်က ကျယ်ဝန်းတယ်၊ သို့သော် မမီနိုင်ဘူးဆိုပြီး လက်လျှော့နေလို့ မရဘူး၊ လူဟာ မနေ့ကထက် သည်ကနေ့ တိုးတက်အောင် အားထုတ်နေဖို့လိုတယ်၊ တစ်ရက်ထက်တစ်ရက် အသက်ကြီးရင့်လာသလို ပညာဗဟုသုတလည်း တစ်နေ့တခြား ကြီးမားလာဖို့လိုတယ်၊ ဒီအတွက် မပြတ်ကြိုးစားနေဖို့ဟာ လူ့ဝတ္တရားပဲ"
"လူ့ဝတ္တရားက စာဖတ်တာနဲ့ ပြီးရောလားဗျာ၊ ထမင်းစားဖို့ အလုပ်ရော မလုပ်ရတော့ဘူးလား၊ ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ၊ ခင်ဗျားကိုယ်တိုင်အနေနဲ့ ဒီတစ်သက် ၀င်ငွေရှာတဲ့အလုပ် ဘာတစ်ခုမှ မလုပ်ဘဲ စာချည်း ထိုင်ဖတ်သွားတော့မှာလား"
"ထမင်းစားဖို့အလုပ်ဆိုတဲ့ ကိစ္စ၊ ကျွန်တော်ပြောရတာ အားနာတယ်ဗျာ။ လူအများအပြားဟာ ထမင်းတစ်လုတ်အတွက် အချိန်ကုန်ခံ လူပင်ပန်းခံပြီး အလုပ်လုပ်ကြရတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ အဲဒီအတွက် ကျွန်တော် စိတ်မကောင်းပါဘူး၊ သူတို့အပေါ် မစာနာတဲ့စိတ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။ သို့သော် အဲဒီအချက်ကို အကြောင်းပြုပြီး လူတိုင်း ထမင်းစားဖို့ အုလပ်လုပ်ရမယ်လို့တော့ ခင်ဗျားတို့ တရားသေ မှတ်မထားသင့်ဘူး။ ကျွန်တော့် အခြေအနေအရ ကျွန်တော့်မှာ ထမင်းစားဖို့ ၀င်ငွေရှာတဲ့ အလုပ်ဆိုတာမျိုး လုပ်စရာမှ မလိုဘဲဗျာ၊ အနည်းဆုံး အခုအချိန်ကနေ ကျွန်တော့်ရှေ့ကို မှန်းမျှော်ကြည့်လို့ ရသလောက်ကာလအထိမှာ မလိုသေးဘူးဗျာ။ ကျွန်တော့်ကိစ္စ ခင်ဗျားတို့ စိတ်ဝင်စားနေတယ်ထင်လို့ ကျွန်တော် ပြောမယ်၊ ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော့်မှာ အမေရှိတယ်၊ အမေက သူ့မှာ ထမင်းစားဖို့ ပိုက်ဆံရှာစရာ မလိုတော့ပေမယ့် တစ်သက်လုံး အကျင့်ပါလာတဲ့အတွက်ရယ်၊ ငါ့သားလေးအတွက်ဆိုတဲ့ တားဆီးလို့မရတဲ့ မေတ္တာကြောင့်ရယ်၊ ကျွန်တော့်လို စာဖတ်ဖို့ ၀ါသနာမပါတာရယ် စတဲ့အကြောင်းတွေကြောင့် ငွေရှာတဲ့ အလုပ်ကို မရပ်မနား လုပ်နေတယ်။ ကျွန်တော်တစ်သက်လုံး စာဖတ်သွားမှာဖြစ်သလို အမေကလည်း သေတဲ့အထိ ငွေရှာသွားမယ့် သဘောပဲ၊ ဒါပေမယ့် ဒီကိစ္စက သူ့အတွက်လည်း သိပ်အပန်းတကြီးလို ဖြစ်မနေတော့ ကျွန်တော်လည်း ကြိုးစားပြီး တားဆီးမနေတော့ဘူး၊ ဒီအတိုင်းပဲထားတယ်။ ဆိုချင်တာက အမေ့ဝင်ငွေတွေ စုဆောင်းငွေတွေဟာ တစ်နေ့တခြား တိုးပွားနေတယ်။ လူကလည်း ကျန်းကျန်းမာမာကြီးဆိုတော့ သဘာဝအတိုင်း နေရမယ်ဆိုရင် ရှေ့ ၁၄-၅ နှစ်လောက်အထိတော့ ရှာဖွေနေဦးမယ့် သဘောရှိတယ်၊ အမေမရှိတဲ့ အချိန်ကျတော့ ကျွန်တော့်အသက်လည်း အတော်အတန်ရှိရောပေါ့၊ ကျွန်တော်က ကုဋေရှစ်ဆယ် သူဌေးသားလို ကိုယ်နားမလည်တဲ့ စီးပွားရေးလုပ်ငန်းတွေ သူများမြှောက်ပေးတိုင်း လျှောက်လုပ်ပြီး မိဘချန်ထားတဲ့ အမွေတွေ အလျင်စလို ကုန်အောင်ဖြုန်းမယ့် အကောင်မျိုးလည်း မဟုတ်တော့ သက်တမ်းစေ့လို့ သေရင်တောင် အနည်းဆုံး အိမ်တွေမြေတွေလောက်တော့ ကျန်ခဲ့လိမ့်ဦးမယ်ထင်တယ်၊ အဲဒါတွေအတွက်တော့ အသက်ကြီးမှ ကြည့်စီမံခဲ့ရမှာပဲ"
သူနှင့် ယှဉ်ပြိုင်ပြောဆိုနေသူ စိတ်ဓာတ်ကျသွားတာ ကိုသင်ကာ မြင်လိုက်ရသည်။ သူက မသိမသာပြုံးကာ "ကဲ သွားဦးမယ်ဗျာ" ဟု တစ်ဝိုင်းလုံးကို နှုတ်ဆက်ပြီး အိမ်သို့ပြန်ခဲ့သည်။
* * * * * * * * * *
လက်ဖက်ရည်ဆိုင်မှ ထွက်စက ပြုံးနေခဲ့သော ကိုသင်ကာ့မျက်နှာသည် အိမ်ဆီသို့ ခြေအနည်းငယ် လှမ်းမိလျှင်ပင် တည်၍သွားသည်။
နှစ်ပေါင်းများစွာ သူစဉ်းစားလာခဲ့သည့် ဆင်ခြေဆင်လက်တွေဖြင့် တစ်ပါးသူကို နှုတ်ပိတ်သွားအောင် ပြောနိုင်ခဲ့သော်လည်း စင်စစ် သူ့ဆင်ခြေတွေကို သူ့ဘာသာ ဘ၀င်မကျသလို ဖြစ်နေခဲ့တာ အတော်ကြာပြီ။
ပြီး ခုတလော ဘာကြောင့်မှန်းမသိ၊ သူ့ခေါင်းကလည်း သိရှင်းရှင်းလင်းလင်း ကြည်ကြည်လင်လင် မရှိချင်။
မှိုင်မှိုင်တွေတွေနှင့်ပင် ကိုသင်ကာ အိမ်ပြန်ရောက်လာသည်။
ကိုယ်လက်သန့်စင်ပြီးသည့်အခါ ပက်လက်ကုလားထိုင်မှာ ခဏတစ်ဖြုတ်ထိုင်ပြီး ထုံးစံအတိုင်း သူ့စာအုပ်တွေနားပဲ ရောက်သွားသည်။
လက်သင့်ရာ စာအုပ်တစ်အုပ် ကောက်ကိုင်ပြီး လှန်ကြည့်သည်။ အထဲမှာ သူ့လက်ရေးတွေ အများကြီး။
သူက စာအုပ်ထဲမှာ မှတ်ချက်တွေ ပွနေအောင် ရေးတတ်သူ ဖြစ်သည်။ အထူးသဖြင့် fly-leaf လို့ခေါ်သည့် ရှေ့-နောက် ရေခံစာမျက်နှာလွတ်တွေမှာ စာရေးသူအကြောင်း၊ စာအုပ်အကြောင်း မှတ်ချက်တွေ သူရေးလေ့ရှိသည်။ သူ့ စာအုပ်တွေက အဲသည်စာရွက်တွေချည်း ဖြဲပြီး စာအုပ်စုချုပ်လျှင်ပင် ကိုသင်ကာ၏ စာပေအယူအဆနှင့် ဘ၀အမြင်များဟူ၍ စာတစ်အုပ် ဖြစ်လိမ့်မည်ထင်သည်။
စားပွဲပေါ်ကစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ကောက်ကိုင်ကာ အထဲက ပုံနှိပ်စာလုံးတွေ မဖတ်ဘဲ သူ့လက်ရေးတွေချည်း လျှောက်ဖတ်ကြည့်နေသည်။
သူအလွန်နှစ်သက်၍ အနည်းဆုံး တစ်လတစ်ခေါက်လောက်တော့ ဟိုလှန်သည်လှန် ပြန်လှန်ဖတ်ဖြစ်သော တရုတ်ပညာရှိရေးသည့် စာအုပ်ရှေ့ဘက် စာမျက်နှာလွတ်တွင် "ဘယ်သောအခါမျှ မကုန်ခန်းနိုင်သည့် ပဉ္စလက် လက်ဖက်ရည်အိုး၊ ငှဲ့လိုက်တိုင်း အလွန်အစပ်တည့်သည့် (ခေါင်းမညိတ်ဘဲ မနေနိုင်သည့်) လက်ဖက်ရည်ကျကျတစ်ခွက် အမြဲထွက်သည်" ဟူ၍ ရေးသားထားသည်။
သူများကဗျာ စာပိုဒ်တွေ အများကြီး ကြားညှပ်ကိုးကားထားသည့် ကဗျာဆရာ၏ ကဗျာရှည်စာအုပ်တွင် "ခင်ဗျားကဗျာက တချို့အပိုင်းတွေ သိပ်ကောင်းပြီး တချို့အပိုင်းတွေ သိပ်ညံ့တယ်၊ ခက်တာက ကောင်းတဲ့အပိုင်းတွေက သူများကဗျာစာပိုဒ်တွေ ဖြစ်နေတာပဲ" ဆိုသော မှတ်ချက်မျိုး သူရေးသည်။
ဟုတ်လောက်တာတွေရော၊ မဟုတ်လောက်စရာတွေပါ ရောပြွမ်းရေးသားထားသည့် ဆေးမြီးတိုဆရာ၏ ဆောင်းပါးပေါင်းချုပ်စာအုပ်တွင် "ထောပတ်ထမင်းချက်နည်း မှားလျှင် ထမင်းတစ်အိုး လွှင့်ပစ်ရုံသာရှိသည်၊ ဆေးမြီးတို အသုံးမှားလျှင် အသက်တစ်ချောင်း ဆုံးရှုံးသွားနိုင်သည်" ဆိုတာမျိုး။
"စာရေးသူအမှာ" တွင် အတော်ကြီးကြီးကျယ်ကျယ်တွေ ရေးထားသည့် ၀တ္ထုတိုဆရာ၏ ၀တ္ထုတိုပေါင်းချုပ် စာအုပ်တွင် "အကြောင်းအရာမထူး၊ အတွေးအခေါ်မထူး၊ သူများရေး၍ ဖန်တစ်ရာတေနေသည်များကို လိုက်ရေးထားပြီး အရေးအသားကလည်း တစ်ပြားသားမျှ မထူး" ဆိုတာမျိုး မှတ်ချက်တွေ သူရေးသည်။
သူ့မှတ်ချက်တွေက ရေခံစက္ကူမှာချည်း ရေးထားသည်တော့ မဟုတ်။ အတွင်းစာမျက်နှာတွေ၏ နံဘေးအဖြူသားမှာလည်း အနှံ့အပြား တွေ့ရတတ်သည်။
? တွေ၊ !!! တွေ။ ဟုတ်ရဲ့လား၊ သေချာရဲ့လား၊ … ရဲ့ … စာအုပ်ထဲမှာ … လို့ ရေးထားပါလား။ မှန်တယ်၊ သိပ်မှန်တယ်၊ တော်တယ်ဗျာ၊ တင်ပြပုံ သိပ်ရှင်းတယ်။ ဟာဗျာ ဒါကြီး ဘာလို့ထည့်ရေးရတာလဲ၊ ခင်ဗျားရဲ့ prejudice တွေ သိပ်ပေါ်လွင်နေပြီ။ ကိုယ့်လူ အရမ်းမရေးနဲ့လေ၊ Encyclopedia တစ်ခုခုလှန်ပြီး သေချာအောင် အရင် check လုပ်ပါလား။ စသဖြင့်။
တစ်ခါတလေ သူ့မှတ်ချက်တွေ၊ စာရေးသူနှင့် ငြင်းခုံချက်တွေက စာမျက်နှာ လေးငါးမျက်နှာအထိ ရှည်လျားသွားတတ်သည်။
ကိုယ့်ရေးသားချက်တွေ ကိုယ့်ဘာသာ စိတ်ဝင်တစား ဖတ်ရှုနေရာက စာတစ်အုပ် ကောက်ကိုင်မိသည်။ ၀ယ်လာခါစက တစ်ကြိမ် နည်းနည်းလှန်ကြည့်ပြီး နောက်ဖတ်မည်ဟု မေ့ထားမိသည့်စာအုပ်။
စာအုပ်က ထူးထူထဲထဲ အ၀တ်ဖုံးနှင့် အခံ့ချုပ်။ သို့သော် အတော်ဟောင်းနွမ်း ဆွေးမြေ့လျက်ရှိပြီ။ သက်တမ်းကလည်း မနည်းတော့ပြီကိုး။
ပုံနှိပ်သည့် ခုနှစ်ကိုကြည့်တော့ ပထမနှိပ်ခြင်း၊ ၁၉၃၆ ခုနှစ်ဟု ရေးထိုးထားတာ တွေ့ရသည်။ ၆၆ နှစ်တောင် ရှိပြီပဲ၊ စာအုပ်ကို သူနည်းနည်း ပို၍ ရိုရိုသေသေ ကိုင်မိသည်။
စာအုပ်ထဲမှာ ပိုင်ရှင်လက်မှတ် နှစ်ခုတွေ့ရသည်။ ပထမတစ်ခုက ၁၉၄၆ ခုနှစ် နေ့စွဲနှင့်။ နာမည်က ပေါ်တူဂီလူမျိုးတစ်ယောက်၏ နာမည်ဖြစ်လိမ့်မည်ဟု ကိုသင်ကာ ယူဆသည်။ စာအုပ်က ပေါ်တူဂီတွေအကြောင်း ရေးထားသည့် စာအုပ်ဖြစ်ပြီး ပိုင်ရှင်အမည်က စာအုပ်ထဲမှာပါသည့် နာမည်တွေနှင့် ခပ်ဆင်ဆင် တူနေသောကြောင့် ဖြစ်သည်။
ဒုတိယပိုင်ရှင်က မြန်မာ။ အင်္ဂလန်ရောက်တုန်း စာအုပ်ဟောင်းဆိုင်တစ်ဆိုင်က ၀ယ်ခဲ့တာဖြစ်နိုင်သည်။ လန်ဒန် ၁၉၅၅ ဟု ရေးထိုးထားသည်။
စင်စစ် စာအုပ်က သက်တမ်းထက်မက အိုမင်းလျက်ရှိသည်။ တစ်အုပ်လုံးမှာ ပိုးပေါက်ကလေးတွေ ပြည့်နေသည်။ စာအုပ်ပိုးတွေ နှိပ်စက်သည့်ဒဏ် အတော်ခံခဲ့ရသည့်ပုံ။
စာအုပ်အမည်က "အိန္ဒိယဒေသ စွန့်စားခန်းများ" ဖြစ်သည်။ ၀တ္ထုတော့မဟုတ်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ လောက်က အိန္ဒိယရှိ ပေါ်တူဂီသိမ်းပိုက်နယ်မြေများ၏ ဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ပေါ်တူဂီဗိုလ်ချုပ် အာဖွန်ဆိုဒယ်အယ်လဗျူကာကီ၏ နယ်ပယ်ချဲ့ထွင်ရေး လုပ်ငန်းများ၊ သက်စွန့်ဆံဖျား ဘ၀အတွေ့အကြုံများကို မှတ်တမ်းတင်ထားသော စာအုပ်တစ်အုပ် ဖြစ်သည်။
နယ်ပယ်သေးငယ်၍ လူဦးရေလည်း နည်းပါးလှသည့် ပေါ်တူဂယ်ပြည်သား လူစွန့်စားတို့ အာဖရိက၊ အာရေဗျ၊ အိန္ဒိယ၊ မလေးကျွန်းဆွယ်နှင့် အရှေ့အိန္ဒိယကျွန်းစု စသည်များသို့ ရောက်ပေါက်ကာ မိမိတို့အင်အားနှင့် မမျှအောင် ကျယ်ပြောသည့် နယ်ပယ်ဒေသများကို အလွန်တိုတောင်းသော ကာလအတွင်း အံ့သြဖွယ်တိုက်ခိုက်သိမ်းပိုက် အောင်နိုင်ခဲ့ကြပုံ၊ ခံတပ်များ၊ ရဲတိုက်များ အခိုင်အမာတည်ဆောက်ကာ သိမ်းပိုက်နယ်မြေကို ရေရှည်ထိန်းထားနိုင်အောင် အားထုတ်ကြပုံ၊ တစ်ဖက်သားတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းကြသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း ကြောက်ဖွယ်လိလိ ရှင်းလင်းသုတ်သင်ခြင်း ခံကြရပုံတို့ကို ရေးသားထားသည်မှာ စိတ်ဝင်စားစရာလည်း ကောင်း၊ အံ့သြတုန်လှုပ်ဖွယ်လည်း ကောင်းလှသည်။
ခဏတစ်ဖြုတ် လှန်လှောရင်းက ကိုသင်ကာ စာအုပ်ကို လက်ကမချနိုင်ဖြစ်ကာ ကာလီကပ်၊ ကမ်ဘေး၊ ကိုချင်၊ ဟော်မွတ်(ဇ) စသည့် အရပ်များသို့ ပေါ်တူဂီရွက်သင်္ဘောတွေ၊ ဓား လှံ လက်နက်တွေ၊ အမြောက်သေနတ်တွေနှင့်အတူ လိုက်ပါနေမိသည်။
စာအုပ်ထဲက အကြောင်းအရာတွေက မှတ်သားစရာကောင်းလှတာ အမှန်ပဲဖြစ်သည်။ သို့သော် ဘယ်စာအုပ် ဘယ်လောက်ကောင်းကောင်း ညနေစောင်းရောက်လျှင် ပက်လက်ကုလားထိုင်မှာ စာအုပ်ကိုင်ရင်း အိပ်ပျော်သွားတတ်တာလည်း ကိုသင်ကာ့ အကျင့်တစ်ခု ဖြစ်နေသည်။
ငိုက်ရင်း ဖတ်ရင်း၊ ဖတ်ရင်း ငိုက်ရင်း၊ စာအုပ်ထဲမှ ပုရစ်သံလိုလို ၀ီစီမှုတ်သံလိုလို အသံမျိုးကြား၍ သူ ကြည့်လိုက်တော့ ပိုးထိုးပေါက်တစ်ပေါက်မှ ခေါင်းပြူ၍နေသည့် စာအုပ်ပိုးတစ်ကောင်။
သည်ကောင် ဘာတွေအော်နေတာလဲ အကဲခတ်နေဆဲ အကောင်က မျက်စိရှေ့မှာပင် ကြီးသထက်ကြီးလာနေသလို ထင်ရသည်။
စာအုပ်စားသည့် ပိုးကောင်တွေကို ကိုသင်ကာ နည်းနည်းမှ သည်းညည်းခံလေ့မရှိ။ သူ့စာအုပ်တွေထဲမှာတွေ့လျှင် ချက်ချင်း ရှင်းလင်းနေကျဖြစ်သည်။ ယခုလည်း အကျင့်ပါနေသည့်အလျောက် လက်က ဖျတ်ခနဲ ရိုက်ဖြစ်သည်။ သို့သော် မမိလိုက်။ ပိုးကောင်က လှစ်ခနဲ ပျောက်သွားပြီး ခဏနေတော့ နောက်တစ်ပေါက်က ပြူထွက်လာကာ နှုတ်ခမ်းမွေးတလှုပ်လှုပ်နှင့် ကြည့်နေပြန်သည်။ ပုံစံက သူ့ကို နောက်နေပြောင်နေသလိုမျိုး။ နောက်တစ်ချက် ထပ်ရိုက်တော့ နောက်တစ်ကြိမ် ပျောက်သွားပြီး နောက်တစ်နေရာက ပြန်ပေါ်လာသည်။ နောက်တစ်ကြိမ်။ နောက်တစ်ကြိမ်။
ဘယ်လိုဖြစ်တာလဲ။ သည်လိုကောင်မျိုးတွေ သူရိုက်သတ်ဖိသတ် ညှပ်သတ်လာခဲ့တာ အကြိမ်ပေါင်း မရေနိုင်တော့။ သည်ကောင်ကျမှ ခက်နေသည်။
ပိုးကောင်က အပေါက်တစ်ခုမှ ပေါ်လာပြန်သည်။ မထီလေးစားပုံစံနှင့်။
ထပ်ရိုက်သည်။ အပြေးအလွှား လိုက်ရိုက်သည်။
မထိ။ တစ်ချက်မှ မထိ။
ကိုသင်ကာ ရှက်သလိုဖြစ်သွားပြီး နောက်တစ်ကြိမ် ဟိုကောင် ခေါင်းပြူလာတော့ မရိုက်သေးဘဲ ကြည့်နေမိသည်။
"စာအုပ်သမားအချင်းချင်း မရက်စက်ချင်ပါနဲ့ဗျ"
သူကြည့်နေတုန်း ပိုးကောင်က လှမ်းပြောသည်။
"အမယ်၊ စာအုပ်စားတဲ့အကောင်က ကြီးကြီးကျယ်ကျယ်၊ ငါရိုက်ထည့်လိုက်ရလို့"
"ဒေါသမကြီးပါနဲ့ဗျ၊ ခုတင်ပဲ ခင်ဗျားရိုက်တာ ဘယ်နှကြိမ်ရှိပလဲ၊ ကျုပ်ကိုမှ မထိတာ၊ ဆက်ရိုက်ရင် ခင်ဗျားလက်နာရုံ စာအုပ်ပျက်စီးရုံပဲ ရှိမယ်၊ ခင်ဗျားနဲ့ကျုပ် အေးအေးဆေးဆေး ဆွေးနွေးကြရင် မကောင်းဘူးလား"
"အမယ် အမယ်၊ ကြီးကျယ်သထက် ကြီးကျယ်လာပါလား၊ ခွေးမသားပိုး၊ ငါ တကယ်ရိုက်မှာနော်၊ မမိမချင်းရိုက်မှာ"
"စာသမားဆိုပြီး ဒေါသတယ်ကြီးပါလား၊ အပြောအဆိုကလည်း အတော်ရိုင်းတာပဲ၊ မိဘက သင်ကြားမပေးဘူးလား၊ အမေက တစ်ဦးတည်းသော သားကလေးဆိုပြီး သိပ်အလိုလိုက်ခဲ့တာကိုး"
ကိုသင်ကာ ဒေါသထွက်ကာ ဗုန်းခနဲ ရိုက်ထည့်လိုက်သည်။
ပိုးကောင်က နောက်တစ်ပေါက်မှ ပေါ်ထွက်လာပြန်သည်။
"ဒီလိုလုပ်လို့ မရဘူးလေ၊ ကျုပ်က ခင်ဗျားထက် လျင်တယ်၊ နယ်မြေလည်း သိပ်ကျွမ်းတယ်၊ ဒါ ကျုပ်နေရာလေဗျာ၊ ခင်ဗျားက မနေ့တစ်နေ့ကမှ ဒီစာအုပ်တွေ့ပြီး အဟောင်းဈေးတောင်မဟုတ်၊ ပိဿာချိန်ဈေးလောက်နဲ့ရလို့ ၀ယ်လာပြီး ဒါ ငါ့စာအုပ်၊ ငါအပိုင်လို့ လုပ်နေတာ၊ အမှန်က ဒါ ကျုပ်တို့အိမ်ရာဗျ၊ ကျုပ်တို့က ဒီနေရာမှာ ဘိုးစဉ်ဘောင်ဆက် နေလာတာ၊ ဒီစာအုပ်ထဲမှာ ဥမင်လိုဏ်ခေါင်းပေါင်း သုံးသောင်းကျော်ရှိတယ်၊ ရှေးအစဉ်အဆက် ဖောက်သွားတာတွေ၊ကျုပ်ကိုင်တိုင် ဖောက်ခဲ့တာတွေလည်း မနည်းမနောပဲ၊ ဒီနေရာမှာ ခင်ဗျား ကျုပ်ကို လုံးဝယှဉ်လို့ မရဘူး၊ ခင်ဗျားအားကြီးနဲ့ တဗုန်းဗုန်း ထုနေရင် စာအုပ်ပျက်စီးမယ်၊ အခုနေ ခင်ဗျားကို တန်ခိုးရှင်တစ်ယောက်ယောက်က ကျုပ်တို့လိုဏ်ခေါင်းတွေထဲ ၀င်နိုင်လောက်တဲ့ အရွယ်အစားရောက်အောင် ချုံ့ပေးပြီး ဒီအထဲ လိုက်ဖမ်းစမ်းကွာလို့ လွှတ်ပေးလိုက်စေချင်တယ်၊ အဲဒါမှ ခင်ဗျား တစ်ခါတည်းရူးသွားမယ်၊ ကျွန်တော် နောက် မကြိုးစားတော့ပါဘူးလို့ တောင်းပန်ပြီး ပြန်သွားမယ်၊ ဒါမှမဟုတ် မလျှော့သေးဘူး၊ နောက်ထပ် စစ်ကူခေါ်ချင်တယ်ဆိုရင် လူတစ်ရာနှစ်ရာ ခေါ်လိုက်ဦး၊ လက်ချည်းမလာနဲ့၊ ဓားတွေ လှံတွေ ပေါ်တူဂီလုပ်တဲ့ အမြောက်တွေ လိုဏ်ခေါင်းထဲ ဆွဲလှိမ့်ယူလာပြီး လိုက်ပစ်မလား၊ စာအုပ်တစ်အုပ်လုံးသာ မွမွကြဲသွားမယ်၊ ကျုပ်ကို ရမှာမဟုတ်ဘူး၊ ကျုပ်က ခင်ဗျား မျက်စိရှေ့မှာတင် လှစ်ခနဲ လှစ်ခနဲ ပျောက်သွားမှာ၊ ဒါကြောင့် ကျုပ်တို့ အေးအေးဆေးဆေး ဆွေးနွေးရအောင်လို့ ပြောတာ၊ ကဲဗျာ၊ ခင်ဗျား စဉ်းစားပါ၊ ကျွန်တော်တို့ ညှိနှိုင်းဆုံးဖြတ်ထားတဲ့ အချက် ခင်ဗျားကိုပြောမယ်၊ ဒီနေ့ကစပြီး ခင်ဗျားလည်း ဒီစာအုပ်ကို ပိုက်ဆံပေးဝယ်ခဲ့တာ အကြောင်းပြုပြီး ဒီအိမ်မှာရှိတဲ့ တခြားစာအုပ်များနည်းတူ ခင်ဗျား အပိုင်စာအုပ်လို့ပဲ သဘောထားပါ၊ ဖတ်ချင်တဲ့အချိန် ကောက်လှန်ဖတ်ပါ၊ ကျွန်တော်တို့လည်းပဲ ဒီစာအုပ်ဟာ ကျွန်တော်တို့ဘိုးဘေးတွေ လက်ထက်ကတည်းက နေလာတာဖြစ်လို့ ကျွန်တော်တို့အိမ်ရာ ကျွန်တော်တို့ စာအုပ်အဖြစ်နဲ့ ဆက်နေမယ်၊ ဒါပေမယ့် ခင်ဗျားအတွက် အနှောင့်အယှက် မဖြစ်ရအောင် ခင်ဗျား ဒီစာအုပ်ကို ကိုင်နေ ဖတ်နေတဲ့အချိန်တိုင်း ခင်ဗျားရှေ့ ကျုပ်တို့မထွက်ဘူး၊ ခင်ဗျားမမြင်နိုင်အောင် ရှောင်နေပုန်းနေပေးမယ်၊ ခင်ဗျားဘက်က တစ်ခုပဲ လုပ်ပေးပါ၊ ဒီစာအုပ်ကို လှန်တော့မယ်ဆိုရင် အဖုံးကို ခပ်သာသာ သုံးချက်ပုတ်ပြီး အသိပေးပါ၊ ကျုပ်တို့ ရှောင်ဖို့တိမ်းဖို့ အချိန်ရအောင်ပေါ့"
"အမယ် အတော်ကြီးကျယ်တဲ့ အစီအမံပဲ၊ ငါ့စာအုပ်ထဲမှာ တရားဝင် နေထိုင်စားသောက်ခွင့် တောင်းနေတာပဲ၊ ကျွန်တော့်စာအုပ်ကို လွတ်လပ်စွာ ဖျက်ဆီးဝါးမျိုရန် သဘောတူခွင့်ပြုပါသည်ဆိုပြီး ကတိစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ရမယ့်ပုံပဲ၊ ဒါနဲ့ နေစမ်းပါဦး၊ ကျွန်တော်တို့အားလုံး ညှိနှိုင်းဆုံးဖြတ်ထားတဲ့ အချက်ဆိုတော့ မင်းတို့က ဘယ်နှကောင်တုန်း၊ မင်းအပြင် နောက်ထပ် ရှိသေးလို့လား၊ ငါလည်း တစ်ကောင်မှ မတွေ့ပါလား"
"ဟုတ်ကဲ့၊ အဲဒါကြောင့် ခင်ဗျားနဲ့ ဒီစာအုပ်နဲ့ဟာ သိပ်မဆိုင်ဘူး၊ ကျွန်တော်တို့နဲ့သာ ဆိုင်တယ်လို့ ကျွန်တော်ပြောချင်နေတာ၊ ဒီစာအုပ်အကြောင်း ခင်ဗျား ဘာမှမှမသိတာ၊ အခုပဲကြည့်၊ ခင်ဗျားက ကျွန်တော်တစ်ယောက်နဲ့တွေ့ပြီး ဒီစာအုပ်ထဲမှာ ကျွန်တော်တစ်ယောက်တည်းပဲ နေတယ်လို့ ထင်နေတယ်၊ ကျွန်တော်တို့အမျိုးက စာအုပ်ထဲမွေးပြီး စာအုပ်စာပေနဲ့ ကြီးပြင်းရတာဆိုတော့ မလိမ်မညာတတ်လို့ ကျွန်တော် အမှန်အတိုင်းပဲပြောမယ်၊ ဒီအထဲမှာ ကျွန်တော့်အပြင် နောက်ထပ် ကျွန်တော့်အမျိုးအဆွေ စုစုပေါင်း ၁၀၀ ကျော် ရှိသေးတယ်"
"ဟာ အဲဒီလိုတော့ မဖြီးနဲ့ကွ၊ အကောင် ၁၀၀ ကျော်တောင် ငါမမြင်အောင် ဘယ်နားသွားပုန်းမတုန်း"
"ရှိပါတယ်ဗျာ၊ ကျွန်တော်ပြောလိုက်တော့မှ ခင်ဗျား အတင်းလိုက်ရှာပြီး သတ်မနေနဲ့ဦး၊ ဒါပေမယ့် ပြောလို့ရပါတယ်၊ သူတို့လည်း ကျွန်တော့်လောက်တော့ လျင်တဲ့သူချည်းပဲ၊ ခင်ဗျားဖမ်းလို့ မမိနိုင်ဘူး၊ တချို့က စာမျက်နှာတွေကြားမှာ၊ တချို့က အဖုံးကတ်ထူသားထဲမှာ၊ တချို့က အနှောင့်မှာ၊ တချို့က အဖုံးကတ်ထူနဲ့ အဖုံးပိတ်စကြားထဲမှာ၊ ခင်ဗျား မယုံဘူးလား၊ ကျွန်တော် ခေါ်ပြမယ်၊ ကဲဗျို့၊ နည်းနည်းပါးပါး ထွက်ပြကြဗျာ"
ပိုးကောင်က အော်ပြောလိုက်သည်နှင့်တစ်ပြိုင်နက် စာအုပ်ရှိ အပေါက်များစွာမှ စာအုပ်ပိုးတွေ ခေါင်းပြူလာကြသည်။ နှုတ်ခမ်းမွေးတထောင်ထောင်၊ တလှုပ်လှုပ် တရွရွ။ ကိုသင်ကာ ကြက်သီးမွေးညင်းထကာ စာအုပ်ကိုပင် ပစ်ချမိမလို ဖြစ်သွားသည်။ တော်သေးသည်။ ပိုးကောင်တွေက ကိုယ်ထင်ပြပြီးနောက် လှစ်ခနဲ ပြန်ပျောက်သွားကြသည်။
"ဟ နည်းနည်းနောနော မဟုတ်ပါလားကွ၊ မင်းက ၁၀၀ ဆိုကွာ၊ ဟေ့ကောင် မဖြစ်ဘူးဟေ့ ဒီလောက်အများကြီး၊ ငါ့စာအုပ် နက်ဖြန်သဘက် ကုန်သွားလိမ့်မယ်"
"မကုန်ပါဘူးဗျာ၊ ကျုပ်တို့က ဒီမှာ တစ်သက်လုံး နေကြရမှာ၊ ကိုယ့်အိမ်ကိုယ့်ရာပဲ၊ ဘယ်အခြောက်တိုက် ဖျက်ဆီးပါ့မလဲ၊ နောက် ၁၀ နှစ် အနှစ် ၂၀ ကြာတဲ့အထိ အခုအနေအထားထက် သိသိသာသာ ဆိုးမသွားစေရဘူး၊ ကျုပ်အာမခံတယ်၊ အခုလည်း တမင်တကာ ထွက်ပြကြလို့သာ ကျုပ်တို့လူတွေ ခင်ဗျားမြင်ရတာ၊ မဟုတ်ရင် ရှိမှန်းတောင် သိပ်မှာမဟုတ်ဘူး၊ အဲဒီတော့ စောစောက ညှိနှိုင်းတဲ့အတိုင်း ခင်ဗျား သဘောတူလိုက်ရင် မကောင်းဘူးလား၊ ကျန်တဲ့အချိန်တော့ ဒါ ကျုပ်တို့မြို့၊ ကျုပ်တို့ရွာပဲ၊ ဟုတ်ပြီလား၊ ခင်ဗျားလည်း စာအုပ်သမား၊ ကျုပ်တို့လည်း စာအုပ်သမား၊ အချင်းချင်းတွေ အငြင်းပွားစရာ မလိုပါဘူးဗျာ"
"လာပြန်ပြီ စာအုပ်သမား၊ စာအုပ်စားတဲ့ပိုးကောင်က ငါနဲ့ တန်းလာညှိနေတယ်"
"ဟုတ်တယ်လေဗျာ၊ စာအုပ်သမားအချင်းချင်းမို့ အချင်းချင်းလို့ ပြောတာ ခင်ဗျားမကြိုက်ဘူးလား၊ စာအုပ်သမားဆိုတာ ညှာညှာတာတာ လျှော့လျှော့ပေါ့ပေါ့ ပြောထားတာ၊ တကယ်ဆို "စာအုပ်ပိုး" လို့ တိတိကျကျ ပြောချလိုက်လို့ရတယ်၊ ခင်ဗျားရောကျုပ်ရော စာအုပ်ပိုးတွေချည်းပဲလေဗျာ၊ bookworm တွေ၊ bookworm ထဲမှာမှ ကျုပ်တို့က အဦးအစ bookworm ၊ စာအုပ်ပေါ်စကတည်းက ရှိလာခဲ့တာ၊ ခင်ဗျားတို့က နောက်မှပေါ်တဲ့ နောက်ပေါက် bookworm၊ ကျုပ်တို့ အမျိုးအနွယ်သမိုင်းထဲမှာ အခိုင်အမာ ရေးထားတာရှိတယ်၊
၁၅၉၉ မှာ အင်္ဂလိပ်ပြဇာတ်ရေးဆရာ ဘင်ဂျွန်ဆင် (Ben Jonson) က ခင်ဗျားတို့လို စာအုပ်ကြားထဲ ခေါင်းမြှုပ်ပြီး ဘာအလုပ်မှ မလုပ်ဘဲနေတဲ့ လူတွေကို စာအုပ်ပိုး (bookworm) လို့ ကျုပ်တို့နာမည်အတိုင်း ခေါ်လိုက်ရာကစပြီး အခေါ်အဝေါ် ရှုပ်ထွေးမှု ဖြစ်ခဲ့တာ"
"အမယ် အမျိုးအမည် မထင်ရှားတဲ့ အင်းဆက်ပိုးမွှားက ကျမ်းဂန်အကိုးအကားနဲ့ လုပ်လာပါလား"
"ခင်ဗျားမသိတိုင်း မထင်ရှားဘူး မလုပ်နဲ့လေ၊ တခြားမှာ လျှောက်ကြွားနေပေမယ့် ခင်ဗျားက တကယ်တမ်း စာပေဗဟုသုတ နှံ့စပ်တဲ့လူမှ မဟုတ်ဘဲ၊ကျုပ်တို့က သတ္တ၀ါလောကကြီး တစ်ခုလုံးမှာ ပညာအတတ်ဆုံး၊ ကျမ်းဂန်နဲ့ အနီးစပ်ဆုံး ပုဂ္ဂိုလ်တွေ။ အမျိုးအမည်ဆိုတာလည်း အခိုင်အမာ အတိအကျရှိတယ်၊ ကျုပ်တို့ မျိုးရိုးရဲ့ ၀ိသေသနာမည်က လက်တင်ဘာသာနဲ့ ပေးထားတော့ ခင်ဗျား နားလည်ပါ့မလား မသိဘူး၊ Lepisma saccharina တဲ့၊ အဲဒါ မှတ်ပုံတင်ထဲမှာ ရေးထားတာ၊ အရပ်ထဲမှာ အလွယ်တကူခေါ်ကြတာ ကိုငွေငါး (Silverfish) တဲ့ဗျား၊ ခင်ဗျား မြင်တဲ့အတိုင်း ကျုပ်ကိုယ်လုံးကိုယ်ထည်က ရှည်ရှည်သွယ်သွယ် ငါးကြင်းတစ်ကောင်ပုံစံနဲ့၊ ကိုယ်ပေါ်မှာ စာရောင်ပေရောင် တပြောင်ပြောင် တလက်လက်နဲ့၊ လှုပ်ရှားသွားလာတာကလည်း ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်ဆိုတော့ ဒီနာမည်နဲ့ လိုက်တယ်ပဲ ဆိုရမှာပေါ့ဗျာ၊ ကျုပ်က အကြိုက်ကြီးမဟုတ်ပေမယ့် ငြင်းတော့ ငြင်းမနေတော့ပါဘူး"
"မင်းငြင်းတော့ရော ရမှာလားကွ၊ ဒါ မင်းတို့တစ်မျိုးလုံးကို ခြုံပြီး သိပ္ပံသမားတွေ ပေးထားတဲ့ နာမည်ပဲဟာ၊ တစ်ယောက်ချင်းကျတော့ မင်းမှာ ဘာနာမည်ရှိမှာလဲ၊ နာမည် သီးခြားပေးရအောင်ရော တစ်ကောင်နဲ့တစ်ကောင် ဘာထူးခြားမှာမို့လဲ၊ အားလုံး အမြီးနှစ်ခွနဲ့ နှုတ်ခမ်းမွေးနှစ်ချောင်း ယမ်းတမ်းယမ်းတမ်းနဲ့ အကောင်တွေ၊ ဘာမှ မကွဲပြားဘူး"
"ဟာ သွားပြီ၊ မှားပြီ၊ ခင်ဗျားတို့လူတွေ အဲဒါခက်တာပဲ၊ ကိုယ်သိတာလေးနည်းနည်းကို အလုံးစုံထင်ပြီး ငါ့စကားနွားရ စွတ်ပြောကြတယ်၊ တစ်ဖက်သားကို အထင်သေးတဲ့စိတ်ကလည်း ကြီးမာတာကိုးဗျ၊ ခင်ဗျားတို့က ကျုပ်တို့ကို အမြီးနဲ့နှုတ်ခမ်းမွေးချည်း မြင်သလို ကျုပ်တို့ကလည်း ခင်ဗျားတို့လူတွေကို အားလုံး ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး ခြေထောက်နှစ်ချောင်းကြား စအိုပေါက်ရှိတဲ့ကောင်တွေ၊ တစ်ယောက်နဲ့တစ်ယောက် ဘာမှမကွဲပြားဘူး၊ ရုပ်ရောအကျင့်ရော တစ်သဘောတည်းလို့ စွတ်ပြောရင် ရတာပေါ့ဗျာ၊ ဒါပေမယ့် မပြောပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကျုပ်တို့က သိနေတာကိုး၊ မုတ်ဆိတ်ရှည်တာချင်း တူပေမယ့် တဂိုးနဲ့ တော်စတွိုင်းဟာ ဘင်္ဂါဘီနဲ့ ရုရှား တခြားစီဆိုတာ ကျုပ်တို့စာအုပ်ပိုးအားလုံး သိတယ်၊ ခင်ဗျားတို့ချင်း အဲဒီလိုကွဲပြားသလို ကျုပ်တို့အချင်းချင်းလည်း ကွဲပြားတယ်ဗျ၊ သူ့ identity နဲ့သူ ရှိတယ်၊ နာမည်လည်းရှိတယ်၊ ကြွားတယ်မထင်နဲ့၊ ကျုပ်ဆိုရင် စကားပြောကောင်းတာ စာကြီးပေကြီးတွေ နှံ့စပ်တာ အကြောင်းပြုပြီး အသိုင်းအ၀ိုင်းက ချီးမြှောက်ထားတဲ့ နာမည်ရှိတယ်၊ ဂန္ထ၀င်မောင်ကျပန်းတဲ့၊ သည့်အပြင် ငယ်နာမည် ညိုကြီးတို့၊ ကျောင်းထားတုန်းက အိမ်ကပေးတဲ့ နာမည်တို့၊ အဲဒါမကြိုက်လို့ နောက်မှထပ်ပြောင်းတဲ့ နာမည်ပါပေါင်းရင် လေးမျိုးတောင်ရှိတယ်၊ ဟောဟိုမှာကြည့်၊ ကျုပ်တို့စကားဝိုင်းကို စိတ်ဝင်စားလို့ ဟိုဘက်က ခေါင်းပြူလာတာဆိုရင် ကျုပ်တို့အဘိုးဗျ၊ ခင်ဗျားမျက်စိထဲမှာ ကျုပ်နဲ့အတူတူ ထင်ချင်ထင်နေပေမယ့် ကျုပ်တို့ ဆွေမျိုးရင်းချာတွေရော၊ ခင်ဗျား စာအုပ်စင်ခြောက်စင်မှာ နေထိုင်ကြတဲ့ ကျုပ်တို့အမျိုးသားတွေ အားလုံးနီးပါးလောက် အဖို့တော့ အဝေးကမြင်ရုံနဲ့ သူဘယ်သူဆိုတာ ကွဲကွဲပြားပြား သိကြတယ်၊ ကျုပ်အဘိုးမို့ ပြောတာမဟုတ်ဘူး၊ အင်မတန် ဥပဓိရုပ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးဗျ၊ ကျုပ်နဲ့ တခြားစီပဲ၊ ရုပ်ရည်သာမက ရာဇ၀င်လည်းရှိတယ်၊ နာမည်က စွယ်စုံကျော်ထင်တဲ့၊ ဦးတိုးလျှိုတဲ့၊ တိုးလျှိုး မဟုတ်ဘူးနော်၊ ခင်ဗျားအပေါင်းအသင်း စာအုပ်ဟောင်း ရောင်းသမားတွေဆီက ဈေးချိုချိုနဲ့ ခင်ဗျားဝယ်လိုက်တဲ့ အင်ဆိုင်ကလိုပီးဒီးယား အဟောင်းကြီး ၂၂ တွဲကို အေကဇက်အထိ ကားဗား တူ ကားဗား တိုးလျှိုပေါက် တစ်လနဲ့ အပြီးဖောက်တာ သူပေါ့၊ ကျုပ်တို့ အယ်လဗျူတာကီစာအုပ်နဲ့ အဲဒီ အင်ဆိုင်ကလိုပီးဒီးယားက မူလကတည်းက တစ်အိမ်တည်းကလေ။ ကျောက်ကုန်းက ပင်စင်စား အဘိုးကြီးစာအုပ်တွေ သူကွယ်လွန်တော့ သားမြေးတွေက စာပေတန်ဖိုး မသိလို့ ခင်ဗျားမိတ်ဆွေတွေဆီ ပိဿာချိန်နီးပါးဈေးနဲ့ ချရောင်းလိုက်ကြတာ၊ ကျုပ်တို့အဘိုးက အဲဒီစွယ်စုံကျမ်းကို တစ်ပေါက်တည်း ဖောက်တာ မဟုတ်ဘူး၊ အခေါက်ခေါက်အပြန်ပြန် ဖန်တစ်ရာတေအောင် ဖောက်စားပြီး ကျေညက်ပြီးလို့ အခု ဒီဘက်ပြောင်းလာတာ၊ စာအုပ် တစ်အုပ်တည်းချည်း အသေစွဲစားနေလို့ မဖြစ်ဘူးလေ၊ ဖရန်စစ်ဘေကွန်က ပြောတဲ့စကား ခင်ဗျားသိပါတယ်၊ တချို့စာအုပ်တွေက မြည်းကြည့်ဖို့၊ တချို့ကို မျိုချ၊ တချို့ကျတော့ ညက်ညက်ကျေအောင်ဝါး၊ အစာချေ၊ အသွေးအသားဖြစ်အောင်လုပ် ဆိုတာလေ၊ အဲဒီစကားကို တကယ် တိတိကျကျ လိုက်နာကျင့်သုံးတာ ကျုပ်တို့ပဲရှိတယ်၊ ခင်ဗျားက တို့ကနန်းဆိတ်ကနန်း မြည်းစမ်းရုံ သက်သက်လောက်နဲ့ လူတတ် လျှောက်လုပ်နေတာ၊ လက်ဖက်ရည်ဆိုင်တွေမှာ စာပေ၀ိုင်းတွေမှာ လူအထင်ကြီးအောင် အာဘောင်အာရင်းသန်သန်နဲ့ စာရေးဆရာနာမည်တွေ၊ စာအုပ်နာမည်တွေ လျှောက်ရွတ်၊ စာအုပ်အကြောင်းမှန်ရင် ငါ မသိတာမရှိ ငါ အသိဆုံးလုပ်ပြီး ဘယ်ပုံနှိပ်ခြင်းက ဘယ်လို ဘာညာတွေ လျှောက်ပြောနေပေမယ့် အထဲကစာတွေကျ ခင်ဗျား သေသေချာချာ မဖတ်ဘူး မဟုတ်လား၊ စာအုပ်ပိုင်ရှင်တစ်ယောက် စာဘယ်လောက် ဖတ်မဖတ်ဆိုတာ ကျုပ်တို့စာအုပ်ထဲနေသူတွေ အသိဆုံးပေါ့ဗျာ၊ ခင်ဗျားအလုပ်က စာအုပ်မြင်ရင် ၀ယ်မယ်၊ စုမယ်၊ ဘယ်သူ့မှ မငှား၊ ငါ့စာအုပ်တွေ ငါ့စာအုပ်တွေဆိုပြီး ဖတ်ထားသိမ်းထားမယ်၊ ခင်ဗျားလိုလူမျိုးကို စာပေသမားမခေါ်ဘူး၊ စာဖတ်သမားလို့လည်း မပြောနိုင်ဘူး၊ စာအုပ်တွေ လျှောက်ဝယ်စုနေတဲ့ စာအုပ်စုသမားပဲ၊ စာအုပ်ရူးပဲ၊ နိုင်ငံတကာလိုပြောရင် bibliomaniac ပဲ၊ ပိုက်ဆံလည်းမရှာရ အမေ့ဆီက အလကားရနေတော့ ရူးအားကောင်းနေတာပေါ့"
"ဟေ့ကောင်၊ ဟေ့ကောင်၊ မင်းဟာက ပြောရင်းပြောရင်းနဲ့ လွန်လာပြီ၊ ငါက စာအုပ်ကို အခြောက်တိုက် ဖက်နမ်းနေတဲ့ကောင် မဟုတ်ဘူးကွ"
ကိုသင်ကာ ယောင်တောင်တောင် ငေါင်တောင်တောင် နားထောင်နေရာက ရုတ်ရက် ဂမူးရှူးထိုး ထပြောသည်။
"စာအုပ်မှာ ငါတန်ဖိုးထားတာက အခွံအကာမဟုတ်ဘူး၊ အတွင်းမှာပါတဲ့ စာထဲက အနှစ်သာရ၊ အနှစ်သာရကိုပဲ ငါထုတ်ယူတာ၊ ခံစားတာ၊ ခေါင်းထဲထည့်တာ၊ စာရေးသူရဲ့ စူးရှထက်မြက်တဲ့ အတွေးအခေါ် အယူအဆတွေ ရသမြောက်တဲ့ အရေးအသား အဖွဲ့အနွဲ့တွေအတွက် စာအုပ်ကို ငါယုယပိုက်ထွေးတာ၊ တန်ဖိုးထား သိမ်းဆည်းနေရတာ၊ မင်းလို စက္ကူအရသာ စာအုပ်အနှောင့်က ကော်အရသာလောက်သိတဲ့ အကောင်က ငါ့ကို စာအုပ်နာမည်လောက်ဖတ်ပြီး ဖြီးနေတဲ့အကောင်လိုဘာလို ပုတ်ခတ်စော်ကားပြီး မပြောနဲ့ကွ၊ ငါက စာသမား၊ တစ်သက်လုံး စာဖတ်လာတဲ့အကောင်၊ စာဖတ်တဲ့အလုပ်ကို လေးလေးစားစား လုပ်တဲ့အကောင်၊ စနစ်နဲ့ ဖတ်နေတဲ့အကောင်"
ကိုသင်ကာ အသည်းအသန် ခုခံပြောဆိုနေရသည်။ လူက ဒေါသဖြင့် ထူပူနေသည်။ ဘယ်စကားဝိုင်းမှာမှ သူသည်လောက် အပြောအဆို မခံရဘူးခဲ့။
ပိုးကောင်က အသာစီးရသူ၏ လေသံဖြင့် ဆက်၍ သြ၀ါဒခြွေနေသည်။
"ဟုတ်ပါပြီ၊ ခင်ဗျား တကယ်စာဖတ်တယ်ပဲ ထားပါတော့၊ ဒါပေမယ့် အဲဒီစာတွေဖတ်ပြီး ခင်ဗျား ဘာဖြစ်လာသလဲ၊ ကျုပ်လို ခန္ဓာကိုယ်မှာ အရောင်အ၀ါတွေ ထွက်လာသလား၊ ခင်ဗျားကိုယ်တိုင်အတွက် ဘာအကျိုးရလဒ်တွေ တိတိကျကျ ရလာသလဲ၊ မိသားစုအတွက်၊ ရပ်ကွက်အတွက်၊ မြို့ရွာအတွက်၊ တိုင်းပြည်အထိတော့ ထားလိုက်ပါ၊ ဘာအကျိုးကျေးဇူးတွေ ထွက်ပေါ်လာသလဲ၊ ပတ်ဝန်းကျင်အတွက် ခင်ဗျား ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ၊ ဘာတွေလုပ်ပေးဖို့ရော အစီအစဉ်ရှိသလဲ၊ ပြောစမ်းပါ၊ ခင်ဗျား ညာမနေနဲ့၊ ခင်ဗျားအကြောင်း ခင်ဗျားအမေလည်း သိတယ်၊ ရပ်ရွာကလည်း သိတယ်၊ အခုဆိုရင် ခင်ဗျားဘာသာလည်း နည်းနည်းတော့ သိနေပြီမဟုတ်လား၊ သိတဲ့အတွက် ခင်ဗျား အနည်းနဲ့အများတော့ အနေရခက်နေတယ် မဟုတ်လား၊ သူများကို ဖြီးလို့ရပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဖြီးလို့မရဘူး၊ အချိန်တန်ရင် အလိမ်ပေါ်တာပဲ၊ စဉ်းစားကြည့်လေ၊ ခင်ဗျားဘ၀ ဘာအဓိပ္ပါယ်ရှိသလဲ၊ လူ့ပြည်မှာ လာနေ၊ စာတွေထိုင်ဖတ်ရင်း အိုသေပြီး ပြန်သွားမယ်၊ ဆန်ကုန်မြေလေးလို့ ပြောကြတာ တခြားလူတွေမှာ သိပ်မမှန်ဘူး၊ ခင်ဗျားကျမှ သေသေချာချာ မှန်တာ"
ကိုသင်ကာ ဒေါသထွက်သထက် ထွက်လာသည်။ တခြားစာသမားတွေနှင့် ၀ိုင်းဖွဲ့သည့်အခါ အထိမိဆုံး စကားလုံးတွေ အံဝင်ခွင်ကျသုံးကာ ချက်ကျလက်ကျ ပြောတတ်သလောက် သည်ပိုးကောင်နှင့်ကျမှ အ,သလို ဖြစ်နေသည်။ စာအုပ်ပိုးကို စကားနှင့် မတုံ့ပြန်။ အသေရိုက်နိုင်ရန်သာ သူကြိုးစားသည်။ သို့သော် လက်ကဆွဲ၍ မရ။ ပိုးကောင်က အရှိန်မပျက် ဆက်၍ ပြောမြဲပြောဆဲ။
"ကျုပ်တို့က စာအုပ်ထဲနေပြီး စာအုပ်ကိုစားတဲ့ စာအုပ်ပိုးစစ်စစ်ဗျ၊ ရိုးရိုးသားသား သဘာဝအတိုင်းနေတာ၊ ဘယ်သူ့ကိုမှ လိမ်ညာမစားဘူး၊ ခင်ဗျားက စာဖတ်ချင်ယောင်ဆောင်ပြီး မအေကို ညာစားနေတဲ့လူ၊ သူများတွေလည်း ဒါမျိုး ငယ်ငယ်တုန်းက လုပ်တတ်တာ ကြားဖူးပါတယ်၊ အမေက သားရေ ဘာလေးတစ်ခု လုပ်ပေးစမ်းပါဆိုရင်၊ အမေ သား မအားဘူး၊ စာဖတ်နေတယ်၊ အဲဒါဆိုရင် အမေက မခိုင်းတော့ဘူး၊ သူ့ဘာသာ လုပ်လိုက်တယ်၊ ကလေးမှာ ကျောင်းစာက အရေးကြီးတယ်မဟုတ်လား၊ ခင်ဗျားက ကလေးတွေ အလုပ်မလုပ်ချင်တဲ့အခါ ညာတဲ့ အဲဒီနည်းမျိုးနဲ့ ကိုယ့်အမေကို တစ်သက်လုံး ညာစားနေတယ်၊ တကယ်ဆို အမေတစ်ခု သားတစ်ခု ရှိတယ်၊ ကိုယ်က တစ်ဖက်တစ်လမ်းက ကူပါလား၊ တစ်လှည့်တစ်ပြန် ကြည့်ပါလား၊ အခုတော့ မဟုတ်ဘူး၊ အမေကချည်း တကုပ်ကုပ်နဲ့ ရှာဖွေ၊ ခင်ဗျားက တစ်သက်လုံးစား၊ သုံး၊ စည်းစိမ်နဲ့နေ၊ မအေကို မညှာမတာ ခိုင်းစားနေလိုက်တာ၊ ကျုပ်တို့ အင်းဆက်လောကထဲမှာ ပုရွက်ဆိတ်တွေက ပျကောင်တွေမွေးပြီး ခိုင်းစားသလို၊ ပျကောင်တွေ ထိန်းထားပြီး ပျကိုယ်ကထွက်တဲ့ အချိုရည် အဆီအနှစ်တွေနဲ့ အာဟာရ ဖြည့်တင်းကြသလို၊ ခင်ဗျားတို့ လူတွေထဲက တချို့လူတွေ နွားမွေးပြီး နွားနို့ မှန်မှန်ညှစ်သောက်ကြသလို၊ ခင်ဗျားက အမေတစ်ယောက်မွေးထားပြီး မရှက်မကြောက် ခေါင်းပုံဖြတ်နေ သွေးစုပ်နေတာ၊ ကလေးတုန်းက ဒီအမေနို့စို့ပြီး လူဖြစ်လာတယ်၊ ကြီးလာတော့လည်း ဒီအမေကို ခိုင်းစားတုန်း၊ နို့ညှစ်သောက်တုန်း၊ သေတဲ့အထိ ခိုင်းဦးမှာ၊ ခင်ဗျားဟာ အတော်ယုတ်မာတဲ့လူပဲ၊ ခေါင်းပုံဖြတ်သမား၊ လူလူချင်း အဆီအနှစ်ထုတ်စားတဲ့ ကပ်ပါးကောင်၊ အချောင်သမား၊ အမေကို နို့စားနွားမလို အသုံးချနေတဲ့လူ၊ …."
စာအုပ်ပိုးက ဟိုအပေါက်က ထွက်ပြီး အော်လိုက်၊ သည်အပေါက်က ထွက်ပြီး အော်လိုက် လုပ်နေသည်။
ကိုသင်ကာ ချွေးသီးချွေးပေါက် ကျလာသည်။ ဒေါသက အထွတ်အထိပ် ရောက်နေပြီ၊ ခေါင်းထဲမှာ ထူပူနေသည်။ ရင်ထဲမှာ တင်းကျပ်နေသည်။ အသက်ရှူသံက တရှူးရှူး တရှဲရှဲ။
သည့်ထက် ဒေါသထွက်ရလျှင် ဒေါသနှင့်အတူ အသက်ပါ ပါသွားမည်ဟု ထင်ရသည်။
သို့သော် ဒေါသက ဖွင့်ထုတ်၍မရ။ ပိုးကောင်ကို အသေချေဖို့ သူကြိုးစားသည်။ လက်ဝါးနှင့် တအားဖိရိုက်သည်။ ရိုက်၍မရ။ ပိုးကောင်နှင့် ထိခါနီးမှာ လက်ကြီးက လေးသွားနှေးသွားသည်။ အားနှင့်ရိုက်သည်။ မထိ၊ မနာ၊ မသေ။
ပိုးကောင်က ဟိုအပေါက်က ထွက်လာလိုက်၊ သည်အပေါက်က ထွက်လာလိုက်၊ ကပ်ပါးကောင်၊ အချောင်သမား…၊ အော်လိုက်၊ ဟစ်လိုက်။
တစ်ချက်မှာတော့ လက်ကိုလှုပ်၍ ရသွားသည်။
ထိသွားပြီ။
ဗုန်းခနဲမြည်ပြီး စာအုပ်ကြီး လွတ်ကျသွားသည်။ အတွင်းက စာရွက်တချို့ ကျွတ်ထွက်ကာ အိမ်ရှေ့ဝရန်တာမှာ ပြန့်ကျဲသွားသည်။
ကိုသင်ကာ အိပ်ချင်မူးတူး ဇဝေဇ၀ါ ထလာသည်။ ရင်ထဲမှာ တဒိန်းဒိန်း ခုန်နေဆဲ။
လေမှာ ဝေ့၀ဲသွားသော စာရွက်တစ်ရွက်က ကြမ်းပေါက်ကျဲကျဲထဲ တည့်တည့်ကျကာ ခဏထိုးထိုးထောင်ထောင် ဖြစ်နေပြီးနောက် အောက်သို့ လျှောကျသွားသည်။ ကိုသင်ကာ့ မျက်စိထဲတွင် ပေါ်တူဂီတို့၏ ကာရာဗယ် ရွက်သင်္ဘောတစ်စင်း ဟော်မွတ်(ဇ်) ရေလက်ကြားထဲ ဖြတ်သန်းဝင်ရောက်သွားတာ မြင်လိုက်ရသလိုလို။
အိမ်ရှေ့က ဂျောက်ခနဲအသံကြား၍ လှည့်ကြည့်တော့ ဈေးကပြန်လာသော အမေဖြစ်နေသည်။
"အမေ နေသိပ်မကောင်းတာနဲ့ ဒီနေ့ စောစောပြန်လာခဲ့တယ်သားရေ၊ တုပ်ကွေးများ မိချင်သလား မသိဘူး"
အမေက ခြံတံခါးဖွင့်ပြီး ၀င်လာသည်။ ကိုသင်ကာ သံဆန်ခါကွက်တံခါးကို ဖွင့်ပေးတော့ အမေအိမ်ပေါ် ရောက်လာသည်။
"စာရွက်တွေလည်း ပြန့်ကျဲလို့ပါလား၊ ငါ့သားတစ်ယောက်တည်း စာဖတ်ရင်း ရန်ဖြစ်နေပြန်ပြီထင်တယ်"
ပြောပြောဆိုဆို အမေက ပလတ်စတစ်ဆွဲခြင်းကိုချကာ ပြန့်ကျဲနေသော စာရွက်တွေ လိုက်ကောက်နေသည်။
ကိုသင်ကာ ကြောင်တက်တက်နှင့် ရပ်နေရင်းက အမေ့ဆွဲခြင်းဆီ လှမ်းကြည့်မိသည့်အခါ မနက်က သူမှာလိုက်သဖြင့် အမေဈေးက ၀ယ်လာခဲ့သည့် နွားနို့တစ်ပုလင်း သူ့ကို
ခပ်တင်းတင်း ပြန်ကြည့်နေတာ မြင်လိုက်ရလေသည်။
ကြားဖူးနာဝလေးပြောခဲ့မယ်နော်.....(ချစ်သူအိမ်ကလေး)
ABSOLUTE ZERO - ပကတိသုည
ဆင်းရဲတဲ့လူ အများကြီးကို ကျွန်တော် မြင်ဖူးတယ်။ တချို့ကလည်း ခြူသံပါအောင် ညည်းတတ်ကြတယ်။ တချို့ကတော့ ခပ်မာမာပဲ။ “ဆင်းရဲသားမာန” နဲ့ပဲ ၀၀ဖြိုးဖြိုး နေထိုင်ကြတယ်။
အဆိုတစ်ခုရှိတယ်။ “လူတိုင်းဟာ မွေးကာစထက်တော့ ပိုချမ်းသာကြတယ်” တဲ့။ အဲဒါလည်း ဟုတ်တာပဲ။ လူက မွေးတုန်းက ဘာမှပါတာမှ မဟုတ်ဘဲ။ ဘာမှမရှိဘူး။ အခု အင်မတန် ဆင်းရဲနေပါတယ်ဆိုတဲ့ လူကလည်း မွေးစကထက်တော့ ချမ်းသာတယ်။ အနည်းဆုံး ခါးဝတ်တော့ရှိမယ်။ ဘာမှမရှိအောင် ဆင်းရဲတဲ့လူကို ကျွန်တော်တော့ မတွေ့ဖူးသေးဘူး။ အဲဒီလိုလူတွေကို ကျွန်တော်က “ပကတိသုည” လို့ နာမည်ပေးထားတယ်။ ဒါပေမယ့် “သုည” ဟာလည်း တကယ်တမ်း သုညပီသလာရင် ရေးပြစရာ သင်္ကေတ(၀)တောင် မရှိဘူးလေ။ အဲဒါဆိုရင် သူ့ကို ဘယ်လိုသိရမလဲ။
အဲဒီလိုမျိုးပဲပေါ့။ တကယ်ဆင်းရဲတဲ့ “ပကတိသုည” ဆင်းရဲသားကို ရှိနေရင်တောင် ကျွန်တော် တွေ့နိုင်ပါမလား။ စဉ်းစားစရာပဲ...။
ACID RAIN - အက်ဆစ်မိုး
အက်ဆစ်မိုးတွေဟာ အင်မတန် ကြောက်စရာကောင်းတယ်လို့ ကျွန်တော့်ကို တင်နင်းလာတဲ့ ဆိုက်ကားသမားက ပြောတယ်။ ဆိုက်ကားစီးနေတဲ့ ကျွန်တော်က ထီးဆောင်းထားပေမယ့် ဆိုက်ကားနင်းနေတဲ့ သူကတော့ ဘာမှ ဆောင်းမထားဘူးလေ။ “မိုးမကြောက်ဘူးလား” လို့ ကျွန်တော်ကမေးတော့ “အက်ဆစ်မိုးမှ မဟုတ်တာပဲဗျာ” လို့ သူက ပြန်ဖြေတယ်။
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ANTIMATTER - ဆန့်ကျင်ဒြပ်
လောကကြီးမှာ ဒြပ်တွေရှိသတဲ့။ သူတို့ကို တိုးဝင်တိုက်ဖျက်တဲ့ ဆန့်ကျင်ဒြပ်တွေလည်း ရှိတယ်။ သူတို့ချင်းတွေ့ရင် ကြေပျက်သွားကြတယ်။ တစ်ခုကိုတစ်ခုက ချေမှုန်းပစ်တယ်။ ဒြပ်မှုန်တစ်ခုရယ်၊ ဆန့်ကျင်ဒြပ်မှုန်တစ်ခုရယ်ဟာ ခမ်းခမ်းနားနား ၀င်းဝင်းလက်လက်နဲ့ပဲ တိုက်ဖျက်ပျောက်ကွယ်သွားကြတယ်။
အာရုံထဲမှာ မြင်ကြည့်မိတယ်။ အတော်လှမှာပဲ။ ရှက်သလိုလည်း ခံစားရတယ်။ လူတွေနဲ့ ယှဉ်တွေးမိလို့ပါ။
လူ့လောကမှာလည်း လူတွေရယ်၊ ဆန့်ကျင်လူတွေရယ် ရှိတယ်။ ဆန့်ကျင်လူတွေက ဆန့်ကျင်ဒြပ်တွေလို မဟုတ်ဘူး။ စကားတွေ လျှောက်ပြောတယ်။ ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ဘူး။ စိတ်ပျက်စရာကောင်းလှတဲ့ရုပ်၊ နာမ် အတွဲကြီးတွေပေါ့။
အဲဒီဆန့်ကျင်လူတွေဟာ အခွင့်အရေးရတာနဲ့ အချို့အချို့သော လူတွေကို ကိုက်စားဖျက်ဆီးနိုင်အောင် ကြိုးစားတယ်။ ဆန့်ကျင်ဒြပ်တွေလို ခမ်းနားဝင်းလက်စွာ တိုက်ခိုက်လာခြင်းမျိုး မဟုတ်ဘူး။ စုတ်ပြတ်မည်းမှောင်စွာ တိုက်ခိုက်တတ်ကြတယ်။
သူတို့ကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် မောင်းထုတ်လို့လည်း မရဘူး။ ဘာမှ မတတ်နိုင်ဘူး။ “လူ” ရှိနေရင် သူတို့လည်း ရှိနေမှာပဲ။ သဘာဝပဲလေ...။
ARTIFICIAL INTELLIGENCE - ဉာဏ်တု
ဟိုနေ့က မဂ္ဂဇင်းတစ်အုပ်ထဲမှာ ဖတ်လိုက်ရတယ်။ ကွန်ပျူတာတွေမှာ “ဉာဏ်တု” ကို ထည့်တော့မယ်တဲ့။ စာအုပ်ကို ဘေးချပြီး ကျွန်တော် မျက်မှောင်ကြုတ် စဉ်းစားနေမိတယ်။ ကွန်ပျူတာနဲ့ပတ်သက်မှ “ဉာဏ်တု” ရှိလာတာ မဟုတ်ပါဘူး။ လူတွေမှာလည်း အစောကြီးကတည်းက “ဉာဏ်တု” ရှိတယ်။
တချို့လူတွေမှာ ရှိတဲ့ဉာဏ်က အစစ်မဟုတ်ဘူး။ မွေးရာပါ အတုကြီး။ သူတို့ဉာဏ်နဲ့သူတို့ ဘာမှမလုပ်နိုင်ဘူး။ သူများဉာဏ်နဲ့ ဖော်ထုတ်တားတာတွေကိုပဲ အတုခိုးပြီး လိုက်လုပ်နေရတယ်။
ကွန်ပျူတာကို “ဉာဏ်တု” တပ်ပေးတာ ကောင်း,မကောင်းတော့ ကျွန်တော် မပြောနိုင်ဘူး။ လူတွေမှာ ဉာဏ်တုရှိနေတာတော့ မကောင်းဘူး။
ကျွန်တော်အကြိုက် ပုံပြင်လေးတွေပါ...
တစ်ခါက ရွာလေးတစ်ခုတွင် တရုတ်အဘိုးကြီး သားအဖနှစ်ယောက် ရှိကြသည်။ သူတို့က မြင်းမွေးသည်။ တစ်နေ့တွင်တော့ မြင်းတစ်ကောင် ပျောက်သွားသည်။ အိမ်နီးချင်းတွေက တရုတ်ကြီးကို သနားကြသည်။
"စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျား ကံဆိုးရှာတယ်"
"ဘာဖြစ်လို့ ကံဆိုးတယ် ပြောတာလဲ"
"ခင်ဗျားမှာ မြင်းတစ်ကောင် ပျောက်သွားတယ်မဟုတ်လား"
"မြင်းတစ်ကောင် ပျောက်သွားတာနဲ့ ကံဆိုးတယ်လို့ ခင်ဗျား ဘာကြောင့်ပြောနိုင်သလဲ"
ဤသို့လျှင် လုံးလည်ပတ်ချာ လိုက်နေလေတော့ အိမ်နီးချင်းတွေကလည်း ခွစာကြီးဆိုပြီးလျှင် ဆက်မပြောကြတော့။ သည်လိုနှင့် တစ်ပတ်ဆယ်ရက်လောက် ကြာလေတော့ မြင်းဆိုသည့်မှာ အဖော်ခင်တတ်သည့် သတ္တ၀ါများ ဖြစ်ကြသည့်အတိုင်း ပျောက်သွားသောမြင်း ပြန်ရောက်လာသည်။ ရောက်လာတော့ တစ်ကောင်တည်းမဟုတ်။ မြင်းရိုင်းတစ်ကောင်ပါ အပိုပါလာသေးသည်။ သည်တော့ အိမ်နီးချင်းများက -
"ခင်ဗျား ကံကောင်းတယ်ဗျာ"
"ဘာဖြစ်လို့လဲ"
"ခင်ဗျားမှာ မြင်းတစ်ကောင် တိုးလာတယ်လေ"
"မြင်းတစ်ကောင် တိုးတာနဲ့ ကံကောင်းတယ်လို့ ဘာကြောင့် ပြောတာလဲ"
ရှေးနည်းတိုင်းပင် ခွစာကြီးကို ဆက်မပြောကြတော့။ သည်လိုနှင့် နောက်ရောက်လာသော မြင်းရိုင်းကို သားဖြစ်သူက စီးကောင်းကျင့်ရာ မြင်းပေါ်က လိမ့်ကျပြီး ခြေကျိုးသွားသည်နှင့် ခြေထောက်ကလေး ထော့နင်းဖြစ်သွားရှာသည်။
အိမ်နီးချင်းတွေက စိတ်မကောင်းကြ။
"ခင်ဗျား ကံဆိုးတယ်ဗျာ"
"ဘာဖြစ်လို့လဲ"
"ခင်ဗျားမှာ ဒီသားလေး တစ်ယောက်ပဲရှိတာ။ ခြေကျိုးသွားတာကိုး"
"ကျုပ်သား ခြေကျိုးတာနဲ့ ကံဆိုးတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ"
ရှေးနည်းတိုင်း ခွစာကြီးကို ဆက်ပြီး ဘာမျှ မပြောကြတော့ချေ။ သည်လိုနှင့် တစ်နေ့တော့ ပြည်နယ်ချင်း စစ်ဖြစ်ကြရာ ပြည်နယ်ဧကရာဇ်က တစ်နယ်လုံးရှိ ရဲရင့်သန်မာသူ လူငယ်မှန်သမျှ စစ်ထဲလိုက်ရမည် အမိန့်ထုတ်ပြန် ခေါ်ငင်သွားရာ သူ့သားကလေးတစ်ယောက်သာ ခြေထောက်ထော့နင်း ဖြစ်နေသောကြောင့် ချမ်းသာရာရခဲ့သည်။
သည်တော့ အိမ်နီးချင်းတွေက - "တရုတ်ကြီး ကံကောင်းတယ်" တဲ့။
တောတစ်ခုထဲမှာ ၀ံပုလွေတွေ၊ သမင်တွေ ရှိကြတယ်။ လူတွေက သမင်တွေကို အကာအကွယ်ပေးတဲ့အနေနဲ့ မုဆိုးတွေက ၀ံပုလွေတွေကို အကုန် သုတ်သင်ပစ်ကြတယ်။
ဒီနည်းနဲ့ သမင်တွေကို ကာကွယ်နိုင်မယ်လို့ လူတွေက ထင်ခဲ့ကြတယ်။ လား... လား... အဖြစ်အပျက်က ပြောင်းပြန်ဗျို့။
နှစ်အတန်ကြာတော့ ၀ံပုလွေမရှိတော့တာကြောင့် သမင်တွေဟာ အစာစားပြီးတာနဲ့ မြက်ခင်းပေါ် လှဲအိပ်ပြီး နေပူဆာ လှုံတော့တာပေါ့။ ကောင်းကောင်း အနားယူတော့တာပေါ့။
သမင်တွေ ၀ဖီးလာတော့တာပါပဲ။ သမင်ဝတုတ်တွေ ဖြစ်လာတယ်။
အသည်း အဆီဖုံးလာတယ်။ နှလုံးရောဂါ ဖြစ်လာတယ်။ သွေးတိုးရောဂါ ဖြစ်လာတယ်။ ခန္ဓာကိုယ်မှာ ရောဂါတွေ ထွေပြားလာတယ်။
တဖြည်းဖြည်းနဲ့ အသေအပျောက် များလာတယ်။ သမင်အုပ်စုကြီးဟာ တစ်စတစ်စ သေးငယ်သွားတယ်။ မျိုးတုံးလုခမန်းပါပဲ။ ဘယ့်နှယ်လုပ်ရပါ့။
ဆရာဝန် စေလွှတ်ပြီး ဆေးကုသပေးဖို့ ဆိုပြန်တော့လည်း ဘယ်သူက ဒီသမင်တွေကို ရေရှည်သွားကုပေးနိုင်မှာလဲ။
အမျိုးမျိုး စဉ်းစားပြီးတော့မှ အကောင်းဆုံး နည်းလမ်းကို သွားတွေ့တယ်။ ၀ံပုလွေတွေကိုဝယ်ပြီး တောထဲ ပြန်လွှတ်ပေးလိုက်တယ်။
ဝံပုလွေတွေ ရောက်လာတာနဲ့ သမင်တွေကို စားတော့တာပေါ့။ သမင်တွေလည်း ပြေးရတော့တာပေါ့။ ၀ံပုလွေကလိုက်၊ သမင်ကပြေးနဲ့ ကာလတစ်ကန့်ကြာတော့ သမင်တွေရဲ့ ခန္ဓာကိုယ်တွေဟာ လေ့ကျင့်သားကျသွားတယ်။ သဘာဝလောကကြီးဟာ ဒီလိုပဲ အလွန်ကို ဆန်းကြယ်ပါတယ်။ အဲဒီလို အပြန်အလှန် ပြိုင်ဆိုင်ရင်းနဲ့ပဲ အသီးသီး တိုးတက်လာကြတာပါ။
တစ်ခါက သမီးလေးတစ်ယောက်ဟာ သူ့မိခင် ထမင်း၊ ဟင်း ချက်နေတာကို မီးဖိုထဲမှာ ကြည့်နေလေသတဲ့။ မိခင်လုပ်သူက ငါးဟင်းချက်ဖို့ ငါးရဲ့ ခေါင်းနဲ့ အမြီးကို ခုတ်ဖြတ်ပြီး အိုးထဲထည့်ချက်တယ်တဲ့။ သမီးလုပ်သူကလည်း စိတ်ဝင်တစားနဲ့
"မေမေ၊ ဘာကြောင့် အခုလို ခေါင်းနဲ့အမြီးကို ဖြတ်ပြီးချက်ရတာလဲ" လို့ မေးလိုက်တယ်။
မေးခွန်းကိုကြားရတဲ့မိခင်က "မေမေလည်း မသိပါဘူးသမီး၊ မေမေငယ်ငယ်တုန်းက မေမေရဲ့အမေ ငါးဟင်းချက်တာ ကြည့်ပြီး သူလုပ်သလို လုပ်မိတာ။ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာ မသိပါဘူး" လို့ ၀န်ခံရှာတယ်။
ဒါနဲ့ သမီးလေးက ဒါဆို...ဘွားဘွားကို သွားမေးရအောင်လို့ ပြောတယ်။ အမေလုပ်သူကလည်း ကောင်းသားပဲဆိုပြီး အဘွားရှိတဲ့အိမ်ကို သားအမိနှစ်ယောက် သွားကြတယ်တဲ့။
ဘွားဘွားဆီရောက်ပြီး သမီးငယ်လေးက "ဘွားဘွား... ဘွားဘွား... ငါးဟင်းချက်ရင် ဘာကြောင့် ခေါင်းနဲ့အမြီး ခုတ်ပြီးမှ ချက်တာလဲ" လို့ မေးတော့ အဘွားလုပ်သူက အချိန်တော်တော်ယူစဉ်းစားပြီး
"ငါလည်း မသိပါဘူး၊ ငါ့အမေ ငါးဟင်းချက်တဲ့အခါ ဒီလိုပဲလုပ်တာ မြင်ခဲ့လို့ သူ့ကိုအတုခိုးပြီး ချက်တာ" လို့ ပြောပြန်တယ်။
ဒါနဲ့ သမီးငယ်က "ဒါဆို ဘွားဘွားကြီးဆီ သွားရအောင်" ဆိုပြီး သမီးရယ်၊ အမေရယ်၊ အဘွားရယ် ဘွားဘွားကြီးဆီ သွားကြတယ်။ ဘွားဘွားကြီးဆီရောက်တော့
"ငါးဟင်းချက်တဲ့အခါ ဘာကြောင့် အမြီးနဲ့ ခေါင်းဖြတ်ပြီးမှ ချက်တာလဲ" လို့ မေးတော့ ဘွားဘွားကြီးက အတော်လေး အချိန်ယူစဉ်းစားပြီးမှ
"ငါးဟင်းချက်တဲ့အခါ သုံးတဲ့အိုးက ငယ်နေလို့ ဆံ့အောင် အခုလို အမြီးနဲ့ ခေါင်းဖြတ်တာ" လို့ ပြောလိုက်ပါသတဲ့။
ကျွန်တော်တို့တွေအနေနဲ့ တချို့ကိစ္စတွေမှာ ဘာကြောင့် လုပ်သလဲဆိုတာ ဂဃဏနမသိဘဲ လုပ်နေကြတယ်ဆိုတဲ့ သဘောကို ပေါ်လွင်စေချင်တဲ့ ပုံပြင်လေးလို့ စာရေးသူ ဆရာအောင်ထွန်းသက်က ဆိုထားပါသေးတယ်။
တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းတော်ထဲကို ၀င်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့လိုက်ရတော့ ချက်ချင်းပဲ မေးလိုက်ပါတယ်။
"အရှင်ဘုရား... ဘာများ အလိုရှိပါသလဲဘုရား"
"ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်"
"အို... အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်း မဟုတ်ဘူး။ နန်းတော် ဘုရား"
"နေပါဦး၊ မေးပါဦးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်းအရင် ဘယ်သူနေသွားသလဲ"
"တပည့်တော်အရင် တပည့်တော်အဖေ နေသွားပါတယ်ဘုရား။ အခု တပည့်တော်အဖေ မရှိတော့ပါဘူး"
"မင်းအဖေအရင်ကော ဘယ်သူနေသွားသလဲ"
"တပည့်တော်အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူးဘုရား"
"မင်းအဘိုး အရင်ကော"
"တပည့်တော် အဘေး နေသွားပါတယ်ဘုရား"
"ဒါများကွာ... နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီးထွက်သွားရပြီ၊ မင်းအဘိုးလည်း နေပြီးထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီးထွက်သွားရပြီ၊ မင်းလည်း နေပြီး ထွက်သွားရဦးမယ်၊ ဒါ...တည်းခိုခန်းမဟုတ်လို့ ဘာလဲကွာ"
ဂျပန်ဘုန်းကြီးရဲ့ စကားကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ "သြော်.... ငါဟာ တည်းခိုခန်းမှာ နေနေပါလား" ဆိုတဲ့ အသိဉာဏ်သစ်တစ်ခု လင်းကနဲ ၀င်းသွားပါတော့သတဲ့။
တစ်ခါတုန်းက နိုင်ငံတစ်ခုရှိပါတယ်။ ပျော်ရွှင်ခြင်းနိုင်ငံ (အေးချမ်းမေသီချင်း မဟုတ်ပါ) လို့ ဆိုကြပါစို့။ တစ်နေ့တော့ အဲဒီနိုင်ငံကို အခြားနိုင်ငံတစ်ခုက ဘုရင်ကြီးက ချစ်ကြည်ရေးခရီး လာရောက်ပါသတဲ့။ သာယာခြင်းနိုင်ငံက ဘုရင်ကြီးလဆိုပါတော့ဗျာ။ အဲဒီဘုရင်ကြီးဟာ ပျော်ရွှင်ခြင်းနိုင်ငံကြီး တိုးတက်ဖွံ့ဖြိုးနေတာ၊ စည်ပင်သာယာဝပြောနေတာတွေကို အရမ်းကို သဘောကျနေပါသတဲ့။ သူ့ကိုလိုက်ပြတဲ့ အထင်ကရနေရာတွေကို လည်ရင်းပတ်ရင်းနဲ့ သဘောကျနေတာပေါ့လေ။
အဲဒီလိုသဘောကျတာနဲ့အတူ သူ့စိတ်ထဲမှာ သိချင်စိတ်တစ်ခု ဖြစ်လာပါသတဲ့။ ဒီပျော်ရွှင်ခြင်းနိုင်ငံကလူတွေ ဘယ်လိုများ နေထိုင်ကြသလဲ၊ သူတို့ရဲ့ လူနေမှုအဆင့်အတန်း ဘယ်လိုရှိသလဲ၊ သူတို့ဘုရင်မင်းမြတ်အပေါ်မှာ သူတို့ဘယ်လိုသဘောထားသလဲ စသည်ဖြင့်ပေါ့လေ။ အဲဒီလိုနဲ့ သူ့ရဲ့ သိချင်စိတ်ကို မတားဆီးနိုင်တဲ့အတွက် ဘယ်သူ့ကိုမှ အဖော်မခေါ်တော့ဘဲ တိတ်တိတ်ကလေး ထွက်လာခဲ့ပါသတဲ့။
တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ရပ်ကွက်အစုံနှံ့အောင် လျှောက်ကြည့်ပါသတဲ့။ သဘောအကျကြီးလည်း ကျနေပါသတဲ့။ ဒီလိုနဲ့ တစ်နေရာရောက်တော့ ဇရပ်တစ်ခုပေါ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့ပါလေရော။ ဟုတ်ပြီပေါ့။ အဲဒီလူဆီကနေ သူသိချင်တာတွေကို စုံစမ်းမေးမြန်းရမယ်ပေါ့။ ဒါပေမယ့် ဒီအတိုင်းမမေးဘဲ ပညာရှိဆန်ဆန် မေးမယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။ သူမေးချင်တာက မဟောသဓာက အမရာကို မေးသလိုမျိုး လက်ဟန်ခြေဟန်နဲ့ ဖြစ်ပါတယ်။
ဇရပ်ပေါ်ကလူနဲ့မလှမ်းမကမ်းရောက်တဲ့အခါ သူက ပြုံးပြလိုက်ပါသတဲ့။ ဟိုလူကလည်း ပြန်ပြုံးပြပါတယ်။
ဘုရင်ကြီးက လက်တစ်ချောင်း ထောင်ပြလိုက်ပါတယ်။ အဲဒီအခါ ဇရပ်ပေါ်ကလူက လက်သုံးချောင်း ပြန်ထောင်ပြပါတယ်။ ဘုရင်ကြီး ပျော်သွားပါတယ်။ သူ့စိတ်ထဲကနေ တွေးမိပါသတဲ့။ "ငါက မင်းတို့ဘုရင်ကြီးဟာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တာလားလို့ မေးတယ်။ သူတို့ဘုရင်ဟာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်ကြောင်း သူကပြန်ဖြေတယ်" ပေါ့။
ဘုရင်ကြီးက လက်သုံးချောင်း ထပ်ပြီးထောင်ပြလိုက်ပါသတဲ့။ အဲဒီအခါ ဇရပ်ပေါ်ကလူက လက်ငါးချောင်း ပြန်ထောင်ပြပါတယ်။ ဘုရင်ကြီးလည်း ပိုပြီးပျော်သွားသတဲ့။ "ဟာ... ငါက ရတနာသုံးပါးကိုပဲ ကိုးကွယ်တာလားလို့ မေးတာကို သူတို့ဘုရင်ကြီးဟာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ပန်ဆင်ကြောင်း ပြန်ဖြေတယ်" ဆိုပြီးတော့ပေါ့။
ဇရပ်ပေါ်ကလူနဲ့မလှမ်းမကမ်းရောက်တဲ့အခါ သူက ပြုံးပြလိုက်ပါသတဲ့။ ဟိုလူကလည်း ပြန်ပြုံးပြပါတယ်။
ဘုရင်ကြီးက လက်တစ်ချောင်း ထောင်ပြလိုက်ပါတယ်။ အဲဒီအခါ ဇရပ်ပေါ်ကလူက လက်သုံးချောင်း ပြန်ထောင်ပြပါတယ်။ ဘုရင်ကြီး ပျော်သွားပါတယ်။ သူ့စိတ်ထဲကနေ တွေးမိပါသတဲ့။ "ငါက မင်းတို့ဘုရင်ကြီးဟာ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တာလားလို့ မေးတယ်။ သူတို့ဘုရင်ဟာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါးကို ကိုးကွယ်ကြောင်း သူကပြန်ဖြေတယ်" ပေါ့။
ဘုရင်ကြီးက လက်သုံးချောင်း ထပ်ပြီးထောင်ပြလိုက်ပါသတဲ့။ အဲဒီအခါ ဇရပ်ပေါ်ကလူက လက်ငါးချောင်း ပြန်ထောင်ပြပါတယ်။ ဘုရင်ကြီးလည်း ပိုပြီးပျော်သွားသတဲ့။ "ဟာ... ငါက ရတနာသုံးပါးကိုပဲ ကိုးကွယ်တာလားလို့ မေးတာကို သူတို့ဘုရင်ကြီးဟာ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုတဲ့ အနန္တော၊ အနန္တငါးပါးကို ဦးထိပ်ပန်ဆင်ကြောင်း ပြန်ဖြေတယ်" ဆိုပြီးတော့ပေါ့။
ဘုရင်ကတော်သလို ပျော်ရွှင်ခြင်းနိုင်ငံက လူတွေကလည်း ပညာရှိပါပေတယ်လို့ မှတ်ချက်ချသွားပါသတဲ့။
အဲဒီလို သာယာခြင်းနိုင်ငံက ဧည့်သည်ဘုရင်ကြီးနဲ့ ဇရပ်ပေါ်ကလူတို့ လက်ဟန်ခြေဟန်နဲ့ လုပ်နေကြတာကို မနီးမဝေးက စောင့်ကြည့်နေတဲ့လူတစ်ဦး ရှိပါသတဲ့။ ဘုရင်ကြီး ပြန်ထွက်သွားတဲ့အခါ အဲဒီလူက ဇရပ်ပေါ်ကလူကို မေးပါတယ်။
"ဟေ့ကောင်... ငမူး၊ အဲဒါဘယ်သူလဲကွ၊ ငါတို့တစ်ခါမှ မမြင်ဖူးပါဘူး။ မင်းနဲ့သိလို့လား"
"ငါလည်း မသိပါဘူး"
"ဟေ... အဲဒါဆို ဘာဖြစ်လို့ အပြန်အလှန် လက်တွေထောင်ပြနေကြတာလဲကွ"
"ဒီလိုကွာ... သူက ငါ့ကို အရက်တစ်လုံးကုန်အောင် သောက်နိုင်သလားလို့ မေးတယ်ကွ။ ငါကလည်း တစ်လုံးမဟုတ်ဘူး၊ သုံးလုံးကုန်အောင် သောက်နိုင်ကြောင်း ပြန်ဖြေတယ်ကွာ။ အဲဒီတော့ သူက သုံးလုံးပဲသောက်နိုင်တာလားဆိုပြီး ငါ့ကို စိန်ခေါ်တယ်ကွ။ ဒါနဲ့ ငါကလည်း သုံးလုံးမဟုတ်ဘူး။ ငါးလုံးအထိသောက်နိုင်ကြောင်း ပြန်ဖြေလိုက်တယ်။ အဲဒီမှာ သူအံ့သြသွားပုံရတယ်ကွ။ ပြီးတော့ ဆက်မေးတယ်။ အဲဒီလိုမျိုး အရက်ငါးလုံး ကုန်အောင်သောက်တော့ ရင်တွေမပူဘူးလားတဲ့။ ငါကလည်း ပြန်ဖြေလိုက်တယ်ဟေ့။ ရင်တွေတင်မဟုတ်ဘူး။ ကျောပါပူတယ်လို့"
တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ အမတ်ကြီးနှစ်ဦး ရှိပါသတဲ့။ တစ်ဦးက ဘုရင်ကြီးရဲ့ ဘုန်းတန်ခိုးတွေကို ဖွဲ့နွဲ့သီကျူးတဲ့နေရာမှာ အရမ်းတော်သတဲ့။ ဘုန်းတော်ဘွဲ့တွေပေါ့လေ။ ဒါကြောင့် ဘုရင်က ဆုလာဘ်တွေ ပေးသနားပြီး မြှောက်စားထားတဲ့အတွက် ဆီဦးထောပတ်တွေစားပြီး ကောင်းစားနေသတဲ့။
အခြားအမတ်တစ်ဦးကတော့ ပညာရှိပီပီ လိုအပ်မှပဲ ပြောသတဲ့။ အကြံဉာဏ်တွေကိုလည်း ဘုရင်ကြီးက တောင်းမှပဲ ပေးသတဲ့။ ဒါပေမယ့် သူပေးတဲ့ အကြံဉာဏ်တွေက ထိရောက်ကောင်းမွန်တဲ့အတွက် ဘုရင်ကြီးက သူ့ကို သိပ်သဘောမကျပေမယ့်လည်း မပစ်ပယ်ရဲဘူးတဲ့။ သူဟာ ဘုရင်ကြီးအတွက် ဘုန်းတော်ဘွဲ့မျိုး တစ်ခါမှ မစပ်ဆိုခဲ့ဘူးတဲ့အတွက် ဘုရင်ကြီးရဲ့ မြှောက်စားမှု မခံရဘဲ ဆင်းဆင်းရဲရဲနဲ့ နေရသတဲ့။
တစ်ရက်မှာတော့ ဘုန်းတော်ဘွဲ့ အရွတ်ကောင်းတဲ့ အမတ်ကြီးဟာ ပညာရှိအမတ်ရဲ့အိမ်ကို သွားရောက်လည်ပတ်ပါသတဲ့။ အဲဒီအခါ ပညာရှိအမတ်ကြီးခမြာ ငါးပိရည်၊ တို့စရာနဲ့ ထမင်းစားနေရတာကို မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိသတဲ့။ အဲဒါကြောင့် တိုက်တွန်းလိုက်ပါသတဲ့။
"ဘုန်းတော်ဘွဲ့တွေ ရွတ်ဆိုပြလိုက်စမ်းပါ။ ငါးပိရည်၊ တို့စရာနဲ့ပဲ စားနေရတဲ့ဘ၀က လွတ်မြောက်ပါလိမ့်မယ်" ပေါ့။
အဲဒီအခါ ပညာရှိအမတ်ကြီးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုတော့ -
"မိတ်ဆွေ…၊ ငါးပိရည်နဲ့ တို့စရာကို ကြိုက်နှစ်သက်ပါ။ အဲဒီအခါ ဘုရင်ကို မြှောက်ပင့်နေရတဲ့ ၀ဋ်က လွတ်ကင်းပါလိမ့်မယ်" တဲ့။
ချစ်သူအိမ်ကလေးမှ ဆက်လက်တင်ပြသွားပါမယ်နော်( [email protected])